|
အလွမ်း
ခေါင်းစဉ်ကအလွမ်းဖြစ်၍အောက်ဖေါ်ပြမည့်အကြောင်းအရာမှာအတော်လေးကြေကွဲဖွယ်ဖြစ်ပါသည်….
ကျနော်တို့နောက်ဆုံးနှစ်တွင်ယခင်ထုံးစံများအတိုင်းအဆောင်
နှုတ်ဆက်ပွဲအခမ်းအနားလုပ်ရန်ကိစ္စပေါ်လာပါသည်။
သို့ဖြစ်၍ ဒဂုံဆောင်၌ နောင်တော်ကြီးများဖြစ်သော
ကျနော်တို့နောက်ဆုံးနှစ်က ကမကထပြုလှုပ်ရှားရပါသည်။
တတိယနှစ်ညီငယ်များထဲမှ ဆိုချင်သူများ ဖိုင်နယ်မှ
ရင်ဖွင့်ချင်သူများစာရင်းကောက်ရပါသည်။
တီးဝိုင်းကို LPJ, Aces, E-machine စသည်ဖြင့်
အငြင်းပွားကြရာနောက်ဆုံးမှာ Play Boy တီးဝိုင်းနှင့်ချိတ်မိပါသည်။
ထိုသို့ချိတ်မိသည်မှာ ဟောကျူတာဆရာ ဦးမြင့်သိန်း(သင်္ချာ)ကြောင့်
ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်သည် Play boy မှ
တော်မီကျော်နိုင်နှင့်ခင်သဖြင့် ထိုသူမှတစ်ဆင့်
ချိတ်မိခြင်းဖြစ်ပါသည်။
သို့ဖြစ်၍ ကျနော်အပါအ၀င် သီချင်းတိုက်ရန်ပုဂ္ဂိုလ်များ
အင်းလျားလမ်းရှိ play boy သန်းနိုင်နှင့်ပုလဲတို့အိမ်သို့ Class
အားသည်နှင့် သီချင်းသွားတိုက်ကြပါသည်။ ဆိုချင်သောသီချင်းများကို
ဆိုပြလိုက်လျှင် ကြည်ဝင်းသောင်းနှင့်တော်မီကျော်နိုင်က
ဂီတာတစ်လက်နှင့် Cord မှတ်၍ note ထုတ်ကြပါသည်။ Play boy အဖွဲ့မှာ
နာမည်ကြီးများဖြစ်၍ သီချင်းတိုက်ပေးသောအခါ တော်ရုံတန်ရုံရလျှင်
တော်လိုက်ကြပါသည်။ ကျနော်တို့အတွက်အချိန်သိပ်မပေးနိုင်ပါ၊
သီချင်းတိုက်သူကျောင်းသားအချို့မှာ သီချင်းနှင့်မစိမ်းသဖြင့်
သီချင်းတိုက်ရလွယ်ပါသည်။ အချို့သာလျှင်
ကိုယ်တိုင်စိတ်တိုင်းမကျသဖြင့် အောင့်သက်သက်နှင့်
အဆောင်ပြန်လာရပါသည်။ ထိုသူများထဲတွင် တင်ဝင်းတစ်ယောက်လည်း
အပါဝင်ဖြစ်ပါသည်။ တင်ဝင်းမှာ ၄င်းကိုယ်တိုင် စိတ်မတိုင်းကျသဖြင့်
အဆောင်ပြန်ရောက်လျှင် စာကလေးကို ဂီတာတီးခိုင်းပြီး
ပြန်ကျင့်လေ့ရှိပါသည်။ စာကလေးကလည်း
ဂီတာကိုအတော်အတန်တီးခေါက်မိသဖြင့် သီချင်းကို (Intro)ကအစ
တီးပြပြီးဝင်ရမည့် beat ကိုသေချာစွာပြပေးပါသည်။ သို့ဖြစ်၍ ၄၊၅ ရက်
ကြာသော် တင်ဝင်းမှာ Tinning တော်တော်ကိုဟုတ်နေပြီဖြစ်ပါသည်။
အများမျှော်လင့်နေသော အဆောင်နှုတ်ဆက်ပွဲကား ယနေ့စလေပြီတည်း…..
ဒဂုံဆောင်နှုတ်ဆက်ပွဲကို RC ထဲတွင်ပြုလုပ်ပါသည်။ အပေါ်ဘက်၌
အခြားအဆောင်မှ ဂီတချစ်သူများလာကြည့်ကြပါသည်။ စာကလေးမှာ
မူလကသီချင်းဆိုဘို့အစီအစဉ်ရှိသော်လည်း စင်မြင့်ကိုကြောက်သဖြင့်
မဆိုတော့ပါ။ သို့ဖြစ်၍ သူနှင့်ကိုဂျစ်မှာ
ပြောက်ကျားဘောင်းဘီရှည်ကိုယ်စီနှင့် လမ်းသလားရှိုးထုတ်နေကြ ပါသည်။
(ထိုခေတ်က ပြောက်ကျားဘောင်းဘီကို ပြင်ပမှာဝတ်ခွင့်မပြုပါ။
ကရင်ပြည်နယ်သား..သူတို့နှစ်ဦးသည် ရန်ကုန်မြေ၌ ပထမဆုံးဝတ်သည်ဟု
ယူဆရသော်ရ၏……ကျော်ဟိန်းကနောက်မှလိုက်ဝတ်ခြင်းဖြစ်သည်)
Stage Show စပါပြီ……တီးဝိုင်းခေါင်းဆောင်သန်းနိုင်ကိုယ်တိုင် Drum
တီးနေပါလား….
ဒါကတော့ဆရာဦးမြင့်သိန်းရဲ့စီမံချက်လေ..
သူကိုယ်တိုင်ဝိုင်းပေါ်တက်ရအောင် Mandalay Rum
နှစ်လုံးဆောင်ပေးလိုက်ရတယ်……
အော်…ဒီလိုလား….ကောင်းတာပေါ့ကွာ……..
၎င်းတို့တီးဝိုင်းတီးလုံးများတီးပြီးချိန်တွင်
အဆောင်ကျောင်းသားများ တစ်ဦးပြီးတစ်ဦးဆိုပါသည်။
မော်ကြီးကခင်ဝမ်းဆိုခဲ့တဲ့ “ မန္တလေး” သီချင်းဆိုပါသည်။
မျိုးခိုင်(ဒဿနိက)မှ သီချင်းတစ်ပုဒ်လာချီးမြှင့်ပေးပါသည်။
သူဆိုသောသီချင်းမှာ Sailing သီချင်းဖြစ်ပါသည်။ ဒီလိုနှင့်
တစ်ဦးပြီးတစ်ဦးဆိုသွားရာ တင်ဝင်းအလှည့်ရောက်လာပါသည်။
အပေါ်ကခရမ်းရောင်ရှပ်လက်ရှည် အောက်ကရခိုင်ပုဆိုးအပြာနု ၀တ်ထားပါသည်။
ကိုယ်ထည်က
လက်ဝှေ့ကျော် သမန်းကျားကဲ့သို့ တုတ်ခိုင်သော်လည်း ဆိုမည့်သီချင်းက
ခလေးသံပိုင်ရှင် ကိုင်ဇာရဲ့ အလွမ်းသီချင်း ဖြစ်ပါသည်။
Intro စပါပြီ…… စာကလေးကသူလေ့ကျင့်ပေးသော တပည့်ကျော်ကိုကြည့်၍
Tinning လိုက်မှတ်နေပါသည်။
4,3,2,1 ဆိုတော့ဟု စိတ်ထဲပြောလိုက်ချိန်တွင်
တင်ဝင်းကအပီဆိုချလိုက်ပါသည်။ အ၀င်တော့မှန်ပါသည်။သို့သော် Key
ချော်ထွက်သွား ပါသည်။ သို့သော်ဟန်မပျက်ဆက်ဟဲနေပါသည်။
အချစ်…..ရင်ထဲကစကားလုံးကိုမှန်ရွယ်………
တက္ကသိုလ်အေးမောင်က ကြည်ဝင်းသောင်းကို မျက်စပစ်ပြလိုက်ပါသည်။
သို့ဖြစ်၍ တင်ဝင်းအသံနှင့်ကိုက်ညီမည့် Key ကို မသိမသာ
ချိန်းလိုက်ပါသည်။ သို့သော်မရပါ.. တင်ဝင်းက အသံမ၀င်ဘူးထင်၍ Key
ထပ်မြှင့်ဆိုလိုက်ပြန်ပါသည်။
ဖက်နမ်းခဲ့ဘူးတဲ့ပါးပြင်လေးရယ်………ဒီအချိန်မှာအရမ်းသိပ်လွမ်းတယ်……
ဤသို့ဖြစ်တီးဝိုင်းက Key ချိန်လေ… ဆိုသူကထပ်မြှင့်ဆိုလေနှင့် Key
ကားလွဲမြဲလွဲလျှက်ပင်.
တင်ဝင်းအပြတ်ဟစ်နေသည် ..ငယ်သံပါ..ပါအောင်အော်ဟစ်ပြီးဆိုနေသည်…
လည်ပင်းကြောတွေလည်းထောင်နေပါပြီ…Key ကတစ်ခြား…တီးလုံးကတစ်ခြား….
ဘာမှလုပ်၍မရတော့ပါ၊ လာကြည့်သောပရိတ်သတ်အားလုံး
ဝက်ဝက်ကွဲမျှအားပေးကြပါသည်။
ဝါးကနဲ.. ၀ါးကနဲနေအောင် အော်ကြပါသည်။
ဒီလိုနှင့်သီချင်းဆုံးသွားတော့ တင်ဝင်းက ပရိတ်သတ်ကိုဂါရ၀ပြုရင်း
ဤသို့ ပြောလိုက်ပါသည်။
ကျနော်ဆိုတာ Play Boy
ကလိုက်မတီးတတ်ဘူးဗျ….ခွင့်လွတ်ပေးလိုက်ကြပါဗျား….တဲ့…
အဲဒီနေ့ကစပြီးတင်ဝင်းကို အလွမ်း လို့ဘဲခေါ်ပါတော့တယ်….…
|