Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main »

 

Geologist နှင့်ကရာတေး

ကျနော် ၅ တန်း ၆ တန်း နှစ်လောက်တွေက လူငယ်တွေကြားမှာ အုပ်စုလိုက်ချိန်းပြီး ရန်ဖြစ်တာတွေ အရမ်းခေတ်စားခဲ့ပါသည်။ ရန်မဖြစ်ချင်ပေမယ့်လည်း ကိုယ့်ကိုရန်လာစတာမျိုးကိုယ်လည်း သည်းမခံနိုင်ပါ။ သည်းမခံနိုင်ပါက ရန်ဖြစ်ရပါတော့မည်။ ရန်ဖြစ်ကြရင် သူများကို ဆော်နိုင်အောင် ကိုယ့်မှာလည်း ပညာတစ်ခုခုတတ်ထားရပါမည်။ ဒါကြောင့်မို့ ငယ်စဉ်က ကျနော်တို့ ကရာတေးပညာကို သင်ခဲ့ကြပါသည်။

ကျနော်တို့ကရာတေးဆရာနာမည်က… ကိုဇော်…..ရန်ကုန်ကလာသင်ပေးတာ…
သူ့ရဲ့နန်ချပ်ကူကစားကွက်များ…ခေါင်းပေါ်ကအုန်းသီးကိုခုန်ပြီးကစ်ချက်…များကကျနော်တို့ကို အရမ်းအားကျစေခဲ့ပါသည်။
သူ၏ကရာတေးကစားကွက်များကို ငယ်စဉ်က အရမ်းအထင်ကြီးခဲ့ပါသည်။ ကရာတေးသင်တန်းတက်နေသော ကျနော်တို့ကို တော်ရုံလူလာပြီး ရန်မစရဲကြတော့ပါ…..

ပြိုင်ပွဲများတွင်ကိုဇော်သည် ကရာတေးပညာတွင် ခါးပတ်နက်ရထားသူတစ်ယောက်မို့ သူ့အတွေ့အကြုံ သူ့ကစားကွက်များက အဆင့်တူ အခြားပြိုင်ဘက်များကို အလွယ်တကူအနိုင်ရလေ့ရှိပါသည်။ ထိုအချိန်က ကျနော်တို့မြို့ကလေးမှာ ကိုဇော်နှင့်လက်ရည်တူသူ ၄ ယောက် ၅ယောက်သာ ရှိပါသည်။ ထို ၄ယောက်၊၅ ယောက်ကို ကျနော်တို့ဆရာက အလွယ်တကူအနိုင်ရခဲ့သောကြောင့် ကျနော်တို့မြို့မှာ ကျနော်တို့ဆရာလောက်တော်သူ မရှိဟု ကျနော်တို့သူငယ်ချင်းတစ်စု အမြဲဂုဏ်ယူခဲ့ကြပါသည်။ ကျနော်တို့ဆရာကိုဇော်သည်လည်း သူနှင့်လက်ရည်တူတစ်ယောက်နှင့် ကောင်းကောင်းကစားချင်သည်ဟု အမြဲပြောလေ့ရှိပါသည်။ ဒီမြို့မှာတော့ သူနှင့်လက်ရည်တူသူ မရှိနိုင်တော့ပါ။ အခြားမြို့များတွင် ကျနော်တို့ဆရာနှင့်လက်ရည်တူသူရှိသော်လည်း ကရာတေးပြိုင်ပွဲကလည်းရှိအုံးမှသာ ယှဉ်ပြိုင်ခွင့် ကြုံမည်။ ကရာတေးပြိုင်ပွဲမဟုတ်ဘဲ အပျော်ကစားတာမျိုးကို ကျနော်တို့သူငယ်ချင်းများကလည်းမကြည့်ချင်ပါ…..
ပြိုင်ပွဲတစ်ခုမှာ နည်းစနစ်၊ ဒိုင်လူကြီး၊ အရန်ဒိုင်လူကြီးများပါဝင်သော ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကြမှသာ အားပေးသူအတွက်ရော……ယှဉ်ပြိုင်သူအတွက်ပါ ပို၍အားတက်သရောရှိကြပါလိမ့်မည်။

ကျနော်တို့မြို့လေးမှာတော့ကျနော်တို့ဆရာကိုဇော်…  ဗိုလ်…  ယှဉ်မဲ့သူမရှိ…..

သောင်ရင်းမြစ်သည် မြ၀တီမြို့ကလေးကို ကွေ့ဝိုက်၍စီးဆင်းနေပါသည်။ မြ၀တီမြို့တစ်ဖက်ကမ်းမှာ ထိုင်းနယ်မြေဖြစ်သော မဲတော်ရွာကလေး ရှိပါသည်။ ကျနော်မှတ်မိသရွှေ့ ငယ်စဉ်က မဲတော်ရွာကလေးမှာ မြန်မာများစွာနေထိုင်ကြပါသည်။

                  

……မဲတော်ရွာမြန်မာဘုန်းကြီးကျောင်းဝင်းအတွင်းရှိလျောင်းတော်မူ…..

ငယ်စဉ်က ကျနော်တို့သူငယ်ချင်းများ ..မဲတော်ရွာထဲမှာ သွားရောက်ဆော့ကစားလေ့ရှိခဲ့ပါသည်။ အဒေါ်တို့ကိုးကွယ်နေသော မြန်မာ ဘုန်းကြီးကျောင်းလည်း ရှိပါသည်။ နှစ်စဉ် ၀ါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းများ၊ အလှူများကိုလည်း….. ယနေ့ထိတိုင် မဲတော်ရွာထဲမှ မြန်မာ ဘုန်းကြီးကျောင်းတွင် ကျင်းပမြဲ……

သောင်ရင်းမြစ်ကို နယ်နမိတ်အဖြစ် သတ်မှတ်ပြီးနောက်မှာ မဲတော်ရွာတွင် နေထိုင်နေကြသော မြန်မာများအားလုံး ထိုင်းနိုင်ငံသား ဖြစ်ကုန်ပြီး မြ၀တီမှာ နေထိုင်နေကြသော ထိုင်းလူမျိုးများလည်း မြန်မာနိုင်ငံသား ဖြစ်ကုန်ပါသည်။ မြ၀တီတွင် နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့များတွင် ရွှေမင်းဝန်ဘုရားပွဲ ကျင်းပလေ့ရှိပါသည်။ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ဘုရားပွဲတွင် ဟောင်စီ ခေါ် မဲဖေါက်ခြင်းများ၊ အခြားကစားပွဲများနှင့်အတူ ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းလေ့ရှိပါသည်။ ထိုကြောင့် ရွှေမင်းဝန်ဘုရားပွဲနေ့များသည် အလွန်မှ စည်ကားလေ့ရှိပါသည်။ ထိုပြင် ထိုင်း-မြန်မာ ချစ်ကြည်ရေး ရိုးရာလက်ဝှေ့ပွဲများကိုလည်း နေ့ဘက်တွင် ကျင်းပလေ့ရှိပါသည်။ မြန်မာ့ လက်ဝှေ့အကျော်အမော်များသည်လည်း နှစ်စဉ်နှစ်တိုင်း ရွှေမင်းဝန်ဘုရားပွဲများတွင် ထိုင်းလက်ဝှေ့သမားများနှင့် ယှဉ်ပြိုင်ထိုးသတ်လေ့ ရှိကြပါသည်။

မကြာမီ မြ၀တီ ရွှေမင်းဝန်ဘုရားပွဲ လာပါတော့မည်။ လက်ရည်တူယှဉ်ဘက်မရှိဖြစ်နေသော ကျနော့်ဆရာ ကိုဇော် လည်း ယှဉ်ပြိုင် ထိုးသတ်ရန် စာရင်းပေးထားပါသည်။ ကျနော်တို့လူငယ်များက ကျနော်တို့ဆရာကိုဘဲ အထင်ကြီးပါသည်။ ကျနော့်ဆရာကိုယှဉ်မည့်သူမရှိ၊ ယှဉ်ကစားလဲ ကျနော်တို့ဆရာသာ အနိုင်ရမည်။

ကျနော်တို့ဆရာကိုယုံပြီးကြည်ပြီးသား…..
ဆရာကိုယ်တိုင်လဲ ထိုင်းလက်ဝှေ့ကို လေ့လာနေပြီး ယှဉ်ပြိုင်ထိုးသတ်ရမည့် ကစားကွက်များကို အထပ်ထပ်လေ့ကျင့်နေပါသည်။ ဒါပေမယ့် အချိန်တော့ သိပ်မရလိုက်ပါ။

ဒီနေ့ဆရာကိုဇော်ထိုးသတ်ရမည့်နေ့……ကျနော်တို့သူငယ်ချင်းအားလုံးစုပြီး လက်ဝှေ့ပွဲကို အစောကြီးကတည်းက ရောက်နေကြပါသည်။ ဆရာ့ကို အားပေးကြမည်။ ဒီနေ့ပွဲစဉ်မှာ ထိုင်းနှင့်မြန်မာထိုးသတ်မည့် အတွဲ ၁၀ တွဲ ရှိနေကြသည်။ ဆရာကိုဇော်ပွဲက နောက်ဆုံးပွဲ…တစ်ပွဲပြီးတစ်ပွဲ ထိုးသတ်ကြပါသည်။

တချို့ရက်များတွင် ထိုင်းနိုင်ပွဲများရှိသလို တချို့ရက်များတွင် မြန်မာနိုင်ပွဲများလည်း ရှိပါသည်။ ဘုရားပွဲက ၁၀ ရက်….
ဒီနေ့ပွဲမှာတော့ ၁၀ ပွဲရှိသည့် အနက် ၉ ပွဲကို မြန်မာလက်ဝှေ့သမားများ နိုင်နေပါပြီ… တစ်ပွဲသာကျန်ပါတော့သည်။ ကျန်သောပွဲကို ထိုးသတ်မည့်သူက ဆရာကိုဇော်….. ဗေဒင်မေးစရာပင်မလိုတော့ပါ .... ဒီနေ့မြန်မာနေ့ဖြစ်ပါတော့မည်…..ကျနော်တို့သူငယ်ချင်းအားလုံး ပျော်လွန်းလို့ …ကသူက…..ခုန်သူခုန်ဖြစ်နေကြပါပြီ….

ဆရာကိုဇော် ယှဉ်ပြိုင်ထိုးသတ်ရန် စင်ပေါ်တက်လာပါပြီ…. ဆရာနှင့်ထိုးဖက် ထိုင်းလူမျိုးလည်း ဆရာနှင့်လုံးတူထောက်တူ……ကျနော်တို့ အားလုံး ဒီရှမ်းတော့ ဘယ်ထောင့်မှာဘယ်လို ခွေသွားမလဲလို့…. စိတ်ထဲမှာမြင်ယောင်ကြည့်မိပါသည်။

ပွဲစပါပြီ….တစ်ယောက်ကိုတစ်ယောက် အလစ်အငိုက်ကို ချောင်းကြရင်း သိပ်များများမထိုးသတ်လိုက်ရဘဲ…. ပထမအချီပြီးသွားပါသည်။
ဒုတိယအချီမှာတော့ ဒီရှမ်းတော့ အလဲထိုးခံထိတော့မယ် ကျနော်တို့သူငယ်ချင်းအချင်းချင်း ပြောဆိုပြီးရီနေကြပါသည်။

ဒုတိယအချီစပါပြီ….. ထိုင်းကရဲရဲနှင့်ဝင်ထိုးသတ်သည်။ ဆရာကိုဇော် ကန်ချက်များလည်း မိုက်သည်.. တစ်ဖြောင်းဖြောင်း…ထိုင်းလက်ဝှေ့သမားသည် ဆရာ့ကန်ချက်များကို ခံနေရသော်လည်း မကြောက်မရွှံ့ ရဲရဲဝင်ပြီး ပူးသတ်နိုင်ရန် ကြိုးစားလာပါသည်။ သူသည် တော်တော်ခံနိုင်ရည်ရှိပုံရပါသည်။ မျက်နှာတစ်ခုလုံး ရောင်ကိုင်းနေသော်လည်း လုံးဝနောက်မတွန့်ဘဲ ဆက်ထိုးနေပါသည်။ ကျနော်တို့ရင်ထဲမှာ ဆရာ့ကို နဲနဲစိုးရိမ်လာပါသည်။ တစ်ချက် ဆရာနှင့်ထိုင်း ပူးမိသည့်အခိုက်မှာတော့ ထိုင်းလက်ဝှေ့သမားကသမားက ဆရာ့ကို ကြမ်းပြင်ပေါ်သို့ လှဲချလိုက်ပါသည်။ ကြမ်းပြင်ပေါ်ကျသည့်အရှိန်နှင့် ဆရာနည်းနည်းမူးသွားပုံရပါသည်။ ထိုနောက် ဆရာကန်ချက်များ မထိရောက်တော့သလို အားလဲပျော့သွားပါသည်။

တတိယအချီမှာ ဆရာထိုးသတ်ပုံသည် ကရာတေးဆရာနှင့်ပင်မတူတော့ပါ။
လက်သီးထိုးတာနှင့်မတူတော့ပါ…ရေကူးတာနှင့်တူနေပါသည်။
ဆရာ့ကန်ချက်များလည်း အားပျော့နေပါပြီ… ဆရာ့ကို ထိုင်းလက်ဝှေ့သမားသည် ပူးကပ်ပြီး ကြမ်းပေါ် နှစ်ခါလောက် ဆွဲချလိုက်ပြီး နောက်မှာတော့…. သူ့ကစားကွက်ထဲရောက်သွားပါသည်။ သူ့ရဲ့ခြေထောက်ကန်ချက်တစ်ချက်က ဆရာကိုဇော်ကို ကြမ်းပြင်ပေါ်မှောက်စေခဲ့ပါသည်။

သွားပါပြီ……..ကျနော်တို့ဆရာ…ရှုံးသွားပါပြီ…
ဒီနောက်ဆုံးပွဲကို တစ်မြို့လုံးက ဆရာနိုင်မည်ဟု ထင်ထားကြပါသည်။
တစ်မြို့လုံးအားပေးသူများစိတ်ပျက်သွားကြသလို……
ကျနော်တို့အားလုံးလည်း စိတ်ဓါတ်တော်တော်ကျသွားပါသည်။
တစ်မြို့လုံးကလည်း ဒီနေ့မြန်မာနေ့လို့အားခဲထားကြပါသည်။
ပွဲပြီးသွားတော့ ဆရာနှင့်ယှဉ်ဖက် ထိုင်းလက်ဝှေ့သမားသည် ကြေးစားမဟုတ်ဘဲ…ဆိုက်ကားသမား အပျော်တမ်း ထိုးသတ်တာလို့ ကြားရသည့် အခိုက်မှာတော့….
ကျနော်တို့စိတ်ဓါတ်တွေအောက်ရောက်ကုန်ပါတော့သည်။

တစ်မြို့လုံးက ဆရာ့ကို အပြစ်ပြောသံတွေ မကြားချင်ဘဲကြားနေရပါသည်။
ဆိုက်ကားသမားကိုတောင် နိုင်အောင်မထိုးနိုင်တဲ့ ကရာတေးဆရာ……..
ရွှေမင်းဝန်ဘုရားပွဲအပြီးမှာတော့ ကျနော့်တို့သူငယ်ချင်းအားလုံး ဆရာ့ဆီမရောက်ဖြစ်တော့ပါ။ စိတ်ထဲမှာလည်း ဆရာနှင့် မျက်နှာချင်း မဆိုင်ချင်တော့ပါ…လက်ဝှေ့ပွဲမှာရှုံးသွားလို့ အထင်သေးသွားတာလား…စိတ်ထဲမှာထင်သလိုဖြစ်မလာလို့ အထင်မကြီးတော့တာလား…
စိတ်ထဲမှာဝေခွဲမတတ်တော့ပါ…. ဆရာ့ကရာတေးပညာကိုလည်း ဆက်မသင်ဖြစ်တော့ပါ….

နှစ်စဉ်နှစ်တိုင်း ရွှေမင်းဝန်ဘုရားပွဲက တပေါင်းလရောက်ရင် အစဉ်အလာမပျက်ကျင်းပမြဲ….
ရွှေမင်းဝန်ဘုရားပွဲကိုမြင်တိုင်း ငယ်စဉ်ကအကြောင်းတွေကို ပြန်သတိရမိပါသည်။ ကျနော်တို့၏ ကရာတေးဆရာ ကိုဇော်ကိုလည်း သတိရမိပါသည်။ ငယ်စဉ်ကဖြစ်ပေါ်ခဲ့သော ကိုယ့်စိတ်အခြေအနေကိုလည်း ပြန်ဆန်းစစ်ကြည့်မိပါသည်။ ကိုယ်အထင်ကြီးသောဆရာ ရှုံးသွား၍ အထင်သေးသွားတာလဲ ဖြစ်နိုင်သည်။ တစ်မြို့လုံး၏ ပြောစကားများကို မခံနိုင်တာကြောင့်လဲ ဆရာ့ဆီကို မသွားတာလဲ ဖြစ်နိုင်ပါသည်။

“ဆိုက်ကားသမားကိုတောင် နိုင်အောင် မထိုးနိုင်တဲ့ ကရာတေးဆရာဆီမှာ မင်းတို့ဘာသွားသင်ကြမလို့လဲ…….အရှုံးပေးတဲ့ပညာ သွားသင်ကြမလို့လား…”…. ထိုပြောသောစကားများသည်ကျနော်တို့ရင်ကိုအောင့်စေခဲ့ပါသည်။

တစ်ကယ်တော့ မြန်မာ့လက်ဝှေ့ပညာနှင့် ဂျပန်ကရာတေးပညာသည် နည်းစနစ်၊ လေ့ကျင့်မှု၊ ယှဉ်ပြိုင်မှုများသည် တစ်ခုနှင့်တစ်ခု မတူညီကြပါ။ လုံးဝကွဲပြားနေပါသည်။ ကျနော်တို့ဆရာသည်လည်း ကရာတေးလောကတွင် ယှဉ်ဘက်မရှိ၍ ကိုယ့်ကိုကိုယ့် အထင်ကြီးပြီး ကိုယ်မကျွမ်းကျင်သော မြန်မာ့လက်ဝှေ့ကို ၀င်ထိုးသတ်ခဲ့သည်။ နည်းစနစ်၊ လေ့ကျင့်မှု၊ ယှဉ်ပြိုင်မှုတွေ မတူညီသောကြောင့် ရိုးရာလက်ဝှေ့မှာ ရှုံးခဲ့ရပါသည်။ တစ်ကယ်တော့ ဆရာကိုဇော်လဲ ရိုးရာလက်ဝှေ့ပွဲမှာ ၀င်မထိုးသင့်ပါ…..
နိုင်ခဲ့လျှင်လည်း ကရာတေးဆရာမို့လို့ နိုင်တယ် ဆိုပြီး လူတွေပြောကြမယ်….
ကဲ….အခုရှုံးတော့….ကရာတေးဆရာဖြစ်ပြီး ဆိုက်ကားသမားကိုတောင် နိုင်အောင်မထိုးနိုင်ဘူးလို့ ပြောကြပြန်ရော….

လူတိုင်းမှာ ကျွမ်းကျင်ရာနယ်ပယ်တွေရှိကြပါသည်။ ငါ ဒီနယ်ပယ်မှာ ဆရာကြီးဆိုပြီး ကိုယ်မကျွမ်းသော အခြားနယ်ပယ်မှာ ဆရာသွားလုပ်၍ မရပါ… သွားမလုပ်သင့်ပါ….….ကရာတေးဆရာ ကိုဇော် ကျနော်တို့ကို နမူနာပြခဲ့ပါပြီ……..
 

 
 
                
 
 
                

ADVERTISEMENT

Partner Links


http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများကို ကြည့်ရန်....

Advertisement Enquiry

                


                        HP : 09 5031741
                        


e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

© Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit