|
Geologists' Stories Main
» |
|
|
|
ပေါင်ချိန်စက်
ကျနော်တို့ငယ်စဉ်မှ ယနေ့အရွယ်ထိ နေထိုင်သွားလာနေကြရာ
ပတ်ဝန်းကျင်နှင့်ကင်းကွာ၍မရခဲ့ပါ။ ထိုအတူ ပတ်ဝန်းကျင်နှင့်
ဆက်နွယ်နေသူများနှင့်လည်း ပတ်သက်ခဲ့ရပါသည်။ ငယ်စဉ်ဘ၀မှယနေ့ထိဆိုရင်
လူတော်တော်များများနှင့် ပတ်သက်ခဲ့ရပါသည်။
သို့သော် တွေ့ကြုံဆုံကွဲဖြစ်မြဲဓမ္မတာဆိုသည့်စကားတိုင်းဘဲ
တွေ့ကြုံခဲ့ရပါသည်။ ကိုယ့်အလုပ်နှင့်ပတ်သက်ခဲ့သော
ဝန်ထမ်းများသည်လည်း ယနေ့တိုင် အတူတကွရှိနေသူများရှိသကဲသို့ ၃ နှစ်
၎ နှစ် ၅ နှစ် စသောအချိန်များတွင်
ကိုယ်နှင့်ခွဲခွာသွားကြသူများလည်း ရှိကြပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ကိုယ့်ဘ၀တစ်လျှောက်
ကိုယ်နှင့်ပတ်သက်ခဲ့ကြသောသူများအားလုံးသည်
အတိတ်ဘ၀ကအကျိုးဆက်ကြောင့် ဒီဘ၀မှာ ပြန်ဆုံကြခြင်းဖြစ်သည်ဟု
ယုံကြည်ပါသည်။
ကျနော်တို့လူသားအားလုံးသည် အတိတ်ဘ၀တစ်ချိန်ချိန်တွင်
တစ်နည်းနည်းနှင့် ဆွေမျိုးတော်စပ်ခဲ့ကြသူများ ဖြစ်ကြသည် ဟု
ကြားခဲ့ဘူး ပါသည်။
ဒါကို ကျနော်လက္ခံခဲ့ပါသည်။ ထိုကြောင့် ယနေ့အချိန် ယခုအသက်အရွယ်
ကျနော့်စိတ်ထဲမှာ ခင်ရာဆွေမျိုးဟု အားလုံးကိုသတ်မှတ်ထား ပါသည်။
မော်လမြိုင်မှာနေစဉ်က ကျနော့်သားကြီး တီတီး မွေးဖွားပြီး ၇ ရက်
ကြာသောနေ့တွင် အမေခေါ်လာ၍ မုနော်တစ်ယောက်က ကျနော်တို့အိမ်ကို
ရောက်ခဲ့ပါသည်။ အဖွားတို့ရွာမှာနေသော မုနော်အမျိုးများနှင့်
အမေတို့ ခင်ကြပါသည်။ ခလေးကြည့်ပေးရန်အတွက် ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။
ကျနော်တို့လင်မယား မော်လမြိုင် မိုင်ဒါဈေးမှာ ဆိုင်ထွက်နေကြပါသည်။
ထိုစဉ်က မှောင်ခိုနှင့်ရှာဖွေရေးခေတ်လို့ဘဲ ပြောရပါမည်။
လောကကြီးတွင် နေရာတနေရာရရှိဘို့ ကြိုးစားနေဆဲအဆင့်သာ
ရှိနေပါသေးသည်။
သုညမှစသောဘ၀သည် မည်သို့ခက်ထန်ကြမ်းတမ်းသည်ကို
ကြုံဘူးသူများသာသိပါမည်။ ကျနော်တို့လင်မယားနှစ်ယောက်လုံး
လူကြီးများကို အားမကိုးခဲ့ကြပါ။
ကိုယ့်ဘ၀ကိုကိုယ့်ချွေးနှင့်ဘဲတည်ဆောက်ကြဘို့ဆုံးဖြတ်ထားကြပါသည်။ထိုကြောင့်တီတီးမွေးပြီးတစ်လကြာတွင်ကျနော့်အမျိုးသမီး
မီးမီးလည်းဆိုင်ပြန်ထွက်ခဲ့ရပါသည်။
တီတီးကို မုနော်ဘဲ ကြည့်ထားပေးရပါသည်။ အိမ်ကိုလည်း သူဘဲ
စောင့်ရှောက်ပေးခဲ့ပါသည်။ ဒီလိုနှင့်ဘဲ ၈၈ အရေးအခင်းမတိုင်ခင် ၂ လ
အလိုမှာ ကျနော်သား အလတ်ကောင်..ကိုဘုတ်..ကို မွေးခဲ့ပါသည်။
သူ့ကိုလည်း ကျနော်တို့ မုနော်နှင့်ဘဲ လွဲထားခဲ့ရပါသည်။ ၈၉ ခုနှစ်
မှာတော့ ဥပဒေအသစ်များ ထုတ်ပြန်သောကြာင့် လွတ်လွတ်လပ်လပ် တရားဝင်
တင်သွင်းခွင့် တင်ပို့ခွင့်များ ရရှိလာပါသည်။ တရားဝင်
အခွန်အခဆောင်ပြီးလျှင် လွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့်ရရှိခဲ့ပါသည်။
ထိုကြောင့် လုပ်ငန်းတိုးချဲ့နိုင်ရန် ရန်ကုန်သို့
ကျနော်တို့မိသားစု မုနော်အပါအ၀င် ပြောင်းရွေ့ခဲ့ကြပါသည်။
တရားမ၀င်လုပ်ခဲ့ရသောကြောင့် မြင်မြင်သမျှလူတွေကို ကြောက်လန့်နေရသော
ဘ၀ကို ကျနော် ငြီးငွေ့နေပြီ။ ထိုစဉ်က ရိုက်စားလုပ်နေကြသောလူတွေကလဲ
များလှသည်။ ရန်ကုန်ရောက်ပြီး ၉၁ ခုနှစ် ၄၆ လမ်းမှာနေစဉ်က အငယ်ဆုံး
ဖိုးလပြည့်ကို မွေးခဲ့ပါသည်။ တပေါင်းလပြည့်မှာ မွေးသောကြောင့်
ဖိုးလပြည့် အမည်တွင်ခဲ့သည်။ ခလေးသုံးယောက်လုံး မုနော်၏လက်ထဲမှာဘဲ
ကြီးပြင်းခဲ့သည်။ ခလေးများအားလုံးကလည်း သူ့ကို မမကြီးလို့
ခေါ်ကြပါသည်။ ခလေးများ၏အကြိုက်ကိုလည်း မုနော်က ကျနော်တို့ထက်
ပိုသိပါသည်။
မုနော်လည်း အချိန်တန်အရွယ်ရောက်လာတော့ အိမ်ထောင်ရက်သားကျသွားပါသည်။
သူ့အမျိုးသားလဲ ကျနော်တို့ကုမ္ပဏီတွင် ဘဏ်ကိစ္စ၊
ကုန်သွယ်ရေးကိစ္စတွေမှာ အားကိုးနေရပြီ။
သူ့မှာလဲ သားတစ်ယောက် သမီးတစ်ယောက် ရနေပါသည်။ ကျနော်တို့ဆီမှာဘဲ
ရှိနေဆဲ.. ကျနော့်သားများကိုလည်း သူဘဲစောင့်ရှောက်နေဆဲ……
သူ့သားနာမည်မှာ ဖိုးလပြည့်၏ညီဖြစ်သောကြောင့် ဖိုးလမင်းဟု အလိုလို
အမည်တွင်သွားပါသည်။ အငယ်မက အေးသီတာ… ခလေးနှစ်ယောက်လုံးကို
ကျနော့်သားများကလည်း ချစ်ကြပါသည်။ ထိုကြောင့် ကျနော့်စိတ်ထဲတွင်
ခင်ရာဆွေမျိုးဆိုတာ ပို၍ ယုံကြည်လာပါသည်။
ကျနော်တို့လင်မယား အသက် ၄၀ နောက်ပိုင်းတွင် ကျန်းမာရေးအတွက်
ပုံမှန်မဟုတ်ခဲ့ရင်တောင် ရက်ခြား သုဝဏ္ဏဘောလုံးကွင်းဘေးမှာ ညနေဘက်
လမ်းလျှောက်လေ့ရှိပါသည်။ နောက်ပိုင်းဘောလုံးကန်သူများ..
များလာသောကြောင့် ဘေးကပ်ရက် စက်ဘီးလေ့ကျင့်ရေး ကွင်းကို ၀င်၍
လမ်းလျှောက်ခဲ့ကြပါသည်။ အေးမြလတ်ဆတ်သောလေသည် ခန္ဓာကိုယ်ကို
လန်းဆန်းစေပါသည်။ ဆောင်းတွင်း လမ်းလျှောက်ရတာ
အကောင်းဆုံးဖြစ်ပါသည်။
ကျနော်တို့ နံနက်ပိုင်း မလျှောက်ဖြစ်ပါ။
ဆိုင်သွားချိန်နှင့်နီးနေသောကြောင့် ဖြစ်ပါသည်။ ဆောင်းတွင်းမှာ
နေ၀င်စောသောကြောင့် ကျနော်တို့ပြန်ရောက်ချိန် မှောင်နေရင်
လမ်းမလျှောက် ဖြစ်တော့ပါ။
နွေရောက်လျှင်လည်း ရာသီဥတုပူသောကြောင့် စောလျှင်လည်း
မလျှောက်နိုင်ပါ။ နဲနဲနောက်ကျမှ လျှောက်ဖြစ်ပါသည်။
မိုးတွင်းမှာတော့ အလုပ်မဖြစ်ပါ။ ရန်ကုန်မိုး.. အစိုးမရသောကြောင့်
ပို၍မလျှောက်ဖြစ်ခဲ့ပါ။ လမ်းမလျှောက်ရသောနေ့များတွင် နေထိုင်လို့
မကောင်းပါ။ လမ်းလျှေက်ပြီးလျှင် ကိုယ်လက်ပေါ့ပါးပြီး
အရမ်းနေထိုင်ကောင်းပါသည်။ ဒီနှစ်မိုးမရောက်ခင်ကတည်းက
ကြိုတင်စဉ်းစားပြီး အားကစားပဒေသာမှ လမ်းလျှေက်စက်အပါ
အခြားအားကစားလေ့ကျင့်သော စက်အစုံကို ၀ယ်ခဲ့ပါသည်။
အားကစားစက်များကို ဧည့်ခန်းထဲမှာ နေရာချထားလိုက်ပါသည်။
ဧည့်ခန်းထဲမှာTV နှစ်လုံး၊ စလောင်း၊DVD ၊ MOVIE 5 စက်တွေ
ရှိနေပါသည်။ လမ်းလျှောက်ရင်းနှင့် TV ကြည့်လျှင် မပျင်းတော့ပါ။
ထိုကြောင့် ကျနော်ဧည့်ခန်းမှာ လူတွေစည်နေပါသည်။ ဘေးအိမ်မှ တူ
တူမတွေ၊ ဖိုးလမင်း၊ အေးသီတာတို့ပါ လမ်းလျှောက်စက်ပေါ်မှာ
လျှောက်ကြပါသည်။
ကျနော်သည် ပစ္စည်းတစ်ခုဝယ်လျှင် တန်အောင် သုံးတတ်သည်။ ၀ယ်ပြီး
အလှပြတာမျိုး ကျနော် ၀ါသနာမပါ။ ထိုကြောင့် မည်သူမဆို အားလုံးကို
ပေးဆော့သည်။ လူများများသုံးမှ တန်မည်။
ဖိုးလမင်း အသက်ရှစ်နှစ် ပေါင်ချိန် ၇၅ ပေါင်ရှိသည်။
သူ့အသက်နှင့်ကြည့်လျှင် ၀နေသည်။ သူအမေက နေ့တိုင်း
လမ်းလျှောက်ခိုင်းသည်။ ခလေးဆိုတော့ ပျင်းသည်။ အားရင် ကာတွန်းကား
ထိုင်ကြည့်ဖို့ဘဲ စဉ်းစားသည်။ ကြာလေ၀လေ ဖြစ်နေသည်။
လမ်းလျှောက်ရင်လဲ အချောင်ခိုလေ့ရှိသည်။
အိမ်မှာ အားကစားပစ္စည်းအစုံလိုက် ၀ယ်ပေးထားသော်လည်း
ကျနော့်သားသုံးယောက်သည် Micasa Fitness Center မှာတစ်ယောက် FEC 20
ပေးပြီး သွားကစားကြသည်။ နေ့တိုင်းကားနှင့်သွားသည်။ ကစားပြီးရင်လဲ
စားသောက်နေကြသေးသည်။ သူတို့စရိတ် တွက်ကြည့်လျှင်လည်း မနည်းပါ။
သူတို့ဆင်ခြေက လေ့ကျင့်ရေးဆရာနှင့်မှ ကစားရင်
ပိုပြီးထိရောက်သည်တဲ့။
ကျနော် မပြောချင်တော့ပါ။ ငွေ၏တန်ဘိုးကိုလဲ နားမလည်ကြပါ။
သူတို့ကိုယ်တိုင် ငွေရှာကြည့်မှ ငွေ၏တန်ဘိုးကို သိလာပါလိမ့်မည်။
တစ်ရက်မှာ Digital ပေါင်ချိန်စက်တစ်လုံး ၀ယ်ခဲ့ပြီး ဧည့်ခန်းမှာ
ချထားလိုက်သည်။ Digital ဆိုတော့ ဂဏန်းလုံး ထင်ရှားပြတ်သား နေသည်။
တစ်ယောက်ပြီးတစ်ယောက် ပေါင်ချိန်လိုက်၊ ကစားလိုက်နဲ့
သဘောတွေကျနေကြသည်။ ဒီတစ်မိုးတွင်းလုံး လမ်းလျှောက် မပျက်တော့ပါ။
ဒီလိုနှင့်မိုးကုန်ပြီး ဆောင်းရောက်လာပြီ။ လူတွေလဲ ပေါင်ချိန်စက်၊
အားကစားလေ့ကျင့်သောစက်တွေနှင့် အသားကျနေပြီ။ တစ်ရက်
ပေါင်ချိန်စက်ကို စမ်းကြည့်ရင်းနှင့် သူ့ရဲ့လျှို့ဝှက်ချက်ကို
သွားတွေ့ပါသည်။ တစ်နေရာမှာ တိုးလျှော့လုပ်လို့ရတဲ့နေရာ
တစ်ခုရှိတယ်။
ဥပမာ…..၃ပေါင် လျှော့ထားလိုက်ပါ။ ချိန်လိုက်လျှင်
ကိုယ့်ပေါင်ချိန်မှာ မူလထက် သုံးပေါင် လျော့နေသည်။ ဒါပေမယ့်
ဆင်းလိုက်လျှင်လည်း ပေါင်ချိန်စက်မှာ မူလသုညပေါင်ကိုသာ ပြနေမည်။
ထိုအတူ ငါးပေါင်လျှော့ထားလိုက်ပါ။ ချိန်လိုက်လျှင် ၅ ပေါင်
လျှော့နေသည်။ ကျနော် လူတွေရဲ့စိတ်ကို စမ်းကြည့်ချင်ပါသည်။
ဒီတစ်ပတ်အတွင်း တစ်ရက်နဲနဲနှုန်းနှင့် ၃ ပေါင်ကို ဖြေးဖြေး
လျော့ချလိုက်ပါသည်။
လာကစားကြသောသူအားလုံး ပေါင်ချိန်ကျသွားသဖြင့်
အရမ်းသဘောကျသွားကြပါသည်။
ဖိုးလမင်း….. အမေ သား ပေါင်ချိန် ၃ ပေါင် ကျသွားပြီ..
သားလေ့ကျင့်တာ များသွားပြီထင်တယ်…...
ဒေါ်မုနော်…. ဘယ်မှာလဲပြစမ်း… ဟုတ်ပါရဲ့…. ၃
ပေါင်တောင်ကျသွားပြီ….သားလေးသိပ်ပင်ပန်းနေပြီ…လေ့ကျင့်ခန်းလျှော့လိုက်တော့…
ဖိုးလမင်း သဘောကျသွားပါသည်။
ကာတွန်းကားကိုဇိမ်နှင့်ထိုင်ကြည့်နေသည်။
လမ်းလျှောက်စက်ပေါ်မတက်တော့ပါ…….
ပေါင်ချိန်လျှော့သွား၍ ဒေါ်မုနော်လဲ သူ့သားကို ဘာမှမပြောတော့ပါ။
ဖိုးလမင်း ဒီတစ်လောဇိမ်ကျနေသည်။
စားလိုက် ကာတွန်းကား ကြည့်လိုက်….
လာကစားကြသူများလည်း ပေါင်ချိန်လျှော့သွားကြသဖြင့် နေ့တိုင်း
မလာကြတော့ပါ။ ရက်ခြားမှဘဲလာကြသည်။
လမ်းလျှောက်စက်နှင့် လေ့ကျင့်ခန်းလုပ်သောစက်များလဲ နားနေကြရပါသည်။
၁၅ ရက်လောက်နေပြီး ကျနော်လဲ ပေါင်ချိန်ကို ဖြေးဖြေးချင်း
ထပ်တင်သည်။ ဆယ်ရက်အတွင်း ပုံမှန်ထက် ၅ ပေါင် ထပ်တင်လိုက်သည်။
ပထမဆုံး သတိထားမိသူက ဖိုးလမင်း တမနက် အိပ်မှုံစုံမွှားနှင့်ထလာပြီး
ပေါင်ချိန်တော့ ၈၀ ပေါင်မှာ ပြနေသည်။ ဒီကောင်မျက်လုံးကို
သေသေချာချာပွတ်ပြီး ပြန်ကြည့်သည်။ ၈၀ ပေါင် သေချာနေပြီ။
အသာအယာဘေးကို လှမ်းကြည့်လိုက်သည်။ ဘယ်သူမှမရှိကြ။ အသာလေး
ပေါင်ချိန်စက်မှ ဆင်းလိုက်သည်။ ပြီးတော့ ပေါင်ချိန်စက်နှင့်
ခပ်ဝေးဝေးမှာဘဲ နေတော့သည်။ အနားကိုမကပ်တော့။ ကျနော် တံခါးကွယ်ပြီး
သူ့ကိုကြည့်နေသည်။
ဝိတ်တက်နေသော်လည်း လမ်းလျှောက်စက်ပေါ်မတက်သေး၊ ခလေးဆိုတော့
ပျင်းနေသည်။ ညနေ တူမလေးရောက်လာပြီး ပေါင်ချိန်တော့ ၅ ပေါင်
တိုးနေသည်။ အရင်က ပုံမှန်ထက် ၃ ပေါင် လျှော့နေရာကနေ ပုံမှန်ထက် ၅
ပေါင် တိုးသွားတော့ အသွားအပြန်နှင့်ဆို ၈ ပေါင် တိုးနေပြီ။
မျက်လုံးပြူးသွားသည်။
ဘုရား၊ ဘုရား.. စားကောင်းကောင်း.. အိပ်ကောင်းကောင်း..
နေလိုက်တာနဂိုထက် ၅ ပေါင် တက်နေပါလား။ နောက်ထပ် နှစ်ဆ
ထပ်လုပ်ရတော့မယ်….
နောက်တူတစ်ယောက် ရောက်လာပြန်သည်။ ဟ….ငါ့ပေါင်ချိန်တွေတက်နေပါလား………
မဖြစ်ဘူး….အစားထပ်လျှော့ရတော့မယ်။
နောက်တစ်ယောက်…. ဒေါ်မုနော်.. တက်လိုက်သည်။ အမလေး….ဘုရားရေ…ဘယ်တုံးက
ဒီလောက်တောင် ၀ိတ်တွေတက်နေရတာလဲ.. သိပြီ.သိပြီ….. ငပိရေ
သုံးလေးရက်လောက် စားထားတဲ့တန်ခိုးတွေ ပြနေပြီ…
ဟဲ့…ဟဲ့….ဟိုကောင်လေးဘယ်ရောက်နေလဲ….ဖိုးလမင်း…. လာအုံး…..
ဖိုးလမင်း မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ရောက်လာသည်။ ဒီကောင်လေးက
ရိပ်မိနေပြီ။
အမေသားကိုဘာခိုင်းမလဲ……
ဘာမှမခိုင်းဘူး…ပေါင်ချိန်ပေါ်တက်စမ်း…….
အမေကလဲ…သားပေါင်ချိန်တွေလျှော့နေတယ်လေ……
နင်မရှည်နှင့်..တက်မှာသာတက်စမ်း……
ဖိုးလမင်းခေါင်းကုတ်ပြီးတက်လိုက်ပါသည်။
အမလေး…နင့်ပေါင်ချိန် ၈၀ ကျော်သွားပြီ…..
နင်လမ်းမလျှောက်တာ ဘယ်နှစ်ရက်ရှိနေပြီလဲ.. အစာဘဲနင်းကန်ပြီးစားနေ…
နင့်ကိုလွတ်ထားလို့မရတော့ဘူး….ဒီနေ့ကစပြီးလမ်းပြန်လျှောက်တော့…တစ်နေ့
၁၅ မိနစ်သုံးကြိမ်လျှောက်ရမယ်..
ဒေါ်မုနော်သူ့သားဖိုးလမင်းကိုအမိန့်ချမှတ်လိုက်သည်။
ဟာ..အမေ.. တစ်နေ့ကို သုံးကြိမ်လျှောက်ရမယ်…
အရင်တစ်နေ့တစ်ကြိမ်ဘဲလေ….
ဖိုးလမင်း အတွန့်တက်နေသည်။ သူ့အမေ တစ်ချက်လွတ်အမိန့်ကိုတော့
လွန်ဆန်၍မရပါ……..
ဖိုးလမင်း ကာတွန်းကား ထိုင်ကြည့်မရတော့ပါ။ လမ်းလျှောက်ရင်းနှင့်ဘဲ
ကြည့်နေရသည်။ ဒီကောင်လေး တော်တော်စိတ်ညစ်သွားပါသည်။
ပေါင်ချိန်တက်သောဒဏ်ကို သူအခံရဆုံး….
ကျနော့်အိမ်မှ လမ်းလျှောက်စက်နှင့် လေ့ကျင့်ခန်းလုပ်သောစက်များလည်း
မနားရတော့ပါ။ လူသာလဲသွားသည်။ စက်ကတော့မနားရပါ။ နောက်ပြီး
အစားလျှော့ကြသောကြောင့် ထမင်းလဲ သိပ်မချက်ရတော့ပါ။
နောက်တစ်ပတ်မှာတော့ တစ်ဖြေးဖြေးနှင့်
ပေါင်ချိန်ပြန်လျှော့လိုက်ပါသည်။ လူတွေအားလုံး
ပုံမှန်ပြန်ဖြစ်သွားကြသလို စက်လည်း
ပုံမှန်ဖြစ်သွားပါပြီ….လေ့ကျင့်ခန်းကိုလဲ အရင်ကလောက် အပြင်းအထန်
မကြိုးစားတော့ပါ။
ဒါပေမယ့် ပထမအကြိမ်ကဲ့သို့ နားလိုက်တာတွေ ရပ်လိုက်တာတွေ
မရှိတော့ပါ။ လေ့ကျင့်ခန်းကို ပုံမှန်ပြန်လုပ်နေ ကြပါသည်။
Alert ဆိုသည်မှာ သတိပေးသံ၊ သတိပေးသည်ဟု ဘာသာပြန်ရပါမည်။
အလွယ်ကူဆုံး အသုံးအနှုန်းဖြစ်သော Tsunami Alert သည် ဆူနာမီ
ကြိုတင်သတိပေးသံလို့ဘဲ ပြောရပါမည်။
ဤဆူနာမီသတိပေးသံကို ကြားပါက ဘာမှစဉ်းစားတွေဝေမနေပါနှင့်….
ပြေးစရာရှိပါကလွတ်ရာကျွတ်ရာသို့ပြေးပေတော့……
ထိုအတူပေါင်ချိန်စက်သည်လည်း ကျနော်တို့ကျန်းမာရေး သတိပေးစက်ဟု
တင်စားရပါမည်။ ရှိသင့်သည်ထက် ပိုနေလျှင်၎င်း၊ လျှော့နေလျှင်၎င်း
ကိုယ့်ကျန်းမာရေးကို ပြန်စစ်ပြီး ပြင်ဆင်သင့်တာကို ပြင်ဆင်ရမည်။
စစ်ဆေးစရာရှိတာများကို စစ်ဆေးရမည်။ ကျနော် လမ်းလျှောက်စက်၊
လေ့ကျင့်ခန်းလုပ်သောစက်များကို ၀ယ်စဉ်က အားကစားပဒေသာမှ
ပေါင်ချိန်စက်ကိုပါ ၀ယ်သွားရန် တိုက်တွန်းခဲ့သည်။ ထိုစဉ်က
ကျနော့်စိတ်ထဲတွင် မလိုအပ်ဟု ထင်ခဲ့မိပါသည်။
ယခုမှပေါင်ချိန်စက်အရေးကြီးပုံကိုသိပါတော့သည်။ ။
|
|
|
|
|
 |
|
|
|
| |
|
|
ADVERTISEMENT |
 |
|
|
|
|
|
|
|
|