|
Geologists' Stories Main
» |
|
|
|
လွမ်းမိပါသည်……ကမ္ဘားနီ….
ကမ္ဘားနီလှိုင်ဂူသည်
ခွေးရုပ်နှင့်မြင်းတိုက်ဘူတာကြားတွင် ရှိပါသည်။
ကျနော်တို့ဘူမိဗေဒကျောင်းသားများအဖို့ ရှမ်းပြည်နယ် တောင်ပိုင်းသည်
မစိမ်းလှပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်တုန်းက
ကျနော်တို့ရန်ကုန်ဘူမိဗေဒကျောင်းသားများ ကွင်းဆင်းလေ့ရှိ သည်မှာ
ရှမ်းပြည်တောင်ပိုင်းတစ်ဝိုက် ဖြစ်ပါသည်။
ကျနော်ဘူမိဗေဒကျောင်းသားဖြစ်၍ထင်..တောင်ကြီးသူနှင့်ဖူးစာကံဆုံခဲ့ပါသည်။
သို့ဖြစ်၍ တောင်ကြိးသို့ပြန်သောအခါ (ထိုခေတ် 1980 ၀န်းကျင်၌
ကားလမ်းအစား ရထားလမ်းကိုသာ အားကိုးရပါသည်) တိုင်း
ကမ္ဘားနီလှိုင်ဂူကိုဖြတ်ရစမြဲ။ ထိုအခါ အတိတ်အရိပ်သည် ကျနော့်အတွေး၌
နေရာယူလေ့ရှိစမြဲ။ ထိုအခါအမှတ်ရစရာများက ကျနော်ကို
ပြုံးစေမြဲဖြစ်ပါသည်။
ဒီလိုပါ……..
ကျနော်တို့ 1979 ခုနှစ် တတိယနှစ်ကျောင်းသားများသည်
ဆရာဦးမေတ္တာခေါင်းဆောင်သော သာစည် မြင်းတိုက်တစ်ခွင်
ကွင်းဆင်းကြပါသည်။ သာစည်တွင်ဗိုလ်တဲ၌ တည်းနေကြရပါသည်။
သာစည်၌ရက်စေ့သော် မြင်းတိုက်သို့ Camp ပြောင်းရပါသည်။
မြင်းတိုက်ဘူတာအပေါ်ဘက်၌ ရထားဝန်ထမ်းများအတွက် အိမ်ယာများရှိပါသည်။
ထိုနှစ်ခန်းတွဲအိမ်ရာများ၌ အဆင်ပြေသလို ကျောင်းသားများအုပ်စုခွဲ၍
စတည်းချကြပါသည်။
မြင်းတိုက် Camp ပထမနေ့၌ပင် နေရာဒေသတခုလုံးကို
ခြုံငုံလေ့လာသည့်သဘောနှင့် ခရီးရှည် ဆင်တောင်ဘူတာထိ ကွင်းဆင်းကြရ
ပါသည်။
အပြန်၌ဆရာဦးခင်မောင်လတ်က ရထားပေးစီးပါသည်။
ရထားဂတ်ဗိုလ်နှင့်ဘူမိကျောင်းသားများမှာ အလွန်ခင်ကြပါသည်။
ရထားရပ်ပေးသဖြင့် ကျနော်တို့ဘယ်တွဲတက်ရမည်မသိဖြစ်နေစဉ်
စိုးအောင်က…လာ..လာ.. အထက်တန်းတွဲတက်မယ်ဆိုပြီး ဦးဆောင်
ခေါ်သွားပါသည်။ အတွဲရောက်တော့ ကျနော်တို့နည်းတူ
ဇော်ဝင်းဦးတို့အုပ်စု အားလုံးရောက်နေကြပါသည်။
နောက်လူများလည်း ၀င်ပေါက်မှ ထပ်တက်လာသေးသဖြင့် ကျနော်တို့မှာ
အထဲသို့နဲနဲ ထပ်ဝင်လိုက်ရပါသည်။ သို့နှင့် ထိုင်ခုံတစ်ခုနား
ရပ်၍ကပ်လိုက်ပြီး ပတ်ဝန်းကျင်ကိုလေ့လာလိုက်ပါသည်။
စိုးအောင်က ကျနော့်ထက်စာလျှင် ထိုင်ခုံနှင့်နီး၍
ထိုင်ခုံနောက်မှီကို ကိုင်ရင်းစီးလာပါသည်၊၊ ထိုထိုင်ခုံ၌
အဒေါ်ကြီးတစ်ဦးထိုင်ပြီး မျက်နှာချင်းဆိုင်၌ ကောင်မလေးတစ်ဦး
(နှစ်ဦးစလုံး အထက်တန်းကျကျ ခေတ်ဆန်ဆန်ဝတ်စားထားပါသည်)
ထိုင်နေပါသည်။
ရထားမှာ ဆင်တောင်မှထွက်လာရင်းနှင့် မြင်းတိုက်ရောက်ခါနီး
ကမ္ဘားနီဂူကိုဖြတ်ရပါသည်။ ရထားလှိုင်ဂူအတွင်း ၀င်ရောက်သွားချိန်၌
အနီးအနား ဘာဆိုဘာမှ မမြင်ရတော့ပါ။ ကျနော့်အထင် မိနစ်ဝက်လောက်ရှိမည်
ထင်ပါရဲ့။
ရထားလှိုင်ဂူတဖက်ဝသို့ပြန်အထွက်၌ အတွဲအတွင်း
တဖြေးဖြေးပြန်လင်းလာပါသည်။ ထိုအချိန်
ကျနော့်မျက်နှာချင်းဆိုင်မှရပ်စီးလာသော ဇော်ဝင်းဦးသည်၎င်း၊
ဘေးမှစိုးအောင်သည်၎င်း ကွမ်းငုံထားသကဲ့သို့ ပါးစပ်များဖေါင်းပြီး
သွားကိုမူ စေ့ထားပါသည်။ နှုတ်ခမ်း၌မူ ဆီတ၀င်းဝင်း ဖြစ်နေသလို
ကျနော်ထင်လိုက်ပါသည်။
ထိုအချိန် ကျနော့်မျက်နှာချင်းဆိုင်အနေအထား၌ ထိုင်စီးလာသော
ကောင်မလေးက သူ့အမေဖြစ်ဟန်တူသော အဒေါ်ကြီးကို လှမ်းအော်
ပြောလိုက်ပါသည်။
အမလေး….အမေ… စားပွဲပေါ်..ချိုင့်ထဲက.. ပုဇွန်ကျော်တွေမရှိတော့ဘူး…..
ပြောလည်းပြော.. ကျနော်တို့အုပ်စုကို တစ်ယောက်ချင်းစီ စေ့စေ့ငင
လိုက်ကြည့်ပါသည်။ ထိုအချိန်ရထားသည် မြင်းတိုက်ဘူတာသို့
ရောက်သည်ဖြစ်၍ ကျောင်းသားများ ပျော်ရွင်မြူးတူးစွာ
ခုန်ဆင်းပြေးကြပါသည်။
မြင်းတိုက်ဘူတာမှ ၀န်ထမ်းအိမ်ရာကုန်းပေါ်သို့အတက်
စိုးအောင်ပါးစပ်ဟပြမှ ကျနော်သိရပါတော့သည်။
ကမ္ဘားနီဂူသည် စချင်နောက်ချင်သော ဘူမိကျောင်းသားများကို
အကာအကွယ်ပေးလိုက်လေပြီတကား…………
|
|
|
|
|
 |
|
|
|
| |
|
|
ADVERTISEMENT |
 |
|
|
|
|
|
|
|
|