Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main »

 

မန္တလေးဆောင်သို့အမှတ်တရ

မန္တလေးဆောင်ဆိုတာ တက္ကသိုလ်ရိပ်သာလမ်း ၀င်ပေါက်ကနေ အဓိပဓိလမ်းအတိုင်းလာရင် စစချင်းတွေ့ရတဲ့ လက်ဝဲဘက်က အဆောင်ပေါ့….. ဒီအဆောင်တည်နေရာဟာ….. အဓိပတိလမ်းကိုမျက်နှာမူထားတယ်… ကျောချင်းကပ်ဖိုခနောင့်ဆိုင်…… အဆောင်လေးခုအနက် တစ်ခုပေါ့ဗျာ…..ကျန်အဆောင်တွေက အမရ၊ ရာမည၊ တောင်ငူ ဆောင်တို့ဖြစ်ပါတယ်…..

ဟိုး…အရင် တက္ကသိုလ်ဖွဲ့ဝတ္ထုတွေမှာ မပါမဖြစ်ပါတဲ့… ဦးချစ်ဆိုင်….တို့… တောင်ငူကင်တင်းတို့… အရှည်ကြီးဆိုင်တို့…ရွှေပိတောက် ထမင်းဆိုင်တို့နှင့် နီးနီးလေးမှတစ်ကယ့်နီးနီးလေး…..ပါဘဲ.

မန္တလေးဆောင်စတည်တဲ့နှစ်ကို မမှတ်မိပေမဲ့.. တည်နေရာ… တည်နေပုံ ထူးခြားတာကို သတိပြုမိပါတယ်…. ပြောရရင် ဘူမိဗေဒ ကျောင်းသားတွေကို သင်ကြားပို့ချပေးတဲ့ စာသင်ဆောင်၊ မန္တလေးဟာ ဘာဖြစ်လို့ ၀ိဇ္ဇာသမားတွေ ၀ိဇ္ဇာပညာရပ်တွေဖြစ်တဲ့ မြန်မာ၊ သမိုင်း၊ ပထ၀ီ၊ အင်္ဂလိပ်စာ စတဲ့ပညာရပ်တွေ ပို့ချတဲ့အဆောင်တွေကြားမှာ လာတည်နေရတာလဲ……
ဘူမိဗေဒကော ၀ိဇ္ဇာလား၊ သိပ္ပံလား…..
အမှန်က ဘူမိဗေဒဘာသာရပ်ကို သီးခြားတက္ကသိုလ်တစ်ခုအဖြစ် ခွဲထုတ်ပြီး သင်ကြားဖို့ ယခင်…ယခင်က အစီအစဉ်ရှိခဲတယ်လို့ နှစ်ကြီးသမားတွေကတစ်ဆင့် ကြားခဲ့ဘူးပါတယ်…..

ကျနော်တို့စာသင်နှစ်မှာ ဒေသကောလိပ်မှတစ်ဆင့် လာတဲ့ဘာသာတွဲပေါ်မူပြီး ဘူမိမှာ Minor ယူတဲ့ဘာသာရပ်နှင့် Class ခွဲလိုက်ပါတယ်.. ဒေသကောလိပ်အဆင့်တုန်းက ဇီဝသမားတွေက ဘူမိမှာ Bio Section လူသိပြီး Minor ဓါတု၊ သချာင်္ ယူရပါတယ်…… သင်္ချာယူတဲ့သူက Math section လို့ခေါ်ပြီး မိုင်နာအဖြစ် ရူပ၊ သင်္ချာ ယူရပါတယ်…..

မန္တလေးဆောင်ဟာ အပြင်ပန်းထည်ဝါပေမယ့် အတွင်းကိုဝင်လိုက်တာနှင့် ရှေးဟောင်းနေရာကြီးတစ်ခုအလား ထင်မှတ်မှားမိပါသည်။
တစ်ကယ်လည်း ရှေးပဝေသဏီက…ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လေ့လာတဲ့ဘာသာရပ်လည်းပါလာသကိုး…..ဗျ…..
Paleontology လို့ခေါ်တာပေါ့ဗျာ…..
မန္တလေးဆောင်ပထမထပ်မှာ စတွေ့တဲ့အရာကတော့ ခြောက်ထောင့်ပုံ Quartz crystal (သလင်းကျောက်)ဘဲဖြစ်ပါတယ်။ တစ်ခါတစ်ရံ သူ့ကိုကြည့်ပြီး ချစ်သူနားမှာပန်ပေးဘို့ စိန်တုံးဘဲဖြစ်လိုက်ပါတော့လို့ဆုတောင်းမိသဗျ…..

ကျောင်းသားသစ်ဘ၀မှာ Lab ထဲက ကျောက်တုံးတွေကိုမြင်ရင် ဘယ်လမ်းဘေးကကျောက်တွေကိုများ ကောက်ထားလဲမသိလို့ တွေးမိပါတယ်…. ကြာလာတော့မှ တွေ့သမျှကျောက်တွေကို ချစ်တတ်၊ ကြည့်တတ်၊ ဆန်းစစ်တတ်လာပါသည်။ ဒီကတစ်ဆင့် တစ်ချို့ဆို မုန်းတောင်မုန်းလာတယ်….ဒါကြောင့်လဲ ကွင်းဆင်းလို့ပင်ပန်းရင် တစ်ချို့က စိုင်းထီးဆိုင်သီချင်းကို ဖျက်ပြီးဆိုတယ်…..
ဒီကမ္ဘာမှာ…ကျောက်…ကျောက်…ကျောက်မရှိရာမြေ….
တစ်နေရာ…ရှိ…ရှိ…ရှိရမယ်လေ…..
ဆိုမဲ့သာဆိုတာပါ….တစ်ကယ်တော့မမုန်းနိုင်ကြပါဘူး……

မန္တလေးဆောင်မှာ စာသင်ပေးတဲ့ဆရာတွေက အားလုံးလိုပါဘဲ….. အားလုံးထဲကကျနော် မှတ်မှတ်ရရဖြစ်တဲ့ အဖြစ်အပျက်တွေနှင့် ဆရာတွေကို ပိုပြီးသတိရနေပါတယ်……

တတိယနှစ်ကွင်းဆင်းစဉ်က ဆရာဦးမေတ္တာနှင့်ကျတဲ့ ကျောင်းသားများပါတယ်……လိုအပ်ရင်ရေးပါမယ်……
အဲဒီထဲကမှတ်မိတာ……ဆရာဦးတင်မောင်ညွန့်ပါ….
မြင်းတိုက်ကနေ..ကလောကို ရထားလမ်းကမသွားဘဲ…..တောလမ်းကဖြတ်ပြီး ရေပေးကန်ဆီရောက်ခဲ့တဲ့ခရီးစဉ်ကို အမှတ်ရဆဲပါဘဲ…
လမ်းမှာဆရာက ပရဆေးပင်နဲ့ပတ်သတ်တဲ့ပညာလည်း သင်ပေးပါတယ်……
ဥအုတတ်ပြီး အရွက်ပုံစံက ထင်းရူးပင်အသေးနှင့်တူပါသည်။ ဘာပင်လဲမေးတော့သားများဥလို့ပြောပါတယ်……. ဒါနဲ့စိတ်ဝင်စားပြီး စူးစမ်းမိတော့ အခြောက်လှန်းပျားရည်နှင့်ရောပြီးစားတော့ ကျားခွန်အားတိုးသတဲ့…. အရွယ်ရလို့ပြန်ဆင်ခြင်ကြည့်တော့
ဒါ…ရှည့်မတက်ပင်ကိုး…. သူတို့နယ်မှာအဲလိုဘဲခေါ်သကိုး…..

မန္တလေးဆောင်မှာ နောက်ဆုံးနှစ် Class ပြီးရင် အလည်သဘောသွားလေ့ရှိသော ဆရာဦးသော်တင့်အခန်းပါဘဲ……
သူ့အခန်းမှာ ရေနွေးကြမ်းနှင့်တည်ခင်းလေ့ရှိတယ် ရေနွေးဂေါက်လေးနှင့်ကြိုပြီး ရှမ်းပြည်က လ္ဘ္ဘက်ခြောက် နှပ်ပြီးသောက်ရတာ အလွန်ကောင်းပါသည်။ ဆရာ့အခန်းက အောက်ထပ်ဆင်းရင် ကျား…အခန်းကိုရောက်ပါတယ်……သိတယ်မဟုတ်လား…အပေါ့…အလေး..စွန့်တဲ့နေရာပါ…..အဲဒီအခန်းရဲ့ဟိုမှာဘက်အပြင်ဘက်ဟာ အတွဲများလာထိုင်လေ့ရှိတဲ့နေရာပါ။

တစ်နေ့….စာကလေးအပေါ့သွားချင်လို့ အဲဒီအခန်းထဲဆင်းမလို့လုပ်တုန်း ဆရာသော်က Peek the hole လို့ ပြောလို့ စာကလေး လိုက်ရှာကြည့်တယ်… ဟုတ်ပါတယ်… အိမ်သာဝန်းကျင်မှာ တစ်ဖက်အတွဲကိုချောင်းလို့ကောင်းအောင် ခံတပ်တွေ ကတုတ်တွေ အဆင့်ဆင့် ကာရံထားတာ အကျအနပါဘဲ…. ဒါကြောင့်လဲ အတွဲလောကမှာ မန္တလေးဆောင် အနောက်ဘက်ဟာ နာမည်ကြီးတာကိုး……

နောက်ပြီး အဲဒီတုန်းကcrystal တွေနှင့်ပတ်သတ်ပြီး ကဗျာလိုလိုသင်ပေးတဲ့ ဆရာဦးတင်ကျော်သန်းကလဲ မမေ့နိုင်စရာပါ။ ကျောက်တွေရဲ့ မာဆင့်(Hardness)နဲ့ ပတ်သက်လို့ မိန်းခလေးတွေဟာ အလျှော်၊ အဖွတ်၊ အချက်၊ အပြုတ်…စသည်ဖြင့် အဓိပ္ပါယ်ရတဲ့ The girl can fried ဆိုတဲ့စာသားလေးတွေကို မှတ်မိနေဆဲပါဘဲ…..

နှုတ်ခမ်းမွှေးနှင့်စတိုင်ကျတဲ့ ဆရာဦးမင်းဆွေ၊ ဆရာဦးဥာဏ်သင်း၊ ဆရာသင်း၊ ဆရာကြီးဦးဘသန်းဟက်၊ ဆရာဦးဝင်းနိုင်(Geophy) မှအစ ဆရာလေးဦးထွန်းစိုးထိ ဆရာမတွေကလဲ ဒေါ်ရင်ရင်နွယ်၊ ဒေါ်ဝင်းယုစိန်၊ ဒေါ်ဒေစီ စသည်ဖြင့်…..ဒါတွေနဲ့ခန့်ညားနေတဲ့ မန္တလေးဆောင်ပါ…..

ဟိုအမှတ်ရတာက…မန္တလေးဆောင်အိမ်သာပါဘဲ……တကယ်လို့…..ဒီစာရေးတဲ့ပုဂ္ဂိုလ်က အိမ်သာ အဆင့်ကနေမတက်ဘူးလား….လို့. မေးစရာရှိက ဖြေစရာရှိပါတယ်….ဒီလိုပါ မန္တလေးဆောင်အိမ်သာကလည်း သမိုင်းဝင်သင့်ပါသည်။ ကျနော်တို့နောက်ဆုံးနှစ်ဖြေတော့ စာမေးပွဲအချိန်စေ့ခါနီး ဆရာကြီးပါမောက္ခဦးဘသန်းဟက် ကိုယ်တိုင် စာဖြေခန်းထဲကပြောပါတယ်….စာမေးပွဲဖြေနေတုန်း အိမ်သာသွားသလိုနဲ့ စာခိုးကြည့်တဲ့ စာအုပ်ပိုင်ရှင်များ……စာအုပ်များကို စာမေးဖြေပြီးပါက ရုံးခန်း၌လာယူပါရန်……တဲ့….
မန္တလေးဆောင်၍ထိုကဲ့သို့ဖြစ်ခဲ့ပါသည်။

ဒေးကျောင်းသားများ…
ကျနော်တို့လို နယ်ကကျောင်းလာတက်သူတွေဟာ (Hostel) မှာနေရတယ်ခင်ဗျ… ရန်ကုန်မှာနေပြီး ကျောင်းလာတက်သူတွေကိုတော့ ဒေးကျောင်းသားတွေလို့ ပြောလေ့ရှိတယ်.. ကျနော်တို့ Hostel ကျောင်းသားအချင်းချင်းက ပိုခင်လေ့ရှိတယ်……နယ်ကဖြစ်လို့ လူရည်မလည်သူခြင်း ပိုရင်းနှီးတာမဆန်းပါဘူး…….. ရန်ကုန်သားတိုင်း ဒေးကျောင်းသားတိုင်း (တစ်ချို့အပြင်ဆောင်နေသူများကိုပင် ဒေးကျောင်းသားဟုခေါ်)လည်း လူလည်မဟုတ်ပါ….

ကျနော်မှတ်မိသမျှရန်ကုန်သားများထဲတွင်  မောင်မောင်ကျော်...
သူ့ကိုလူတိုင်းနီးပါးသိပါသည်။ အသိုင်းအ၀ိုင်းကောင်း၍၄င်း၊ ကိုယ်တိုင်ကလည်းနှံ့စပ်၍၄င်း ဖြစ်ပါသည်။ ပြောမနာဆိုမနာခင်ခဲ့သော သူငယ်ချင်းဖြစ်ပါသည်။ ဆေးပေါ့လိပ်သောက်ရင်း… တစ်ခါတစ်ရံထီးဆောင်းရင်း လာတတ်ပါသည်။ အဆောင်၌လာနေတတ်ပြီး ပြည်မှဝါးရင်းတုတ်အခန်း၌ နေပါသည်။ သူဆိုလေ့ရှိသောသီချင်းမှာ ရန်ကုန်မြို့ကြီးကိုဖြင့်….. ယောင်လည်လည်ရောက်လာခဲ့တယ်…..
မျက်လုံးလေးကလယ်… .ကလယ်… .အလဲ့…အလဲ့..ဖြစ်ပါသည်။ သာစည် Camp ၌ရှိစဉ်ကလည်း ရထားလမ်းဘေး(cross roll) ဘေး ရန်ကုန်ဆိုင်၌ ယမကာအရှိန်ဖြင့်ထိုခေတ်က Hit ဖြစ်သော သီချင်းဖြင့် ကလေ့ ရှိပါသည်။

တို့များကျေးတောရွာက…သာဂိတို့များ….အသားရယ် ဖြူပြန်သတော့…….
ဆိုသော မေဆွိ၏ နပန်းဆန်သီချင်းနှင့်ကပြီး တစ်ခါတစ်ရံဇော်ဝမ်း၏
မစိမ်းကားကြီး ဘယ်မှာမြူးလို့နေ ပျော်ပါးမြူးတူးရင်မှာလစ်ဟနေ……ဟုဖျက်ဆို၍လည်းကလေ့ရှိပါသည်။
ဘာအလုပ်မဆို အာဘောင်အာရင်းသန်သန်နှင့် တစ်ဖက်ကမ်းခတ် အစွမ်းကုန်လုပ်လေ့ရှိပါသည်။
ငကျော်….မင်းကိုလွမ်းမိသေးတယ်ကွာ………

ကံဦး
ဘယ်လိုရေစက်မှန်းမသိပါ၊ ရန်ကုန်သားတွေအနက် အလွန်အနွံအတာခံပြီး သိတတ်သောသူငယ်ချင်းပါ။ ကျနော်တို့ဘူမိဗေဒကို roll number 1 နှင့် ၀င်ပါသည်။ အမှတ်ကောင်းသဖြင့် ဆရာကြီးဦးဘသန်းဟက်ကိုယ်တိုင်က ဆေးပညာမမှီလည်း အခြားဘာသာရပ်တွေ ရှိလျှက်နဲ့ ဘူမိအဓိကဘာကြောင့်ယူခဲ့သလဲ …….ဟုအမေးခံရသူဖြစ်ပါသည်။ သူငယ်ချင်းတော်တော်များများပေါ်ကူညီလေ့ရှိပါသည်။

ဇော်လွှင်
တတိယမြောက် သိခွင့်ရသူဖြစ်ပါသည်။ သူကကျနော့်ထက်ကျနော်တို့မြို့မှနေ၀င်းနှင့် ပိုခင်ပါသည်။
ဖြူသီ……သီချင်း မိုင်ပေါင်းကုဋေစီးရီးခွေ ယူလာသဖြင့် ကျနော်၏ကားကက်ဆက်နှင့် ဖွင့်၍ နားထောင်ဖူးပါသည်။ အထူးသဖြင့် ဖြူသီ..သီချင်းခွေများ၌ပါသော အိန္ဒိယ ဘုရားဖူး……သီချင်းကို ကြိုက်နေခဲ့မိပါသည်။ သိရသည်မှာ ဇော်လွှင်၏အဒေါ်တော်ပါသည်။ ကျောင်းပြီးသွားတော့လည်း သူ့သတင်းများကို ကျနော်ရနေဆဲ….. တပ်ထဲရောက်သွားသဖြင့်….. ဘားအံ့မှ သူငယ်ချင်းစိုးအောင်နှင့် ဆုံတိုင်း သူ့အကြောင်းကို သိရမြဲဖြစ်ပါသည်။

ဖေမြင့်ဦး
ကွင်းဆင်းအုပ်စုတစ်စုထဲဖြစ်ပါသည်။ တတိယနှစ်ရော နောက်ဆုံးနှစ်ပါတူပါသည်။ သူ့ဖခင်၏ကူညီပံ့ပိုးမှုကြောင့် ဖိုင်နယ်နှစ်.. မြောက်ရွှေပုထိုးကျေးရွှာသို့ ခရီးသွားရလွယ်ကူခဲ့ပါသည်။ သူကိုယ်တိုင်ဓါတ်ပုံဝါသနာရှင်မို့လားမသိ၊ ဖလင်အကုန်ခံ၍ သူငယ်ချင်းများကို ရိုက်ပေးခဲ့သောပုံများသည်…..ယနေ့ရွှေနှင့်မလဲနိုင်အောင်ဖြစ်ရသလို….သူကိုယ်တိုင်လဲ နာမည်တစ်လုံးနှင့်လူဖြစ်နေပါပြီ…. သို့သော် ယခင်ကျောင်းသားဘ၀ အချိုးအစားကျနေသော Body ကိုတော့ သူထိန်းနိုင်စွန်းမရှိခဲ့ပါ….

မောင်မောင်ဦး
ဖိုင်နယ်ကွင်းဆင်းစဉ်က ဆရာဦးမြင့်ခိုင်နှင့် ကျောင်းသားအားလုံး (သူနှင့်ကျနော်မှလွဲ၍) Fly Camp ထွက်သွားပါသည်။ 3 ရက်ခန့် ကြာသောနေ့များ၌ ကျနော်ကဖျားနေသလို သူလည်းနေမကောင်းပါ….. သို့ဖြင့်စခန်းစောင့်ကျန်ခဲ့ရင်း မျက်ကန်းနှင့်ခြေကျိုးပုံပြင်လို နေခဲ့ရပါသည်။ ကွင်းဆင်းပြီးရင်တော့ Flight နှင့်ပြန်မည်ဟု အမြဲပြောနေသူဖြစ်ပါသည်။ ဘိုကလေးဈေးလမ်းအနီး မဟာဗန္ဓုလလမ်းပေါ်၌ ရေခဲမုန့်ဆိုင်ကိုမြင်လျှင် သူ့ကိုအမှတ်ရနေပါသည်။ ဇော်ဝင်းဦးက ကျနော့်ကို ဒေးဗစ်ဟုခေါ်ပါသည်၊ ဘာအဓိပ္ပါယ်လည်းမသိပါ။

မင်းဇော်
ဘူမိမှမဟုတ်ဘဲ ရုက္ခမှဖြစ်ပါသည်။ သို့သော်မှတ်မိနေသည်မှာ….ကျနော်နှင့်နာမည်တူနေသော ရေကြည်မြို့မှသူငယ်ချင်း၏ ၀မ်းကွဲညီအကိုတော်စပ်ပြီး ဘူမိကိုခင်နေသူတစ်ဦးအဖြစ် ဒဂုံဆောင်၌ မကြာမကြာတွေ့ရပါသည်။ သူ၏ယောက်ျားပီသသောမျက်ခုံးကို အဲဒီထဲက ကျနော်မှတ်မိနေပါသည်။

တရံရောအခါက…ကျနော်တို့ရွယ်တူသူငယ်ချင်းများရယ်ပွဲ….ဖွဲ့ခဲ့ဘူးပါသည်။ စုပေါင်းပျော်ခဲ့ဘူးပါသည်။ ကွင်းဆင်းခြင်း ကာလများ အတွင်း… ကျောင်းတက်စဉ်ကာလများအတွင်း….ဘ၀မှာ ရွှေရောင်တောက်ခဲ့ဘူးပါသည်။ နုပျိုလန်းဆန်းခြင်းကာလ အတိတ် မြက်ခင်းစိမ်းများ၌ ကျနော်တို့အားလုံး လတ်ဆတ်နေခဲ့ကြဘူးပါသည်။

သို့သော် ယခုအခါ 50 တန်းဝင်လာပြီဖြစ်သောအရွယ်၌ သင်္ခါရကစကားပြောလာပြီ ဖြစ်ပါသည်။ မိမိကိုယ်တိုင်သော်လည်းကောင်း ပတ်သက်သူများ၌သော်လည်းကောင်း ဒုက္ခတစ်ခုစီ (ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး….စသည့်…) ရှိနေပါလိမ့်မည်။

လူတိုင်းဒုက္ခနှင့်မကင်းပါ……
မိမိပြဿနာကိုသာ အရေးကြီးဆုံးဟု ယူဆ၍ စိတ်ဆင်းရဲမနေစေချင်ပါ။ မိမိထက်ပိုဒုက္ခဖြစ်သူများကို တစ်ချက်လောက်ငဲ့ကြည့်ပါ။ ဒါ့အပြင် မိမိဆင်နင်းခံရ၍ ကြီးစွာသော စိတ်ဆင်းရဲမှုဖြစ်နေသည်ဟု မညည်းစေလိုပါ။ ဆင်သွားလမ်း၌ နေမိသော မိမိအပြစ်ကို ပြန်ဆင်ခြင်စေချင်ပါသည်။ (ငြိမ်းကျော် စာသား)
တစိုက်မတ်မတ်ဒုက္ခတွေကိုချည်း တမ်းတမနေပါနဲ့……..သင့်ဘေး၌ဖြတ်သွားသော လေညှင်းကိုသော်လည်းကောင်း….. မုန်တိုင်းကင်းစ ထွက်ပြူလာသော နွေးထွေးသည့် နံနက်ခင်းနေခြည်ကိုသော်လည်းကောင်း….. သင်မမြင်ဘဲနေပါလိမ့်မည်…..

သူငယ်ချင်းတို့….
ခုအခါ မင်းဟာ ငါ့ထက်အဆင့်မြင့်ချင်မြင့်နေမယ်……ဒါပေမယ့် မင်းနဲ့ငါသူငယ်ချင်းပါ……
တစ်ချိန်ကသွားအတူ….လာအတူ…..Field တစ်ခုမှ မသေယုံတစ်မယ် ဒုက္ခအတူကျော်ဖြတ်တာမင်းသိမှာပါ…….ခုလိုပြန်တွေ့ခိုက်…မင်းဘာလဲ…ဘာဖြစ်နေလဲ…သိပ်မသိချင်တော့ပါ…. ငါသိတာက တစ်ချိန်ကလို မင်းကိုငါ လွတ်လွတ်လပ်လပ်ပြောချင်တယ် စိတ်ပါရင် အဆဲလေးနဲ့ နှုတ်ဆက်ချင်သေးတယ်…..မင်းနိမ့်ကျတယ် မြင့်မြတ်တယ်ဆိုတာ မင်းရဲ့ခံယူချက်……ဘူမိကျောင်းသားဘ၀လိုပွင့်လင်းစွာ ပြောဆို ရယ်မောကြရအောင်……

လူ့ဘ၀သည် တိုတိုလေးဖြစ်ပါသည်။ ဘ၀၌ အမှတ်ရစရာ များများစားစားမရှိနိုင်ပါ…သို့ဖြစ်၍ အမှတ်ရစရာလေးများကို ပြန်သတိရရင်း အလွမ်းပြေချင်တဲ့အခါ တို့တွေ့ရအောင်…….
သင်္ခါရသဘောအရ ကျန်းမာရေးပြဿနာသည် အမြဲတမ်းဖြစ်မနေနိုင်ပါ….
ဝေဒနာသည်လည်း ပြန်ကျရှုံးသဖြင့် သင့်ကျန်းမာရေး ပြန်ကောင်းလာခြင်း ဖြစ်နိုင်ပါသည်။
စီးပွားရေးသည်လည်း အကြောင်းပေါင်းစုံ၍ အကျိုးတရားတခုလာဖြစ်နေခြင်းဖြစ်၍ မကြာမီ ပြန်ကောင်းလာနိုင်ပါသည်။
လူမှုရေးမှာလည်း နာစရာကို…လွမ်းစရာနှင့်ဖြေသိမ့်ရင်း ပြန်လည်ကျေနပ်မှုရနိုင်ပါသည်။

အတွေးတစ်ခုနှင့် ပုံပြင်တစ်ပုဒ်ကြားဖူးပါသည်။ နေကောင်းလား ဟုမေးခြင်းအပေါ် ဒီလိုဖြစ်တယ် ဘာကြောင့်ဆိုတာတွေကို တစ်ဖက်ကစိတ်မ၀င်စားပါ နေကောင်းပါတယ်ဟုသာ ကြားချင်၍ မေးခြင်းဖြစ်ပါသည်….တဲ့…..
တစ်ခါက ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေး ကာလကြာရှည်စွာထားသောလူတစ်ယောက်ဟာ တစ်နေ့မှာ နှုတ်ခမ်းမွှေးမှ အပအားလုံးကို ရိတ်လိုက်သတဲ့…..ဒါနဲ့ ဆံသဆိုင်ကအထွက် အသိတစ်ယောက်ကနှုတ်ဆက်ပါတယ်…..
သူကြားလိုသည်မှာ ဘယ်တုန်းက ပါးသိုင်းမွှေး၊ နှတ်ခမ်းမွှေး ရိတ်လိုက်သလဲပေါ့…ဒါပေမယ့်…မေးသူက….
ခင်ဗျားဘယ်တုန်းကနှုတ်ခမ်းမွှေးထားလိုက်သလဲ…..တဲ့..
လူသည် မိမိကိုယ်တိုင်မှအပ အခြားအရာများကို စိတ်ဝင်စားလေ့မရှိ…..
ဒါပေမယ့် ဒို့တွေသူငယ်ချင်းဘဲနော်….ဆိုတဲ့ ခင်ဝမ်းသီချင်းကြားယောင်လျှက်……

ဒဂုံမန္တလေးသားများ
ရန်ကုန်သား မန္တလေးသားများဟု ဆိုခြင်းမဟုတ်ပါ။ Hostel နေသောဘူမိဗေဒကျောင်းသားများ မန္တလေးဆောင်၌ စာသင်သော နယ်ကျောင်းသားများကို ဆိုခြင်းဖြစ်ပါသည်။ 1979/1980/1981 ကျောင်းသားများထဲတွင် ဇာတ်လမ်းပေါင်းများစွာ ရှိနေပါလိမ့်မည်။ သို့သော် စာကလေးတို့အုပ်စုလောက်….ဆိုခြင်း၊ တေပေခြင်း၊ ဟာသမြောက်ခြင်းဖြစ်မည်မထင်ပါ။ သိကြသည့်အတိုင်း နယ်တကာအစုံက… အရွယ်အလွှာအကုန်ပါကြတာမို့ သူ့နယ်သူ့ရိုးရာသူ့အဆိုးများနှင့်သူ တစ်ဖက်နှင့်တစ်ဖက် ပေါင်းစပ်လိုက်သော အခါမှာတော့….အားလုံးမြောက်ကုန်ကြတာပေါ့ဗျာ..

နေ့ဘက်မှာ စာသင်ခြင်းကဏ္ဍပြီးလျှင် ဦးချစ်ဆိုင်ထိုင်၍ ထိုခေတ်ကနာမည်ကြီးသော ခိုင်ထူးသီချင်းဖွင့်ခိုင်းရင်း ရေနွေးကြမ်း တစ်အိုးပြီးတစ်အိုး မှာလေ့ရှိပါသည်။ ညဘက်မှာတော့ တက္ကသိုလ်ဖွဲ့စာအုပ်တွေထဲကအတိုင်း အဆောင်ရှေ့၊ အဆောင်နောက် သီချင်းဆိုသူများနှင့် ပါသွားလေ့ရှိပါသည်။ တစ်ညမှာ စာကလေးတို့အဖွဲ့ Saturday night fever (စနေညဝေဒနာ)ခံစားပြီး သီရိဆောင်ရှေ့ ဂီတာသွားတီးကြတယ်…. အဆောင်သူအလွမ်းပြေတို့ ဘာတို့ တီးကြတာပေါ့…အဲဒီမှာ မသောက်မစားဘဲပါလာတဲ့ ထွန်းအောင်ကျော်က လက်ခုပ်တီး မော်ကြီးကဂီးတာတီးပြီး ကျန်သူများက ၀ိုင်းဆိုစဉ်မှာ စာကလေးက ငြိမ်ငြိမ်မနေတတ်သူမို့ ပွဲဆူအောင်လုပ်ပါလေရော….
သီရိဆောင်က လက်ပြနှုတ်ဆက်နေတဲ့ကောင်မလေးတွေကို အနီးကပ်ကြည့်ပြီး လက်ပြန်ပြ နှုတ်ဆက်ချင်တဲ့စိတ် ဖြစ်ပေါ်လာပါလေရော…
ဒါနဲ့သူက ဂျပ်ဆင်ဘက်နီးတဲ့ အဆောင်ဝင်ပေါက်တံခါးရဲ့ ဘယ်ဘက် အုတ်တံတိုင်းနှင့် အနည်းငယ်အကွာမှာ မိုးရေတိုက်စားလို့ ဟိုဘက်ကိုကူးလို့ရတဲ့ လှိုဏ်ပေါက်ကြီးရှိနေပါတယ်…..စာကလေး အဲဒီအပေါက်ကလျှိုဝင်ပြီး သီရိဆောင်ပါလာအောက်ဆီ ပြေးသွားပြီး…ဟေး..ကနဲအော်လို့နှုတ်ဆက်လိုက်ပါတယ်…..အဲဒီမှာအဆောင်ဒရ၀မ်က ပေါ်တီဂိုအောက်ကနေ တုတ်နှင့်လိုက်ပါလေရော.. ဒီကောင်ဘယ်က၀င်လာသလဲပေါ့…. တံခါးပိတ်ထားလို့ ဒီကောင်မိရမယ်ဆိုပြီး လိုက်တာ….ဘယ်ရမလဲ..စာကလေးဘဲဗျ…၀င်လာရာလမ်းအတိုင်း အပြင်ကိုငုံ့လျှိုပြီးပြန်ပြေးတာပေါ့….စည်းအပြင်ရောက်တော့ ၀ါးလားလား ဆိုပြီး လျှာထုတ်ပြရင်း အဆောင်ကို ပြန်ပြေးလာကြတယ်….
လမ်းမှာထွန်းအောင်ကျော်က….
စာကလေး…မင်းဘယ်လိုလုပ်တာလဲ….ငါဖြင့်လန့်သွားတာဘဲ……
မိုင်နာပါကွာ……နေ့လည်ထဲက ၀င်လမ်းထွက်လမ်းကြည့်ထားတာ…. ဒါပေမယ့်ငတိုတော့မဟုတ်ဘူးနော်….

အဲဒီလိုအဖြစ်မျိုး တစ်ခါထပ်ဖြစ်သေးတယ်……
နွေကျောင်းပိတ်ရက်ဖြစ်တော့ အသီးသီးနယ်ကိုပြန်ဘို့ပြင်ဆင်ကြရာ…..အဲဒီခေတ်ကရထားကိုဘဲ အားကိုးရတဲ့ခေတ်မို့လို့…မနက် 5 နာရီ ရထားမှီအောင် စာကလေးတို့နယ်က ယောက်ျားလေးတွေက…မိန်းခလေးအများစုရှိတဲ့ မာလာဆောင်ကို မနက်လေးနာရီထသွားပြီး သွားနှိုးကြတာပေါ့…ဘူတာကြီးဆင်းဘို့ကြားထဲအချိန်နာရီဝက်ဘဲရှိတော့…..စိတ်ပူလာတယ်…..ပြည်လမ်းခြံဝင်းအပြင်က အော်ခေါ်လဲ ဘာထူးခြားမှုမှရှိမလာဘူး….ဒရ၀မ်လဲမတွေ့ဘူး……မာလာဆောင်အုတ်ခုံမှာ ဂီတာတီးတဲ့ပုဂ္ဂိုလ်နှစ်ယောက်တော့ ရှိလေရဲ့….(အဲဒီထဲက ပုဂ္ဂိုလ်တစ်ယောက်က နောင်နာမည်ကြီးအဆိုတော်ဖြစ်လာပါသည်)။ စာကလေး တတ်သည့်ပညာမနေသာဆိုသလို လူဝင်ပေါက် ခြံစည်းရိုးကို ကျော်တက်ပြီး ပေါ်တီဂိုအောက်မှသွားအော်မှ ဒရ၀မ်ပါရောက်လာပြီး တံခါးဖွင့်ပေး…မိန်းကလေးပစ္စည်းတွေ ၀ိုင်းသယ်ပေးနဲ့ နယ်ကိုအချိန်မီပြန်ရောက်ရပါသည်။

ဒီအဖြစ်ကိုမေ့ထားပြီး တော်တော်လေးကြာတော့ ပုဂ္ဂိုလ်တစ်ယောက်နှင့် ဂျပ်ဆင်ကင်တင်းမှာတွေ့ပါတယ်….သူ့ကိုသူ အမောင်ဆိုပြီး မိတ်ဆက်ပါတယ်….အဲဒီအခါသူက ခင်ဗျားကို ကျနော်သိပါတယ်….ကျနော်နှင့်ဖိုးချို.. ပိုင်စိုးမှုဧကရီစီးရီးမထွက်ခင် မာလာဆောင်ရှေ့မှာ ဂစ်တာတီးနေတုန်း ခြံစည်းရိုးကို ကျော်ဝင်သွားတဲ့သူမဟုတ်လား…..စာကလေး ကိုယ့်ကိုကိုယ်ဂုဏ်ယူနေသလိုလို ရှက်သလိုလို ပြုံးဖြီးဖြီး လုပ်နေလိုက်ပါသည်။

ဖိုင်နယ်ရောက်တဲ့1981 ခုနှစ်မှာ ဘူမိဗေဒဘာသာရပ်အနေနှင့် မိန်းခလေးတွေ စလက္ခံပါတယ်….ဒါနဲ့ထုံးစံအတိုင်း ၀င်ခွင့်ဖြေတဲ့အနေနှင့် မိုင် (20)လမ်းလျှောက်ရပါတယ်….တက္ကသိုလ်များဓမ္မာရုံကနေ တာထွက်ပြီး လှည်းတန်းလမ်းဆုံကကွေ့……ပြည်လမ်းအတိုင်း မင်္ဂလာဒုံ တိုင်းခန်းမအထိ.. အဲဒီကပြန်ကွေ့ပြီး စတာထွက်တဲ့နေရာပန်းဝင်ရပါတယ်…. စာကလေးတို့နှစ်က အသွားအပြန်လမ်း တူပေမယ့် ဒီနှစ်ကတော့ အပြန်လမ်းမှာ ပြည်လမ်း ….အီကို ….စာသင်ဆောင်ပေါက်ကနေ ဘွဲ့နှင်းသဘင်ရှေ့ အဲဒီကမှ အဓိပဓိလမ်းအတိုင်း တက္ကသိုလ်ဆေးရုံမှာ ပန်းဝင်ရပါသည်။

ဒါနဲ့စာကလေးက အဲဒီနေ့ ၈ နာရီမှာ အိပ်ရာကနိုးပါတယ်…..ဒါနဲ့မယ်သစ်လွင်တွေ သွားကြိုရအောင် ဘော်ဒါတွေကို အဆိုပြုရင်း မန္တလေးဆောင်ရှေ့မှ ထွက်ခဲ့ကြပါသည်။
အဲဒီမှာ မျက်စိစားပွဲထိုင်ကြတာပေါ့…..
အမယ်…အမယ်…စိုးအောင်တို့၊ ဇင်အောင်တို့ ဇော်ဝင်းဦး၊ အုန်းသော်တို့က ငါ့ထက်တောင်လက်စွမ်းထက်ပါလား…….ကြည့်စမ်း ကောင်မလေးတွေခမျာ မောမောပန်းပန်းနဲ့ပြန်အလာ…..
သူ့တို့ရင်ဘတ်နှင့် နောက်ကျောမှာကတ်ပေးထားတဲ့နံပတ်ကလည်း ဘိုသီဘတ်သီနှင့်ဂရုမစိုက်နိုင်အောင် ချွေးတစ်လုံးလုံးနှင့် ဖြစ်တဲ့ကြားက…ပန်းအ၀င်မှာ သူတို့ကိုယ်ပိုင်နံပတ်ကို….သက်ဆိုင်ရာမြင်အောင်ပြန်ပြင်ရင်း…ရင်ဘတ်မှာ…ဖတ်လတ်…ဖတ်လတ် ဖြစ်နေတဲ့ နံပတ်ကိုပြ….ရင်ကော့ရင်း မန္တလေးဆောင်ရှေ့ကဖြတ်ရပါတယ်……အမလေး…မောရတဲ့ကြားထဲ…..
လုပ်ရမှာပေါ့…ကြည့်ပါအုံး..မောင်မင်းကြီးသားတို့က ဆရာတွေကဘဲမှတ်ခိုင်းသလိုလိုနှင့်
စာအုပ်တို့…..ဘောပင်တို့နှင့်ယောင်ပြ…ပြနေကြတာကိုး…..
သနားလိုက်ပါဘိ…ညီမလေးတို့ရယ်……….
 

 
 
                
 
 
                

ADVERTISEMENT

Partner Links


http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများကို ကြည့်ရန်....

Advertisement Enquiry

                


                        HP : 09 5031741
                        


e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

© Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit