|
ဒဂုံဆောင်နှင့်ဖျတ်ခနဲရုပ်ပုံလွှာများ
1980 မှာ ဘူမိဗေဒအဓိကဘာသာတွဲနှင့် တက္ကသိုလ်ဝင်ခွင့်ရလို့
ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် (RASU) မှာ တတိယနှစ်အဖြစ်
စတက်ရပါတယ်… ကျနော်တို့နှစ်က ဒေသကောလိပ်ခံနေလို့ တတိယနှစ်မှ
တက္ကသိုလ်တွေ တက်ခွင့်ရတာမို့ ရန်ကုန်မှာနေထိုင်ဘို့ ကြိုးစားတော့
ဒဂုံဆောင်မှာ စတင်နေခွင့်ရပါတယ်…
ဒဂုံဆောင်ဆိုတာ ဟိုးအရင်ခေတ်က (Bentan Hall) ဘင်တန်ဟော လို့
ခေါ်ခဲ့ကြောင်း ကြားဖူးပါသည်။ မောင်နှမဆောင်အဖြစ်က
သီရိဆောင်လို့သိရပါသည်။ (မှားရင်ပြင်ပေးပါ)
ကျနော် တတိယနှစ်တက်တော့ ဒဂုံဆောင်အဆောင်မှူးမှာ ကျနော်တို့ဘူမိဗေဒက
ဆရာဦးမေတ္တာဖြစ်ပါသည် ။ ယခင်နှစ် အဆောင်မှူးကတော့
ဦးမျိုးမင်းလို့သိရပါတယ်...
ဒဂုံဆောင်ဟာ ဟိုး… အင်္ဂလိပ်ခေတ်ကတည်ခဲ့တဲ့အတိုင်း
အုတ်ကွက်ပုံစံဖေါ်ထားပြီး ဆေးနီတွေသုတ်ထားလို့
တစ်ဆောင်လုံးဟာ……အဆောင်ရှေ့မြေကွက်လပ်ထောင့်က စိန်ပန်းပွင့်နှင့်
အနီချင်းပြိုင်နေသလိုဘဲ…ကျနော်တို့နေခဲ့တဲ့ ဒဂုံဆောင်မှာ
အဆောင်မှူးအပြင် ဟောလ်ကျူတာလို့ခေါ်တဲ့ အဆောင်နှင့်ပတ်သက်တဲ့
စီမံခန့်ခွဲပေးမှု တာဝန်ယူထားတဲ့ ဆရာတွေလည်း ရှိသေးသဗျ.....
သူတို့ကတော့ ဦးရေချမ်း (ရုက္ခဗေဒ)၊ ဦးသောင်းရှိန် (သင်္ချာ)၊
ဦးမြင့်သိန်း (သင်္ချာ) တို့ဖြစ်ကြပါတယ်။ ဆရာဦးသောင်းရှိန်က
အဆောင်ကြေးနှင့် ပတ်သက်ပြီး တာဝန်ယူတယ် ထင်ပါရဲ့ .. အဆောင်ကြေးတွေ
သူ့ဆီမှာဘဲ သွင်းရပါတယ်။ အဲဒီတုန်းက ၁၂၅ ကျပ် (မမှတ်မိတော့ဘူးဗျာ)သွင်းရပါတယ်။
အဆောင်က သုံးထပ်ဆောင်ဖြစ်ပြီး အပေါ်ဆုံးညာဘက်ထောင့်မှာ ဆရာဦးမေတ္တာ
မိသားစုနှင့်အတူနေပါတယ်။ ဒုတိယထပ် ညာစွန်မှာတော့
ဆရာဦးမြင့်သိန်း.နေပြီး ဘယ်အစွန်ခန်းမှာ ဦးသောင်းရှိန် နေပါတယ်။
အောက်ဆုံးထပ် ဘယ်အစွန်မှာတော့ ဆရာဦးရေချမ်းက နေပါတယ်။
စတုတ္ထနှစ် (နောက်ဆုံးနှစ်) 1981 မှာ
မြန်မာနိုင်ငံပြန်ကြားရေးဏ္ဍသစ်ဖွင့်တဲ့အနေနှင့်
ရောင်စုံရုပ်မြင်သံကြားတွေကို တက္ကသိုလ် အဆောင်တွေမှာ
ထားပေးလာပါသည်။ ဒီလိုနှင့်ကျနော်တို့အဆောင်သားတွေအားလုံး ည 7း00
နာရီဆိုရင် TV ရှိရာ အဆောင် အောက်ဆုံးထပ် ဧည့်ခန်း(ပါလာ)မှာ
စုဝေးလေ့ရှိကြပါသည်။ အထူးသဖြင့် သောကြာနေ့ထင်ပါရဲ့ Jame Last
သံစုံတီးဝိုင်း Show တွေ လွင့်ပေးလေ့ရှိပါတယ်။
ကျောင်းသားတော်တော်များများ Crazy ဖြစ်ကြပါသည်။ Jame Last
နဲ့အတူအဲဒီခေတ်က နာမည်ကြီး ABBA အဖွဲ့လည်း ဖျော်ဖြေတာမို့ အတော်
ကြည့်ကောင်းပါသည်။
ကျနော်တို့ နောက်ဆုံးနှစ်ကျောင်းသားတွေက အဆောင်မှာ
အကြီးဆုံး(အကိုကြီး) ဖြစ်ပြီး တတိယနှစ်ညီငယ်တွေနှင့် တမိုးအောက်ထဲ
အတူနေရပါတယ်. အခန်းကတော့ (များသောအားဖြင့်) ဖိုင်နယ်ရောက်မှ
Single ခန်းရပြီး တတိယနှစ်က Double နေရပါသည်။
ကျနော်တို့ ဒဂုံဆောင်မှာလာနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိပါသေးတယ်။
ဒဂုံဆောင်ဟာ..သူ့ဘာသာနှင့်မဆိုင်….လုပ်ငန်းတာဝန်နှင့်
မဆိုင်သော်လည်း…ဟောလ်ကျူတာ ဆရာဦးမြင့်သိန်းနှင့်ခင်နေလို့
ဆရာနှင့်အတူနေပြီး ကျောင်း(M.sc)လာတက်တဲ့ မန္တလေးသားတစ်ဦး ရှိပါသည်။
သူ့အရပ်က…ကလန်ကလားလို့ဆိုရလောက်အောင်မြင့်ပါသည်။ ဒါပေမယ့် အောက်က
စစ်ဘောင်းဘီအတို၊ စွပ်ကျယ် လက်ပြတ်… ရင်ဘတ်မှာ
ရီမြင့်ရုပ်ရှင်ကုမ္ပဏီဆိုတာကြီး ၀တ်ပြီး…..ဟိုလျှောက်ဒီလျှောက်နဲ့
ရေခွက်ထဲဆပ်ပြာခွက်ထည့်ပြီး အောက်ထပ်ဆင်း ရေချိုးလေ့ရှိတဲ့အချိန်
အမြဲဆုံနေရပါသည်။ စကားပြောရင် အသံသြသြနှင့် နှုတ်ခမ်းပြဲပြဲကြားက
တံတွေးယိုကျမတတ် စကားပြောပါတယ်။ (သူကတော့ ယခုအခါ
အကယ်ဒမီစင်ရော်မောင်မောင်လို့ လူသိများနေတဲ့ ဒါရိုက်တာဖြစ်ပါတယ်)
ကျနော်တို့သိတာက သင်္ချာက ကိုလင်းအောင်ဘဲဖြစ်ပါတယ်……
ဆရာဦးမြင့်သိန်းနှင့်ပတ်သက်လို့ ရယ်စရာတစ်ခု မှတ်မိနေပါတယ် (ဆရာအား
အဂါရ၀..သဘောမျိုးရေးသားခြင်းမဟုတ်ပါ)ဆရာက အဲဒီခေတ်လူငယ်အတိုင်း
ဆံပင်ရှည်ထားပါတယ်။ သို့သော် သူ့ဆံပင်ရှည်အောက်နားက
ဂုတ်ဘက်ကနေပါးဘက်ကို ပြန်ကော့တော့ အမျိုးသမီးတွေ အဲဒီခေတ်က
ရုပ်ရှင်မင်းသမီးအချို့ (ဥပမာ တင်တင်ညို) တို့ခေတ် တောသူမအဖြစ်
သရုပ်ဆောင်ရင် အဲဒီဆံပင်ကို နားအောက်ကနေ ရှေ့မျက်နှာဘက်
ကော့ထားတဲ့ပုံစံနှင့် တူနေပါတယ်….ခန္ဓာကိုယ်က မဆိုစလောက်လေး ၀ပြီး
အပြုမူက အနည်းငယ် နှေးကွေးပါတယ်။ ဒီကြားထဲ ဆရာ့လေသံက
ညင်သာပျော့ပျောင်းတော့ မသိသူများက တစ်မျိုးထင်ကြပါသည်။
တစ်နေ့မှာပေါ့ဗျာ…. Jame last တီးဝိုင်းလာမယ့်နေ့မို့လို့ TV
ရှေ့မှာထိုင်ခုံဦးထားပြီး…. ကျနော်က ၀ိရိယရှိစွာနှင့်
ဆရာဦးမြင့်သိန်းကို မျှော်နေပါသည်။ ကြည့်ချင်ကြတဲ့သူတွေအချို့လဲ
ပါလာမှာ ရုတ်ရုတ်နှင့်ပေါ့ဗျာ……ဆရာဦးမြင့်သိန်းက TV ထည့်ထားတဲ့ TV
stand သော့ကိုကိုင်သူဆိုတော့ သူလာရင်ကြည့်ရတော့မယ်ဆိုပြီး
မျှော်နေမိပါသည်။ မျှော်နေတုန်းမှာဘဲ ဆရာဦးမြင့်သိန်းရောက်လာပြီး
သော့အဖွင့်…..ပါးစပ်အဟောင်းသားနှင့် အံ့သြတကြီး
ပြောလိုက်သောအသံကို ဒီလိုကြားလိုက်ရပါသည်။
“.ဟဲ…တော့ …..TV မရှိတော့ဘူး…”
ဟုတ်ပါတယ်….. ကြုံတောင့်ကြုံခဲ ဖြစ်တောင့်ဖြစ်ခဲ
တက္ကသိုလ်များနှင့်အဆောင်များသမိုင်းမှာ ရောင်စုံ TV အခိုးခံရတာ
ဒဂုံဆောင်ပါဘဲဗျား… နောက်ဆုံးသိရတာကတော့ TV သူခိုးတွေက အဆောင်ဒရ၀မ်
ကိုတင်ကြည်ရဲ့တူနှင့် ပူးပေါင်းပြီး
ခိုးထုတ်သွားသတဲ့…..ဒါနဲ့နှစ်ရက်လောက်နေတော့ အလည်လွန်တဲ့ TV က
ရန်ကုန်ဘူတာကြီးကနေ ဒဂုံဆောင်ပြန်ရောက်လာပါတယ်။
ဒါပေမယ့် အဆင့်တော့မြင့်သွားသဗျ…..အောက်ထပ်မှာ မစံရတော့ဘဲ
ဆရာဦးမေတ္တာ တို့နေတဲ့အခန်းထဲမှာ စံမြန်းရတော့တာပါဘဲ… ဒီလိုနှင့် TV
ချစ်သူများ ဆရာဦးမေတ္တာ အခန်းဆီသွားရပါတော့သည်။ အဲဒီမှာ ဧရာဝတီက
ပုသိမ်သားလေး နေမျိုးအောင်က စာကလေးကို အရမ်းသဘောကျပြီး
ခင်သွားပါသည်။ ဖြစ်ပုံက ဝေါကနေကျောင်းလာတက်တဲ့ ကိုသိန်းဝင်း (ယခု
ခရိုင်မှူး၊ လ၀က သထုံခရိုင်) က TV ပေါ်မှာ အလင်းပြန်နေတဲ့
မီးလုံးကို ပိတ်လိုက်ဖွင့်လိုက် လုပ်နေပါတယ်…..တစ်ခြားသူတွေက
ပြောချင်ပေမယ့်လဲ ပုဂ္ဂိုလ်ရေးအရ
အားနာတာလည်းပါတယ်…..ဆရာကိုယ်တိုင်လဲ မပြောတော့
ခပ်မဆိတ်နေကြတာပေါ့…. TV အစီအစဉ်မှာ ကြားဖြတ်ကြော်ငြာနဲ့
ပေါ်လစီဆိုင်ရာ ဆောင်ပုဒ်တွေပြနေတဲ့အချိန်….
စာကလေးကထပြီး……“ရေကိုမူလချွေတာကြ၊ လျှပ်စစ်ကိုလည်းချွေတာပြီး၊
လောင်စာကိုပါချွေတာပါ…”…..လို့ အများကြားအောင် ဖတ်လိုက်ပါသည်။
ကိုသိန်းဝင်းမျက်နှာ မဲကနည်းဖြစ်သွားတယ်….. နေမျိုးအောင်ကတော့
မပြုံးဘဲ ၀ါးလုံးကွဲရယ်လိုက်သမှ….၀က်ဝက်ကွဲ…….
ဆရာဦးသောင်းရှိန်ကတော့ ၀၀ဖိုင့်ဖိုင့်ပုဂ္ဂိုလ်ဗျား… သူဆီကို
အဆောင်ကြေးသွားသွင်းရင် တစ်ယောက်ထည်းမသွားရဲဘူး အကြောတက်လေ့ရှိလို့
မကြာခဏ အနှိပ်ခိုင်းတတ်တယ်…. ၀ပေမယ့် ကြွက်သားတွေတင်းလေ့ရှိတဲ့
ဂုတ်၊ နောက်ကြော…. တောက်လျှောက် နှိပ်ရတာ တစ်ယောက်တည်းဆို ချွေး
ပြန်ပါတယ်……ဆရာကဒီကြားထဲ သူ့ခြေဖမိုးက နှင်းခူကို ဆေးထည့်ရင်
ကူခိုင်း တတ်တော့ အခြားသူတစ်ယောက်ကို ခေါ်ပြီးမှ သွားလေ့ရှိပါသည်။
ကွမ်းစားတဲ့ပါးစပ်နှင့် အသံဗြဲကြီးနှင့် အော်တတ်ပါသည်.
ဒဂုံဆောင်မှာ တနှစ်တစ်ခါ ၀ါဆိုသင်္ကန်းကပ်လေ့ရှိပါသည်။ အဲဒီအခါ
ကမာရွတ်မြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းကို ပင့်လေ့
ရှိပါသည်။ ကျနော်တို့ ဒဂုံဆောင်အဆောင်မှူးဦးမေတ္တာဟာ အနေအေးပါတယ်….
နဖူးပြောင်ပါတယ်… ဆရာ့ဇနီး ကတော့ ခရစ်ယာန်ပါ…. ဦးရေချမ်းလည်း
အေးပါတယ်…ဆရာဦးမေတ္တာနီးပါး မျက်နှာဧရိယာ ကျယ်ပါတယ် နှစ်ဦးစလုံး
ကျောင်းသားတွေကို မိဖသဖွယ် စောင့်ရှောက်ပါသည်။ ၀ါဆိုသင်္ကန်းကပ်ပြီး
ရေစက်ချဘို့တိုင်ပေးရင်း အဆောင်မှူးတွေရဲ့အမည်ကို ဆရာတော်က
မေးပါသည်။ အဲဒီအချိန် ဆရာဦးသောင်းရှိန်နှင့် ဦးမြင့်သိန်း
မရှိပါဘူး… ဒါနဲ့ရှိတဲ့ဆရာနှစ်ယောက်ကဘဲ
ဆရာတော်ကိုပြန်လျှောက်ပါတယ်….. ဆရာ့အမည်တွေကိုသိရတော့
ဆရာတော်အမိန့်ရှိပုံက
“အိမ်း…..ဒီအဆောင်က အေးချမ်းမဲ့ နိမိတ်ပါဘဲ…..
ကဲ..ကဲ…မေတ္တာရေချမ်းသွန်းလောင်းကြတာပေါ့ကွယ်…”.
…ဒဂုံဆောင်အားလွမ်းလျှက်…….
*သစ်ပုတ်ပင်အောက်……….
ဝင်ရောက်နားစဉ် ဘွဲ့နှင်းသဘင်သည်……
ပြုံးရွှင်သယောင်နှင့် ခန့်ညားလျှက်ပင်…….။
*စိန်ပန်းနှစ်ကြိမ်
ထိန်ထိန်နီရဲ ၀တ်ရုံလဲစဉ်….
လျှင်မြန်ပြေးလွှား ဒဂုံ နားမှာ……
ဒို့များပျော်ရွှင်နေခဲ့သေး……….။
*ခဏဆိုတာ….မကြာပါဘူး…….
ရူးမူးရွှင်ပျော်အော်ဟစ်ပြောင်နောက်…….
အောင်ရုံလောက်ဖြေ ငွေတွေညာတောင်း……..
အချိန်ကောင်းများ ကျောခိုင်းထားလျှက်……
တက္ကသီလာ မြကျွန်းသာဟူ….
မူလအဓိပ္ပါယ်နားမလည်ခဲ့……။
*အချိန်ကြာညောင်း ရာသီပြောင်းလျှက်……..
ကျောင်းကထွက်မှဂီတအနု…..
သုခုမစုံ ပြေးခုန်ကစား…….
ရောင်စုံငါးစွင့်…..
ဖူးပွင့်စည်ဝေ တက္ကမြေ၏ ………
ဇာတိအမည် ငါနားလည်ခဲ့……
လွမ်းဖွဲ့ဝေးကျန်ရစ်ပြီတကား………။
မိုးသောက်ကြယ်
(ယခုအခါ ဆရာဦးရေချမ်းမှာ တွဲဘက်မော်ကွန်းထိန်း၊
တောင်ကြီးတက္ကသိုလ်မှ ပင်စင်ယူသွားပြီး ဖြစ်ပါသည်။
ဆရာဦးသောင်းရှိန်မှာလည်း သင်္ချာပါမောက္ခအဖြစ်မှ ပင်စင်ယူထားသည်မှာ ၂
နှစ်ခန့်ရှိပြီး စမ်းချောင်းမြို့နယ်တွင် နေထိုင်လျှက်ရှိပါသည်။
ဖုန်း နံပါတ်501427 ဖြစ်ပါသည်။
ဆရာဦးမြင့်သိန်းမှာ ဒေါက်တာမြင့်သိန်းဖြစ်လျှက် ရန်ကုန်တက္ကသိုလ်၌
ရှိနေပါသည်။ ဆက်သွယ်ရန် ဖုန်းနံပတ်မှာ 539219(Res) ဖြစ်ပါသည်။
ဆရာဦးမေတ္တာကိုဆက်သွယ်ရန်မှာ 548017 ဖြစ်ပါသည်။ )
မှတ်ချက်။ ။1981 အထိ
ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ဖြစ်ပြီးနောက်ပိုင်း
ရန်ကုန်တက္ကသိုလ်ဟူ၍သာ ပြောင်းလဲခေါ်ဝေါ်လာကြပါသည်။
(သမိုင်းတင်ချင်သူများအတွက်)
|