|
မွေးနေ့
ဘ၀ဆိုသည်မှာ မွေးဖွားခြင်းနှင့် သေဆုံးခြင်းဟူသော
စကားနှစ်လုံးကြားတွင် ရှင်သန်ဖြတ်သန်းခဲ့ရခြင်းကို ခေါ်ပါသည်။
တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီမှသည် တစ်ရက်၊ တစ်ပတ်၊ တစ်လ၊
တစ်နှစ်ထိတိုင် သေဆုံးခြင်းသို့ မရောက်မချင်း တစ်ရွှေ့ရွှေ့
လှမ်းနေကြရပါသည်။ ထိုသို့ဖြတ်သန်းရာတွင် တစ်နှစ်မှာတစ်ကြိမ်
မွေးနေ့ကို ကျော်ဖြတ်ပြီးသောအခါ ကျနော်တို့သည် အသက်တစ်နှစ်
ကြီးလာပါသည်။ ငယ်စဉ်က မွေးနေ့ရောက်တိုင်း ပျော်ခဲ့ဘူးပါသည်။
မွေးနေ့ရောက်လျှင် အဖိုးအဖွားများဆီသို့
မုန့်များ(သို့)စားစရာသွားပို့ရင်း အဖိုး ဒီနေ့ကျနော့်မွေးနေ့လို့
အသိပေးလိုက်ပါသည်။
ထိုအခါ အဖိုးအဖွားများက ခေါက်ဆွဲခြောက်(သို့)မြူစွမ်ထုတ်၊
ကြက်ဥနှင့်စက္ကူအနီပတ်ထားသော မုန့်ဘိုးကို ထုတ်ပေးပါသည်။
တရုတ်အယူအဆအရ မြူစွမ်၊ ခေါက်ဆွဲများသည် ရှည်သောကြောင့်
အသက်ရှည်ခြင်း သဘောကိုဆောင်ပါသည်။ ကြက်ဥသည်
အားရှိသောအစာဖြစ်သောကြောင့် ခွန်အားကြီးခြင်းသဘောကို ဆောင်ပါသည်။
အဖိုး၊ အဖွားများ ကြက်ဥ၊ ခေါက်ဆွဲပေးခြင်းသည် အသက်ရှည်ပြီး
ခွန်အားကြီးပါစေဟု နှုတ်မှ ဆုတောင်းပေးသကဲ့သို့ပင် ဖြစ်ပါသည်။
ငယ်စဉ်က မွေးနေ့ကို တစ်နှစ်ပြီးတစ်နှစ် ပျော်ရွင်စွာ
ကျော်ဖြတ်ခဲ့ပါသည်။ ထိုစဉ်က လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွင်ရွင်…ဘာအတွေးမှ ခေါင်းထဲမှာမရှိခဲ့ပါ။
မွေးနေ့ပေါင်း ၄၀ ကျော်… ကျော်ဖြတ်ပြီးချိန်မှာတော့
မွေးနေ့ရောက်တိုင်း ကျနော့်အတွေးထဲမှာ အတွေးတစ်ခု ရောက်လာပါသည်။
အော်……ငါဟာ…တစ်နှစ်ပြီးတစ်နှစ် တစ်ရက်ပြီးတစ်ရက် ရေဝေးသို့
လှမ်းနေပါလား…… လို့ အသိတစ်ခုဝင်လာပါသည်။
ထိုအသိကို သိလိုက်မိသည့်အချိန်တွင် ကျနော်အကြီးအကျယ်
တုန်လှုပ်မိခဲ့ပါသည်။ အမှန်ဝန်ခံရပါလျှင်…ကျနော် သံယောဇဉ်တွေ၊
ဥစ္စာဓနများကို စွဲလမ်းနေသည်ဟု ဆိုရပါမည်.. တစ်ကယ်တော့ ဒီဥစ္စာ
ဓနတွေ၊ သံယောစဉ်တွေ သေသွားရင် ယူသွား၍မရတာကို ကျနော်
မေ့နေခဲ့ပါသည်။
အမေ့တူမ၊ ကျနော်တို့မောင်နှမ လက်ပေါ်မှာ ကြီးပြင်းလာခဲ့သော
ညီမတစ်ယောက် ဦးနှောက်အကြိတ်ရောင်ရောဂါနှင့်
ရန်ကုန်ဦးနှောက်နှင့်အာရုံကြောအထူးကုဆေးရုံမှာ လာတက်ရောက်ကုသပါသည်။
ကျနော့်ညီမ ဆေးရုံတက်စဉ်တစ်လျှောက်လုံး နေ့စဉ်နီးနီး ဆေးရုံကို
ရောက်ခဲ့ပါသည်။ ဆေးရုံမှာ အနေကြာလာတော့ ညီမဘေးနားဝန်းကျင်က
လူနာတွေနှင့်ပါ ရင်းနီးလာပါသည်။
တစ်နေ့တစ်နေ့ ရောဂါပျောက်ကင်းပြီး ၀မ်းသာအားရနှင့်
ဆေးရုံကဆင်းသွားသူများရှိသလို….. ခြေရင်းကုတင်……. ညာဘက်ကုတင်…..
ဘယ်ဘက်ကုတင်….. ဟိုထောင့်ကုတင်…. က…..လူနာတွေကို သေခြင်းတရားက
တဖြုတ်ဖြုတ်နှင့် ခေါ်ဆောင်သွားတာကိုလည်း တွေ့ရပါသည်။
ကျနော့်ထက် အသက်ကြီးသူရှိသလို အသက်ငယ်သူတွေလဲပါ ပါသည်။
သေခြင်းတရားသည် ကျနော်တို့ လက်တကမ်းမှာ ရှိနေတာ သိခဲ့ရပါသည်။
ဆန့်သောလက်မကွေးမှီ၊ ကွေးသောလက်မဆန့်မှီ.. ဆိုသော စကားကို
ဟိုတစ်ချိန်က ဒီလောက်နားမလည်ခဲ့ပါ……..
ဆေးရုံမှာမြင်လာတော့ကျနော်သဘောပေါက်စပြုလာပါပြီ……..
ကျနော့်ညီမ၏ခေါင်းခွံနှစ်ခါခွဲပြီးနောက် ညီမအခြေအနေ
တော်တော်ကျသွားပါပြီ…
သူ့အကြိတ်တွေ လှီးဖြတ်ထုတ်ပေမယ့်လည်း ပြန့်၍ပြန့်၍ ထွက်နေပါသည်။
အကြိတ်တွေကြီးလာပြီး ဦးနှောက်ကို လာဖိပါသည်။ ဖိမိသော
ဦးနှောက်အပိုင်းသည် သူထိန်းချုပ်နေသောကဏ္ဍကို မလုပ်ဆောင်နိုင်
တော့ပါ။
ကျနော်ဆိုလိုသည်က ဘယ်ဘက်လက်က မလှုပ်ရှားနိုင်ခြင်း၊
နားမကြားတော့ခြင်း၊ မျက်လုံးမှုံလာခြင်း တစ်ခုမဟုတ်တစ်ခု
ဖြစ်လာတတ်ပါသည်။
ခေါင်းနှစ်ခါခွဲပြီးနောက် ညီမခံနိုင်ရည် သိပ်မရှိတော့ပါ…..
နောက်တစ်ကြိမ်ခွဲဘို့ဆိုတာ မဖြစ်နိုင်တော့ကြောင်း ဆရာဦးမြင့်သိန်း
(ခွဲစိတ်အထူးကု၊ ဦးနှောက်အာရုံကြော) က ရှင်းပြခဲ့ပါသည်။
ဆရာတို့ဝန်ထမ်းအားလုံး အထူးဂရုစိုက် စောင့်ရှောက်ပေးခဲ့ကြပါသည်။
ကျေးဇူးလဲ အထူးတင်ပါသည်။ ဒါပေမယ့်လဲ…. ဆေးရုံရောက်ပြီး
ခြောက်လလောက်မှာ ကျနော့်ညီမလည်း အခြားလူနာများနည်းတူ သေခြင်းတရား၏
ခေါ်ဆောင်ရာနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားပါသည်။
ကျနော့်ညီမ အသုဘတွင် သူငယ်ချင်းဦးမြင့်လွင်၏ သန့်တည်ပွားအဖွဲ့က
အသုဘရှုအခမ်းအနားလုပ်ပေးခဲ့ပါသည်။
ဝမ်းနဲကြေကွဲနေသော အဒေါ်တို့မိသားစုနှင့် အမေတို့ကို ရန်ကုန်တိုင်း
တာမွေမြို့နယ် ကမ္ဗောဇကျောင်းတိုက်မှ ရှမ်းဘုန်းဘုန်းက
တရားချပေးခဲ့ပါသည်။ ကျနော်လဲ ၀မ်းနဲကြေကွဲခဲ့ရပါသည်။ ကျနော့်ညီမ
ငယ်ငယ်ရွယ်ရွယ်လေးကို သေခြင်းတရားက ခေါ်တာစောလွန်းသည်ဟု
အတ္တကြီးစွာတွေးခဲ့မိပါသည်။
သူ့ဘ၀ မွေးနေ့ အကြိမ်နှစ်ဆယ်ကျော်သာ ဖြတ်သန်းခဲ့ရပါသေးသည်။
ယနေ့ဆိုလျှင် ကျနော်တို့ မွေးနေ့ပေါင်းများစွာကို
ကျော်ဖြတ်ခဲ့ပြီးဖြစ်ပါသည်။ မွေးနေ့ပေါင်းများစွာထဲမှ
အမှတ်တရမွေးနေ့ တစ်ခု ရှိခဲ့ပါသည်။
ကျနော့်မွေးနေ့တော့ မဟုတ်ခဲ့ပါ…..
ကျနော့်သူငယ်ချင်းကိုသန်းဦး၏မွေးနေ့…..
1981 စတုတ္ထနှစ် ဒဂုံဆောင်မှာ ကျောင်းတက်နေစဉ်က ဖြစ်ပါသည်။
နံနက် ၉း၀၀ နာရီ လောက်မှာ ကျနော်တို့အားလုံး ဒဂုံဆောင်
ထမင်းစားဆောင်မှာ ဟင်းမကောင်းသောကြောင့်
စိတ်ပျက်လက်ပျက်ထိုင်နေကြပါသည်။ ကျနော်တို့ကိုလည်း ထမင်းစားဆောင်မှ
ဝန်ထမ်းများဖြစ်သော ဦးကရင်တို့အဖွဲ့က စိတ်ပျက်လက်ပျက်နှင့်
စောင့်နေကြပါသည်။ တစ်ဆောင်လုံးမှာ ကျနော်တို့အုပ်စု တစ်စုတည်းသာ
စားဖို့ကျန်ပါတော့သည်။ ကျနော်တို့စားပြီးလျှင်
သူတို့အလုပ်သိမ်းတော့မည်။
……ဟင်းလဲမကောင်းဘူးကွာ…
ဒေါ်အေးဆီက ကြက်ဥကျော်…..၀က်အူချောင်း…သွားမှာကွာ……..
ဒေါ်အေးဆီက အကြော်သွားမှာဆိုတော့ ဒေါ်အေးပျော်နေပါသည်။
ဒီနေ့ကံမကောင်းဘူးကွာ…… ညနေလည်းဟင်းမကောင်းဘူး……..
မေ့နေတာ…. ဒီနေ့ငသေးမွေးနေ့ကွ……
ဟေး…မွေးနေ့ရှင်…ဘာကျွေးမလဲ….
တော်ပြီ…အဆောင်မှာမစားတော့ဘူး…….ကင်တင်းမှာသွားစားမယ်…..
ဘယ်ရမလဲ မြေနီကုန်းမှာသွားစားမယ်…..
တော်…..တော်….ဒီမနက်ဒီမှာဘဲစားကြတော့…..ညနေကျရင်ငါ ကျွေးမယ်……
ဟေး…ဟုတ်ပြီကွ…..
ဒါနဲ့….ဘယ်မှာကျွေးမှာလဲ…..
ဒေါ်အေးဆီမှာလေ…..
ဟာ…သေစမ်းကွာ….အဆောင်မှာတော့မလုပ်နဲ့ကွာ….အခြားဘယ်နေရာကျွေးကျွေး……..
ဒီနေ့ ငသေးမွေးနေ့ဆိုတော့ RC ထဲက စတိုးဆိုင်တွေ၊ လှည်းတန်းထိပ်က
ဆိုင်တွေမှာ သူငယ်ချင်းအတွက် အမှတ်တရလေးတွေ ၀ယ်ကြပါသည်။ ညနေစာ
ထမင်းကောင်းကောင်းကျွေးမယ်ဆိုတော့ ဖားထားရမည်……..
ဒီနေ့ညစာကို လှည်းတန်းက ရွှေယုန်လေးကြေးအိုးဆိုင်မှာ
ထမင်းသွားစားကြပါသည်။ ပြီးနောက် ဦးချစ်လ္ဘက်ရည်ဆိုင်မှာ ထိုင်ပြီးမှ
အဆောင်သို့ပြန်ခဲ့ကြပါသည်။ ကျနော်တို့ဒဂုံဆောင်ကို 10 နာရီလောက်မှ
ပြန်ရောက်ကြပါသည်။ အဆောင်ဆင်ဝင်အောက်မှာ ခန့်ညားပြီး
ပြောင်လက်နေသော ဆလွန်းကားအသစ်တစ်စီး ရပ်ထားပါသည်။
ဆရာဦးမေတ္တာဆီလာသော ဧည့်သည်ဘဲဖြစ်မှာပါ။ ကားကို Lock
မချထားခြင်းနှင့် ကားနောက်ခန်းထဲမှာ ကြီးမားသော မွေးနေ့ကိတ်
ထည့်ထားသောဘူးကြီးတစ်ခုကို လျှပ်တစ်ပြတ်သတိထားမိလိုက်ပါသည်။
ကျနော်တို့အားလုံး ဒဂုံဆောင်ပထမထပ်အခန်းများသို့ တက်ခဲ့ကြပါသည်။
အရှေ့မှာ သူငယ်ချင်းများ…
ကျနော့်အနောက်မှာ ငသေး….. သူနောက်ဆုံး…..
အပေါ်ထပ်ရောက်တော့ အနောက်ကလက်တို့သောကြောင့်
ကျနော်လှည့်ကြည့်လိုက်ပါည်။
ဟာ…..မင်းဘယ်လိုလုပ်တာလဲ…… ဒါ….ဒါ…ကားထဲက…….
ဟုတ်တယ်….ငါပြန်ထားမလို့… အောက်မှာလူစုံရောက်နေကြပြီ..
ပြန်ထားလို့မဖြစ်တော့ဘူး……
အဲဒါ….ပြဿနာဘဲ….ဆရာ့ဧည်သည်ဟာလားမသိဘူး……
မတတ်နိုင်တော့ဘူးကွာ…မီးစင်ကြည့်ကတော့မယ်…..
မုန့်ဘူးကြီးကို အခန်းထဲမှာ ၀င်ထားလိုက်ပါသည်။
မုန့်ဘူးကြီးကိုမြင်တော့လဲ စပ်စုချင်စိတ်နှင့်
အဖုံးဖွင့်ကြည့်မိပါသည်။
လှပပြီးစားချင်စဖွယ်……
ဟာ….မွှေးနေတာဘဲ….စားချင်လိုက်တာ…….
ငါတို့နှစ်ယောက်တည်း စားလို့မကုန်ဘူးကွ….ရှယ်ဘဲကွာ……
မထူးတော့ပါဘူး….ပြန်မထားတော့ဘူး……
ငါ့မွေးနေ့ကိတ်ဘဲလုပ်တော့မယ်…….
သူငယ်ချင်းအားလုံးကိုကျွေးလိုက်မယ်…..
နေအုံး….နေအုံး….ငါတို့လွပ်လွပ်လပ်လပ်နှင့်ပျော်လို့ရအောင်…..ဆင်ဝင်အောက်ကကားထွက်သွားပါစေ…..ကားထွက်ပြီးမှ
Happy Birthday လုပ်ရအောင်……
ကျနော်တို့နှစ်ယောက် အပေါ်ထပ်မှ အောက်မှာရပ်ထားသောကားကို
စောင့်ကြည့်နေပါသည်။ အတန်ကြာတော့ လူကြီးသန့်သန့်ခန့်ခန့်
တစ်ယောက် ကားပေါ်တက်ပြီး မောင်းထွက်သွားပါသည်။
ဟေး…..ထွက်သွားပြီကွ……လာသွားရအောင်……
နေအုံး….ကားမကွယ်သေးဘူးကွ…..ထွက်သွားပါစေအုံး…..
တောင်ငူဆောင်လမ်းမရောက်ခင်ကားရပ်သွားပါသည်။
ဟာ…..ကားရပ်သွားပြီ…အဆောင်ပြန်လာမလားမသိဘူး……ဘယ်လိုလုပ်မလဲ…..
မင်းယူတာ ဘယ်သူမှမတွေ့တာ….နေပါအုံး….သူဘာလုပ်မလဲစောင့်ကြည့်မယ်….
အတန်ကြာရပ်ပြီးတော့မှ ဆလွန်းကားလေး
ဝူးကနဲစိတ်ဆိုးမာန်ဆိုးမောင်းထွက်သွားပါသည်
ကျနော်စိတ်ထင်… ပထမမောင်းထွက်စဉ် သူမုန့်ဘူးကို မေ့နေတာလဲဖြစ်မည်……
သတိရတော့…မုန့်ဘူးမရှိတော့ကားရပ်လိုက်သည်…..
မုန့်ဗူးပျောက်သွားတာ ဘယ်သူ့ကို တိုင်မလဲ….. ဘယ်သူ့ကိုမေးမလဲ…
အောက်ထပ်မှာ ကျောင်းသားအယောက်နှစ်ဆယ်လောက် TV ကြည့်သူက ကြည့်ပြီး
ဂစ်တာတီးသူက တီးနေသည်။
ပြီးနောက် ဒေါကန်ကန်နှင့်ကားကို ၀ူးကနဲမြည်အောင်
မောင်းထွက်သွားပါသည်။
ငသေးသည်…ဘာလုပ်လုပ်…….လစ်ကနဲ….လစ်ကနဲ…မြန်သည်….
…မျောက်သိုင်းတတ်ထားသလား….အောက်မေ့ရသည်…
...ဘယ်အချိန်ကများ ကားနောက်ခန်းထဲက မုန့်ဘူးကို ယူလိုက်သည်မသိ……
လာ….လာ…..သွားကြမယ်… ဒီကားပြန်လှည့်လာမယ့်ပုံမရှိတော့ဘူးကွ……
စိတ်ဆိုးသွားတဲ့ပုံဘဲ……ထားလိုက်တော့ကွာ……
သူငယ်ချင်းတွေ ငသေးအခန်းမှာ
ကိတ်မုန့်လှီးမယ်…..စားချင်တဲ့သူလာကြ…..
စားရမယ်ဆိုတော့သူငယ်ချင်းတွေ လာလိုက်ကြတာ
အခန်းပါလျှံထွက်ကုန်ပါသည်။
ငါတို့ ထမင်းစားတာလဲ အတူတူ…. ဦးချစ်ဆိုင်မှာလည်းအတူတူ….
ဒီကောင်ဘယ်တုန်းက ကိတ်မုန့်ဝယ်လိုက်တာလဲ……
မသိဘူးကွာ..စားရဘို့အရေးကြီးတယ်…….
မွေးနေ့ရှင်အတွက် မီးထွန်းဆုတောင်းပြီးမှ စားလို့ရမယ်…
ဖယောင်းတိုင်ရှာပေးကြပါ…
ဘယ်မှာသွားရှာရမလဲဖယောင်းတိုင်ကို…..
ဗျော့ကြီး…. ဖယောင်းတိုင်လှည်းတန်းမှာသွားဝယ်ကွာ….
မသွားဘူး……ဘယ်တော့မှမသွားဘူး….ငါ့ကိုအရူးလုပ်လို့ရမယ်ထင်လို့လား…….
ငါမရှိတော့မှ ခွဲစားကြမယ့်အကြံ……
ဒီလိုမဟုတ်ပါဘူးကွာ….သူတို့စားကြရင်လည်း
ငါ့ဟာမင်းအတွက်ချန်ထားပေးမယ်…..
ပြောရင်းသောက်ကျင့်တွေပေါ်လာပြီ…မသွားရေးချမသွားဘူး……
မီးမထွန်းရင်တော့ကိတ်မုန့်ခွဲစားလို့မရဘူးနော်…..
ဖယောင်းတိုင်မရှိရင်လည်း မနက်ဖြန်မှဒီကိစ္စစီစဉ်တော့မယ်…….
ကျောင်းသားအားလုံး ကိုယ်အခန်းကိုကိုယ်ပြန်နိုင်ပါပြီ….
ဟာ….ဒီလိုမလုပ်နဲ့လေ….
ဟေ့…..ဆန့်တငန့်ငန့်မလုပ်နဲ့ကွ…..
ဘယ်လိုလုပ်လိုက်တာလဲ…
လူကြီးကိုနောက်လား.. ပြောင်လားနဲ့…
မင်းတို့ငရဲကြီးချင်ပြီထင်တယ်…..
ကိတ်မုန့်ကို စားပွဲအလယ်မှာချထားပါသည်။ ကိတ်မုန့်ကို
ကြည့်ပြီးကျောင်းသားများသွားရေတမျှားမျှားနှင့်…
့စားချင်စဖွယ် ကိတ်မုန့်ကလဲ..လှပ…ပြီး မွေးကြိုင်နေပါသည်။
ဖယောင်းတိုင်မရှိတဲ့အတွက် ကိတ်မုန့်ကို သိမ်းလိုက်ပါတော့မယ်…
ဒီကိတ်မုန့်ကို မနက်ဖြန်ကျမယ့် မွေးနေ့ရှင်ကို အလကားပေးပါမယ်…
စားချင်တဲ့သူတွေ မနက်ဖြန်ကျမယ့်မွေးနေ့ရှင် လိုက်စုံစမ်းပါ…
ဟာ…..တစ်ကယ်ဒုက္ခပေးတယ်ကွာ…..
ဟေ့…ဒီအတိုင်းကြည့်နေတော့မှာလား….ဖယောင်းတိုင်မရှာကြတော့ဘူးလား……
မင်းသွားရှာပါလား…..
ထိုစဉ် ဘေးအခန်းမှ အလွမ်းတင်ဝင်းက စွတ်စွတ်ရွတ်ရွတ်ဝင်လာပြီး
ဝါဆိုဖယောင်းတိုင်ကြီးကို ဗျွတ်ကနဲ ကိတ်မုန့်ပေါ်
စိုက်ချလိုက်ပါသည်…… ပြီးနောက်ဖေါက်ကနဲ…. သစ်သားမီးခြစ်ကိုခြစ်ပြီး
မီးညှိပေးလိုက်ပါသည်။
ကဲ..ဘို ရူးတွေ …..ငပိသံနဲ့မွေးနေ့ရှင်ကို ဆုတောင်းပေးလိုက်ကြ…..
ဟေး……..စားရတော့မယ်ဟေ့……
ဟေ့..ဟေ့… မွန်ကြီးမင်းနောက်မှလာတာနော်…..
ဘယ်ရမလဲ….အဲဒါငါ့နေရာကွ…..
ကဲ….ကဲ….အားလုံးညီညီညာညာနှင့်ဆုတောင်းမယ်…..
……….Happy Birthday do you……
အသံမညီဘူးဖြစ်နေတယ်…နောက်တစ်ခေါက်ထပ်ဆိုမယ်…..
……….Happy Birthday do you……
နဲနဲလွဲနေတယ်…နောက်တစ်ခေါက်လောက်……
ဟေ့…လူကိုမျောက်က..ကခိုင်းနေတာလား…
ကျွေးချင်လည်းကျွေး…..မကျွေးချင်လည်းလုစားတော့မယ်…..
ကဲ…ကဲ…ဒီတစ်ခါ တစ်ကယ်ကျွေးပါတော့မယ်….
...အသက်အကြီးဆုံးလူလက်ညှိုးထောင်…
...ထောင်တဲ့လက်ညှိုးချီးပုံထိုး…..
ခွေးသား……လုစားတော့မှာနော်…..
ဟေ့….ဟေ့ လူစုစုနှင့်ဘာတွေဆူညံဆူညံဖြစ်နေကြတာလဲ……
နောက်ဘက်မှ အဆောင်မှူး ဆရာဦးမေတ္တာအသံ ကြားလိုက်တော့
ကျောင်းသားအားလုံး ရှဲကုန်ပါသည်။ တချို့လဲ ကိုယ့်အခန်းကိုကိုယ်
ပြန်သွားကြပါသည်။
ဟာ….အတော်ဘဲဆရာ… မွေးနေ့ကိတ်လှီးပြီး အသက်အကြီးဆုံးလူကို
အရင်ကျွေးမလို့လုပ်နေတာ….. ဆရာလာတာနဲ့အတော်ဘဲ….
ဆရာဘဲအရင်စားပါ….လှီးထားသောမုန့်ကို ပန်းကန်ထဲထည့်ပြီး
ကမ်းပေးလိုက်ပါသည်။
မွေးနေ့ရှင်ကဘယ်သူလဲ……
ကိုသန်းဦးပါ……
ကဲ….ကဲ…ဆရာဆုတောင်းပေးမယ်…ဒီနေ့မှနောက်အနှစ်တရာတိုင်ပါစေ….
ပေးတဲ့ဆုနှင့်ပြည့်ပါစေဆရာ………
ဟင်း….အရမ်းအရသာရှိလိုက်တာ….မွှေးလဲမွှေး…
..ကိုသန်းဦးသူငယ်ချင်းတွေအပေါ်တော်တော်ခင်ပုံရတယ်…..
ဘာဖြစ်လို့လဲဆရာ……..
ဒီလောက်ကောင်းတဲ့ကိတ်မုန့်ဝယ်ကျွေးလို့လေ………
ဆရာ့စကားကြားပြီးနောက် ကျနော်နှင့်ငသေး တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်မိပါသည်။
မွေးနေ့ကိတ်ဇာတ်လမ်းကို ဆရာမသိပါ။ ပိုင်ရှင်ပြောင်းသွားသော
မွေးနေ့ကိတ်ကိုကြည့်ပြီး ကျနော်ရီချင်နေပါသည်။
အန်ကယ်…..သန့်သန့်….ခန့်ခန့်ကြီး…ခင်ဗျား…..
ကျနော်တို့ကိုခွင့်လွတ်ပါ….
အန်ကယ်ရဲ့ပိုင်ရှင်ပြောင်းသွားတဲ့မွေးနေ့ကိတ်မုန့်ကြီးလေ…..အရမ်းစားကောင်းတာဘဲ…….
~ ~ ~ ~ ~ တောင်းပန်ခြင်း ~ ~ ~ ~ ~
အမည်မသိအန်ကယ်ခင်ဗျား……
လွန်ခဲ့သော 27 နှစ်က ကျနော်တို့အမှားအတွက်
အားလုံးစိတ်မကောင်းဖြစ်ခဲ့ကြပါသည်။ မွေးနေ့ကိတ်ကို
ပြန်ထားပေးရန်
ရည်ရွယ်ခဲ့သော်လည်း အကြောင်းမညီညွတ်၍ ကားပေါ်ပြန်မထားဖြစ်ခဲ့ပါ။
ထို့ကြောင့် မရည်ရွယ်ဘဲ အန်ကယ့်မွေးနေ့ကိတ်ကို
ခိုးစားသလိုဖြစ်ခဲ့ရပါသည်။ ကျောင်းသားဘ၀ ပျော်စေပျက်စေဆိုသော
သဘောဖြင့် လုပ်ဆောင်ခဲ့သော ကျနော်တို့အပြုအမူသည် အန်ကယ့်အတွက်
စိတ်အနှောင့်အယှက်ဖြစ်စရာ၊ တစ်စုံတစ်ရာ စီစဉ်ပြီးမှ အစီအစဉ်တွေ
လွဲချော်သလိုဖြစ်ခဲ့ရင် ကျနော်တို့၏ တာဝန်သာဖြစ်ပါသည်။
ဤအမှားအတွက်အနူးအညွတ်ဝန်ချတောင်းပန်အပ်ပါသည်။
1981 ဒဂုံဆောင်ပထမထပ်Front roll မှကျောင်းသားများ…….
|