|
ဦးကြွားကြီးမိသားစုကောင်းမှု
ကျနော်တို့မြို့ကလေးမှာ အဖိုးလက်ထက်ကတည်းက ကိုးကွယ်ခဲ့သော
ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပါသည်။
အဖိုးမှ အမေ့မောင်နှမများ၊ အမေမှ ကျနော်တို့မောင်နှမအားလုံး
ဆက်လက်ကိုးကွယ်ခဲ့ပါသည်။ ကျနော့်ဦးလေးများမှစ၍ ကျနော်တို့
ညီအစ်ကိုအထိ ငယ်စဉ်က ဤဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ခဲ့ကြပါသည်။
အဖိုးသည် ဤဘုန်းကြီးကျောင်းအတွက် လိုအပ်ချက်များကို တတ်နိုင်သရွှေ့
ဖြည့်ဆည်းပေးခဲ့သည်။
အဖိုးသည် ငယ်စဉ်က အ၀တ်တထည်ကိုယ်တစ်ခုနှင့် တရုတ်ပြည်မှ
ရောက်ခဲ့ပါသည်။ ငွေအရင်းအနှီးလုံးဝမရှိသောကြောင့် လုပ်အားစိုက်၍
ဝမ်းရေးအတွက် ငွေရှာခဲ့ရပါသည်။ အဖိုးငယ်စဉ်က ၀က်သတ်သောအလုပ်ကို
လုပ်ခဲ့ရပါသည်။ တဖြေးဖြေး လုပ်ရင်းကိုင်ရင်း အရွယ်ရောက်လာတော့
ဝက်ထောင်မှူး(၀က်သတ်လိုင်စင်)ဘ၀သို့ ရောက်ခဲ့ပါသည်။
အဖိုးသည် တရုတ်လူမျိုးစစ်စစ်ဖြစ်သော်လည်း သူတပါးအသက်ကိုသတ်ခြင်းသည်
အကုသိုလ်ဖြစ်စေသည် ဆိုသော အယူကို အဖိုး လက္ခံခဲ့ပါသည်။ သို့သော်လည်း
ကိုယ်ကျွမ်းကျင်သောအလုပ်ဖြင့်သာ မိသားစုအားလုံးအတွက်
ရှာဖွေနေရသောကြောင့် အဖိုး ၀က်ထောင်မှူးဘ၀ကို
မစွန့်လွှတ်နိုင်ခဲ့ပါ။
အဖိုးသည် သူလုပ်ခဲ့သော အကုသိုလ်အလုပ်ကို ချေဖျက်နိုင်ရန်
အလှူအတန်းများ လုပ်ပေးလေ့ရှိပါသည်။ ရပ်ရေးရွာရေး၊ ဘာသာရေး၊
သာသနာရေးအားလုံးကို ကူညီလေ့ရှိပါသည်။ ကျနော်တို့ကိုးကွယ်သော
ဘုန်းကြီးကျောင်းမှ အဖိုးကို ပစ္စည်းလေးပါးဒါယကာအဖြစ်
သတ်မှတ်ထားပါသည်။
နှစ်စဉ်နှစ်တိုင်း အဖွားဆုံးသောနေ့တွင် အဖိုး
အလှူလုပ်ပေးလေ့ရှိသည်။ ဒီအလှူနဲနဲထူးခြားပါသည်။
ထမင်းနှင့်ပဲကုလားဟင်း သက်သတ်လွတ်ကို ကျွေးပါသည်။ ခြံထဲမှ
ငှက်ပျောဖက်အရှည်များကို အရှည်လိုက် လူငါးဆယ်စာ ခင်းထားပါသည်။
ငှက်ပျောဖက်ပေါ်တွင် ထမင်းနှင့် သက်သတ်လွတ်ပဲကုလားဟင်းကို
ထည့်ပေးထားပါသည်။ တစ်သုတ်ပြီးတစ်သုတ် လာသမျှကို
ငှက်ပျောဖက်အသစ်လဲလှယ်ပြီး ထမင်းဟင်းထည့်ကျွေးလေ့ရှိသည်။
အဖိုး၏အလှူမှာ သတ်မှတ်ချက်တစ်ခုတော့ရှိသည်။ လာစားမည့်သူအားလုံး
ခလေးများသာဖြစ်ရမည်။ လူကြီးမပါစေရ။ လာသမျှခလေးအားလုံးကို ကျွေးသည်။
စားပြီးလျှင် ခလေးတစ်ယောက်ကို ငါးမူးမုန့်ဘိုးပေးပါသည်။
ဤအလှူရောက်တိုင်း ကျနော့်သူငယ်ချင်းအားလုံးကိုလည်း လာစေခဲ့ပါသည်။
စားပြီးလျှင်ရသောမုန့်ဘိုးနှင့် မုန့်ထပ်ဝယ်စားကြပြန်ပါသည်။
ငယ်စဉ်ကခလေးများကိုသာ ကျွေးခဲ့သော အဖိုး၏စိတ်ကို
ကျနော်နားမလည်ခဲ့ပါ။ ဟန်ဆောင်မှုကင်းပြီး
ရိုးသားဖြူစင်သောခလေးများကိုမှ ချစ်တတ်သော အဖိုး၏အတွင်းစိတ်ကို
ကျနော် အသက်ကြီးမှ နားလည်လာခဲ့ရပါသည်။ ဟန်ဆောင်အပြုံးများနှင့်
ပိုလွန်းနေသော လောကွတ်များ.. မြင့်နေသူများကိုဖားပြီး…
နိမ့်နေသူများကို ဖိနေကြသောသူများ၏ကြားတွင် လှုပ်ရှားသွားလာပြီးမှ
ငယ်စဉ်ဘ၀က ရခဲ့သော အဖြူရောင်နှလုံးသားကို ပြန်တမ်းတမိပါသည်။
ဘေးပတ်ဝန်းကျင်အားလုံး ဟန်ဆောင်မှုတွေနှင့်သာ ဖုံးလွမ်းနေပါသည်။
အချိန်အတိုင်းအတာတစ်ခုမှာ အဖိုးကွယ်လွန်သွားပြီးဖြစ်သလို
ကျောင်းထိုင်ဘုန်းကြီးလည်း ပျံလွန်သွားပါပြီ။ ယခုဆိုရင်
ကိုရင်ဝတ်စဉ်က လက်ထောက်ဘုန်းကြီးလည်း ကျောင်းထိုင်ဖြစ်နေပြီ။
ဤဘုန်းကြီးကျောင်းနှင့်ပတ်သတ်သော ရင်းနှီးမှုသည်
ကျနော်တို့လက်ထက်အထိ လျှော့မသွားခဲ့ပါ။ ကျနော်တို့အားလုံးလည်း
အစဉ်အလာမပျက်စေခဲ့ပါ။
ကျနော်တို့ဘုန်းကြီးကျောင်းတွင် စာသင်သားတွေများပါသည်။
ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင်လဲ စာပို့ချနေပါသည်။ နယ်မှ
ဘုန်းကြီးကျောင်းများတွင် ကျယ်ဝန်းသောမြေများရှိပါသည်။ ထို့ကြောင့်
စာသင်သားများအတွက် ကျောင်းတစ်ဆောင်ပြီးတစ်ဆောင် ပေါ်ထွက်လာခဲ့ပါသည်။
ငယ်စဉ်က ကိုရင်မ၀တ်ခင် ဘုရားစာသင်ခဲ့ရသော
ကျောင်းထိုင်ဘုန်းကြီးအဆောင်က မပြောင်းလဲပါ။ လွန်ခဲ့သော
အနှစ်လေးဆယ်ကျော်ကအတိုင်း ပုံမပျက်….သစ်သားကျောင်း……
ကျောင်းထိုင်ဘုန်းကြီးကို ကျောင်းအသစ်ဆောက်ပေးမည်လျှောက်တိုင်း
စာသင်ကျောင်းများအတွက်သာ ဦးစားပေး၍ လှူစေခဲ့သည်။ စာသင်သားများ၏
လိုအပ်ချက်ကိုသာ ဦးစားပေးဆောင်ရွက်စေခဲ့သည်။
ပြီးခဲ့သောနှစ်တွင် ကျနော်တို့ညီအစ်ကိုများ၊ ဤဘုန်းကြီးကျောင်းတွင်
ကိုရင်ဝတ်၊ပဉ္စင်းခံခဲ့ကြသော သူငယ်ချင်းများစုပြီး
ကျောင်းထိုင်ဘုန်းကြီးအဆောင် သစ်သားဆောင်မှတိုက်အဆောင်သို့
ဘ၀ပြောင်းရန် အတင်းအကျပ် ၀ိုင်းလျှောက်ကြပါသည်။ ဒကာရင်းများဖြစ်သော
ကျနော်တို့သူငယ်ချင်းများ အတင်းအကြပ်နားချမှုကြောင့်သာ
ကျောင်းထိုင်ဘုန်းကြီး လက္ခံခဲ့ရသည်။ ကျောင်းထိုင်အဆက်ဆက်
သီတင်းသုံးခဲ့သောအဆောင်ဖြစ်ခြင်းကြောင့်လည်း ဤသစ်သားကျောင်းကို
ကျောင်းထိုင်ဘုန်းကြီး တော်တော် တန်ဘိုးထားခဲ့ပါသည်။ ထိုကြောင့်
ခေတ်အဆက်ဆက်က ဆောက်လုပ်ရန် ငြင်းပယ်ခဲ့ခြင်း ဖြစ်ပါသည်။
ဘယ်ရာမှမတည်မြဲပါ။ အနှစ်လေးဆယ်သက်တမ်းရှိသော သစ်သားကျောင်းဆောင်သည်
ကျနော်တို့ ကိုရင်ဝတ်စဉ်ကကဲ့သို့် တောင့်တင်းခိုင်ခန့်မှု
မရှိတော့ပါ။ ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်မရှိတော့ပါ။
ပြင်ဆင်ခြင်းထက် အသစ်ဆောက်လုပ်ခြင်းက ပို၍သင့်တော်ပါမည်။
ကျောင်းထွက်ဒကာများ၏ မေတ္တာရပ်ခံချက်ကြောင့်၎င်း၊ ပျက်စီးစပြုနေသော
ကျောင်းအခြေအနေကြောင့်၎င်း၊ ဘုန်းကြီး လက္ခံခဲ့ရခြင်းဖြစ်သည်ဟု
ကျနော်တို့အားလုံး နားလည်လိုက်ပါသည်။
တစ်နှစ်ကြာပြီးနောက် အရင်သစ်သားကျောင်းဆောင်နေရာမှာ
တိုက်ဆောင်အဖြစ်သို့ ပြောင်းလဲခဲ့ပါပြီ။
ကျောင်းဝင်ပေါက်အနီးမှာရှိသော တိုက်အဆောင်ကို မြင်သူတိုင်း
ဆောက်လုပ်လှူဒါန်းခဲ့သော ဒါယကာများအတွက် သာဓုခေါ်ပေးကြပါသည်။
ကျောင်းဆောက်လုပ်နေစဉ်အတွင်း တစ်ယောက်တစ်လှည့်စီ
အလုပ်များနေသည့်ကြားမှ လာရောက်ကြည့်ရှုစောင့်ကြည့်ပေးခဲ့ပါသည်။
အုတ်မြစ်ချရာမှ တစ်ပေချင်း တစ်ပေချင်း မြင့်တက်လာသော အဆောက်အဦးကို
ကြည့်ရင်း အားလုံး ၀မ်းသာပီတိဖြစ်ခဲ့ရပါသည်။
တိုက်ကျောင်းပြီးစီးသွားသောနောက်မှာတော့ ကျနော်တို့ နေ့စဉ်
ဘုန်းကြီးကျောင်းသို့ မရောက်ဖြစ်တော့ပါ။ နှစ်ပတ်တစ်ခါ၊
တစ်လတစ်ခါလောက်သာ ရောက်ဖြစ်ပါတော့သည်။
တစ်ရက် ဘုန်းကြီးမှာလိုက်သောကြောင့်
ကျနော်တို့သူငယ်ချင်းများအားလုံး
ဘုန်းကြီးကျောင်းသို့ရောက်ခဲ့ပါသည်။
မြို့ကဦးကြွား
မုဒ်ဦးဆောက်ပေးချင်လို့တဲ့…..ငါ့ဒကာတွေရဲ့သဘောဘယ်လိုလဲ…..
အရှင်ဘုရားသဘောပါလို့ အားလုံးလျှောက်ကြပါသည်။
နယ်မှဘုန်းကြီးကျောင်းဆိုတော့ အုတ်စည်းရိုးမခတ်ထားပါ။
မုဒ်ဝရယ်လို့လဲမလုပ်ထားကြပါ။ သစ်သားပြားပေါ်မှာ သင်္ဘောဆေးနှင့်
ကျောင်းနာမည်ကိုသာ ရေးထားပါသည်၊၊ မြို့မှာနေသောဦးကြွားက
မြို့အမြင်ရှိသောကြောင့် ကျွန်တော်တို့ကျောင်းကို လှလှပပဖြစ်စေရန်
မုဒ်ဝ ဆောက်ပေးမည်။ အုတ်စည်းရိုးကိုလည်း မုဒ်ဝနံဘေးမှာ
ဆောက်လုပ်ပေးမည်။ အုတ်စည်းရိုးအစအဆုံးတော့ ဒီအချိန်မှာ
မတတ်နိုင်သေးပါ။ သူအတတ်နိုင်ဆုံးလုပ်ပေးမည်ဟု
ဆရာတော်ဆီမှာလျှောက်ခဲ့ပါသည်။
ကျောင်းအတွက် စေတနာထားလုပ်ပေးသူမှန်သမျှကို
ကျွန်တော်တို့ကြိုဆိုပါသည်။ ကျနော်တို့သူငယ်ချင်းအားလုံးကလည်း
မုဒ်ဝနှင့် အုတ်စည်းရိုးအတွက် ထပ်ပြီးလှူပေးပါမည်။ အားလုံး
စုပေါင်းပြီး လုပ်ကြတာပေါ့လို့ တိုင်ပင်ကြတော့ ဦးကြွားလက်မခံပါ။
ဒီတစ်ကြိမ်သူတစ်ဦးတည်းလုပ်ပါရစေတဲ့……..
သူပြောတာကျနော်နားမလည်ပါ…ကျောင်းတစ်ဝန်းလုံး အုတ်စည်းရိုးခတ်ရန်
သူမတတ်နိုင်လို့သူပြောခဲ့သည်။
အခုအားလုံးစုထည့်ပြီး လုပ်မည် ပြောတော့လည်း သူလက်မခံ…
သူတစ်ယောက်တည်းလုပ်မယ်တဲ့……
ထားလိုက်ပါတော့…….ကျောင်းတစ်ဆောင်လုံးလှူခဲ့ပြီးပြီ………မုဒ်ဝလှူတာလောက်ကိုတော့ဦးကြွားတစ်ယောက်တည်းလုပ်ပါစေ…လို့
သူငယ်ချင်းအားလုံး သဘောတူလိုက်ကြပါသည်။
ဦးကြွား၏မုဒ်ဝနှင့် ခြံစည်းရိုးပြီးသွားပြီလို့
ဆရာတော်အကြောင်းကြားလာတော့ စိတ်ထဲမှာ မြန်လှချည်လားလို့
ထင်မိပါသည်။ ဦးကြွားဆောက်ပေးထားသောမုဒ်ဝသည် သပ်ယပ်ခန့်ညားပြီး
ဆရာတော်ကျောင်းအသစ်နှင့်လည်း လိုက်ဖက်ပါသည်။ မုဒ်ဝကို
နဂိုမူလလမ်းဟောင်းမှ ဆရာတော်တိုက်ကျောင်းအနီးသို့
နဲနဲရွှေ့ပြီးဆောက်ထားပါသည်။ ခြံစည်းရိုး တစ်ဖက် ပေ ၂၀ စီ
ဆောက်ထားပေး ပါသည်။ ကျန်အုတ်စည်းရိုးကို အဆင်ပြေရင်
ဆက်လုပ်ပေးမည်ဟု ပြောခဲ့ပါသည်။
သူတစ်ပါးအလှူကိုတော့ အပြစ်မပြောလိုပါ။
မုဒ်ဝကိုရှယ်ဆောက်ထားပြီး တစ်ဖက် ပေ ၂၀ အုတ်စည်းရိုး….
ကျန်တာက တောခြုံခြံစည်းရိုး…
အမြင်မှာ ဘယ်လိုမှကြည့်မကောင်းပါ။ အုတ်စည်းရိုးအပြည့်နှင့်
မုဒ်ဝဆိုရင် အရမ်းကြည့်ကောင်းပါမည်။
အခုကျတော့ မုဒ်ဝနှင့်အုတ်စည်းရိုး တပိုင်းတပျက်…..
ဘယ်လိုမှကြည့်၍မတင့်တယ်ပါ…..
တစ်ချိန်ချိန်မှာ အမြင်တင့်တယ်စေရန် အကောင်းဆုံးလုပ်ပေးကြဘို့
အားလုံးတိုင်ပင်ခဲ့ကြပါသည်။
ပြီးတော့ ဒီအကြောင်းကို မေ့မေ့ပျောက်ပျောက်…………
တစ်ရက် သူငယ်ချင်းတစ်စု စာစောင်တစ်စောင်ကိုကိုင်ရင်း
ကျနော့်ဆီသို့ရောက်လာပါသည်။ အားလုံးမျက်နှာများသည် နီမြန်းနေပြီး
စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။
ရော့…မင်းဖတ်ကြည့်ပါ……ဓါတ်ပုံ..၄…ပုံ၏အောက်မှာ အလှူ့ရှင်အမည် ……
….အလှူ့ရှင်ဦးကြွားကြီးမိသားစုကောင်းမှု….အော်…ဦးကြွားကြီးအလှူတွေပါလား….
မင်းတို့ဘာဖြစ်နေကြတာလဲ……အလှူရှင့်အတွက်မုဒိတာပွားလိုက်စမ်းပါ………
မပွားနိုင်ဘူးဟေ့…….ဒီဓါတ်ပုံကိုမင်းသေသေချာချာကြည့်စမ်း…..
ကျနော်သေသေချာချာကြည့်လိုက်တော့ ဦးကြွားမုဒ်ဝနောက်မှာ
ကျနော်တို့ဘုန်းကြီးကျောင်းပုံ။
ဓါတ်ပုံဆရာ ရိုက်ချက်တော်ပါသည်။
ဓါတ်ပုံထဲမှာ ခြံစည်းရိုးအပြည့်နှင့် မုဒ်ဝနောက်က
ကျောင်းအသစ်အောက်မှာက အလှူ့ရှင်ဦးကြွားကြီးမိသားစုကောင်းမှု…..
ကျနော်သဘောပေါက်လိုက်ပါသည်။ သူငယ်ချင်းများ၏စိတ်ကိုလည်း
ကျနော်နားလည်လိုက်ပါပြီ……
သူ့ဓါတ်ပုံ…သူ့စာအရ…ကျနော်တို့အားလုံး ဆောက်လုပ်လှူဒါန်းခဲ့သော
ကျောင်းတစ်ဆောင်လုံးဟာ
ဦးကြွားကြီး၏အလှူဖြစ်သွားရပါပြီ……
ကျန်နေသေးသော ဓါတ်ပုံသုံးပုံကိုကြည့်မိတော့
ကျနော်တို့ဘုန်းကြီးကျောင်းဓါတ်ပုံနှင့် ခတ်ဆင်ဆင်ပါဘဲ…….
တစ်ခုနှင့်တစ်ခုမတူသော မုဒ်ဝများ၏နောက်မှ
ကျောင်းဆောင်အသစ်များပုံ……
အားလုံးကို သူ့အလှူလို့ မသိသူများကထင်ရော့မည်….
တော်ပါပေတယ်ဦးကြွားကြီးရယ်………
ဒကာတို့..ဗြဟ္မစိုရ်တရားလေးပါးကိုမမေ့ထားကြပါနဲ့…..
၃၁ ဘုံသားအားလုံးကို မေတ္တာထားလိုက်ကြပါ….
ကိုယ့်ထက်နိမ့်သောသူတွေကိုလည်း ကရုဏာထားနိုင်ရမယ်……
နဲတယ်များတယ်လို့မဟုတ်ဘူး…..ကိုယ့်လိုမျိုးလှူနိုင်တန်းနိုင်တဲ့လူအားလုံးကိုလည်း
မုဒိတာပွားနိုင်ရမယ်……
ကိုယ်အတွက်လဲအကျိုးမရှိဘူး..သူများအတွက်လဲအကျိုးမရှိတဲ့အရာမျိုးကိုတော့
ဥပေက္ခာတရားကိုလက်ကိုင်ထားရမယ်….
ကိစ္စတစ်ခုကို.. ကိုယ်ဥပေက္ခာမပြုနိုင်လို့ မေတ္တာလဲမထားနိုင်တော့ဘူး၊
မုဒိတာလဲမပွားနိုင်တော့ဘူး….ဆိုရင်
ကိုယ့်ရဲ့စိတ်တွေဟာညစ်နွမ်းလာလိမ့်မယ်။ ဒီညစ်နွမ်းတဲ့စိတ်ဟာ
ကိုယ့်ကိုကိုယ်သာ ထိခိုက်စေတယ်။
ဒကာတို့ ဥပေက္ခာပြုလိုက်ပါ၊
မေတ္တာထားလိုက်ပါ…ကရုဏာထားလိုက်ပါ…မုဒိတာပွားလိုက်ပါ…
စိတ်တွေအလိုလိုကြည်လင်လာလိမ့်မယ်…….
ကရင်လူမျိုးဖြစ်သော စာချဆရာတော်ကြီးသည် အညာဘုန်းကြီးတွေလို
တရားဟော၊ တရားပြမတော်ပါ၊ ဒါပေမဲ့ ဆရာတော်ကြီး၏ ဆိုလိုရင်းကို
ကျနော်တို့အားလုံး နားလည်ပါသည်။
ကျောင်းထိုင်ဘုန်းကြီးဟောသောတရားများကို ကျနော်တို့ ငြိမ်သက်စွာ
နာယူနေကြပါသည်။
ဆရာတော်ကြီးကိုပြန်၍လည်း မလျှောက်ဝံ့ပါ…
ကျနော်တို့အားလုံး စေတနာသုံးတန် ပြတ်သားစွာဖြင့် ကျောင်းကို
ဆောက်လုပ်လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ လှူခဲ့သောအလှူအတွက် စိတ်ထဲမှာ
နှမျောတွန့်တိုခြင်း စိုးစဉ်းမျှမရှိခဲ့ပါ။ ဦးကြွားကြီးလှူခဲ့သော
မုဒ်ဝအတွက်လည်း ကျနော်တို့ မနာလိုမဖြစ်ခဲ့ပါ။
မုဒိတာပွားခဲ့ကြပါသည်။
သို့သော်… ရွာသားအလှူ သူကြီးကောင်းမှု ….ပုံစံမျိုး လုပ်ခဲ့သော
ဦးကြွားကြီး၏လုပ်ရပ်ကိုသာ ပုထုစဉ်လူသားပီပီ ကျနော်တို့ မကျေမနပ်
ဖြစ်ခဲ့ရပါသည်။ ဒီအကြောင်းကိုတွေးမိတိုင်း မကျေမနပ်နှင့်
ဒေါသစိတ်ဖြစ်ခဲ့ရပါသည်။ ထိုဒေါသကြောင့် သွေးတိုးပြီး ဇက်ကြောတက်
ခေါင်းကိုက် ဖြစ်ခဲ့ရပါသည်။ ဒီအကြောင်းကိုမတွေးမိရင်တော့
လူဘာမှမဖြစ်ပါ။ တွေးမိပြီဆိုလျှင် ဝေဒနာမျိုးစုံတက်လာပါသည်။
ထို့ကြောင့် ဒီအကြောင်းကို ခေါင်းထဲမှ အတတ်နိုင်ဆုံး
ထုတ်ထားလိုက်ပါသည်။
ဆရာတော်ဟောပြထားသော ဥပေက္ခာတရားကို လက်ကိုင်ထားပြီး
ကျနော်နေတတ်အောင် ကြိုးစားပြီးနေပါတော့မည်။ ။ |