Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main »

 

အသည်းရောင်အသားဝါစီပိုးနှင့်ကျနော်

ပထမဆုံးအကြိမ်ဆေးထိုးရန်အတွက် အာရှတော်ဝင်ဆေးခန်းသို့ရောက်ခဲ့ရပါသည်။
ဆေးတစ်လုံးတန်ဘိုး USD-215၊ အလယ်လတ်လူတန်းစားအဖို့ ကြီးမားသောဝန်ထုပ်ဝန်ပိုး တစ်ခုပင် ၊ တရက်ထဲ တစ်ကြိမ်ထဲ နှင့် ပြီးမည့်အလုပ်မဟုတ် ၊ တစ်ပတ်တစ်ခါ တစ်နှစ်တိတိ 48 လုံးထိုးရမည်။ ဆေးဘိုးအားလုံး …… 215 x 48=10320 USD
အပြင်ပန်းကြည့်လျှင် လူကောင်းတစ်ယောက် ဆေးရုံတက်ခြင်းသည် အတော်ကြောင်တောင် တောင်နိုင်သည်။
သို့သော် ကျွန်တော့်အသည်းထဲမှာ အသည်းရောင်အသားဝါစီ ပိုးတွေပြည့်နေပါသည်။
စီပိုးတွေဘယ်အချိန်ကဘယ်လိုကျနော့်အသည်းထဲရောက်လာသလဲကျနော်စဉ်းစားမရပါ။
နှစ်တိုင်းအမြဲဆေးစစ်နေသည့်ကြားထဲကသည်နှစ်မှာစီပိုးကိုစတွေ့ခဲ့သည်။
သူနာပြုများတစ်ယောက်ပြီး တစ်ယောက် သွေးပေါင်ချိန်တိုင်းလိုက် ၊ အပူချိန် တိုင်းလိုက်…
တစ်နာရီတစ်ခါလာနေသည် မှာ စိတ်မရှည်စရာပင်။ ကိုယ်မှ လောလောဆယ် ဘာမှမဖြစ်တာ။
စနေနေ့မို့ တီဗီမှာလာနေသောဘောလုံး ပွဲကြည့်ရင်းနဲ့ အချိန်ကုန်သွားသည်။
ဆရာ မရောက်သေးပါ။ ကျနော်ဆေးထိုးပြီးချိန် ည 12 နာရီထိုးနေပြီ။
ဆေးထိုးပြီးတော့ စကားပြောရင်း ဆရာလဲ ကျွန်နော်တို့ရဲ့ မန်ယူပရိသတ် ဖြစ်မှန်းသိရတော့သည်။
ဒီနေ့ညပွဲ မှာ မန်ယူ 6း 0 နယူးကာဆယ်
ဆရာပေးသောအိပ်ဆေးကြောင့်လား ၊မန်ယူ အသင်းဘဲနိုင်သွား၍လားမသိ….ဒီနေ့ည လုံးဝအိပ်ပျော်သွားသည်။
နံနက် 10း00 ဆရာ့ဆီက ဆေးရုံဆင်းခွင့်ပြုကြောင်း ဖုန်းဆက်လာ၍ ဆေးရုံဆင်းသည်။
မနေ့ညကကျနော့်သားအငယ်ကောင် I.L.B.C အဖွဲ့နှင့်ချောင်းသာဆင်းသွားကြသည်။ ကျနော်ဆေးခန်းရောက်နေသောကြောင့်သူ့ကိုလိုက်မပို့ဖြစ်ခဲ့ပါ။
နေ့လည်ဖိုးလပြည့် ချောင်းသာမှ ဖုန်းဆက်သည်….
“Hotel Max ရောက်နေပြီတဲ့ ၊ အဖေ ဘယ်တုန်းက အိမ်ပြန်ရောက်လဲ ၊ နေကောင်းလားလို့ “ မေးဖော်ရသေးတယ်။
ညနေဖက်မှာ နဲနဲညောင်းသလိုလို ၊ ကိုက်ခဲသလိုလို ဖြစ်နေလို့ Biogecic တစ်လုံးသောက်လိုက်သည်။ တနင်္လာနေ့ ည လည်း အိပ်ပျော်သွားတာပဲ…
အင်္ဂနေ့ည ထူးထူးဆန်းဆန်း လွန်ခဲ့သော 27 နှစ် တတိယနှစ် ဘူမိဗေဒ ရှမ်းပြည်တောင်ပိုင်း ပျဉ်ညောင် Camp ကိုသွားပြီး အိမ်မက် မက်သည်။
ရှမ်းပြည် နိုဝင်ဘာည အေးချက်က အရိုးကွဲမတတ်ပါပဲ။ ညဦးပိုင်း မှာ အိပ်ပျော်သွားပြီး 2း00 နာရီလောက်မှာ လန့်နိုးလာခဲ့တယ်။ 
သတိထားကြည့်မိတော့ သူငယ်ချင်းအားလုံး နိုးနေကြတယ်။ အအေးဒဏ်က အိပ်ငိုက်တဲ့ဒဏ်ကို အနိုင်ယူသွားပါပြီ ..။
ကျွန်တော်လည်း အိပ်ရာမှထပြီး မီးလှုံဖို့ မီးဖိုပါတယ် ၊ နွေးသွားအောင် ရေနွေးအိုးတည်ပြီး ရေနွေးကြမ်းသောက်ဖို့ စီစဉ်ကြတယ် ..
ကျွန်တော်တို့အားလုံး အမှောင်ထဲမှာ တစ်လှုပ်လှုပ် နဲ့ လုပ်နေကြတော့ Camp တစ်ဆောင်လုံး နိုးသွားကြပါပြီး…။
လက်ဖက်ခြောက်ထုပ် ပေးတဲ့သူနဲ့ ငါးခြောက်မီးဖုတ်တဲ့သူနဲ့ Group Leader ကိုမြင့်လွင် ကတော့ လှိုင်ဘီစကွတ် အထုပ်လိုက်လာချပေးပါတယ်။
“ ကလေးတွေ ဘာလုပ်နေကြလဲ “ မအိပ်ကြသေးဘူးလား မနက်ဖြန်ကွင်းဆင်းဘို့ ရှိသေးတယ်နော် …..”ဆရာ ဦးမေတ္တာ လက်နှိပ်မီးလှမ်းထိုးရင်း နဲ့ ရောက်လာပါသည် ။ ရှေ့ဆင့် နောက်ဆင့်ဘဲ ဆရာ ဦးခင်မောင်လတ် နဲံ့ ဆရာဦးခင်မောင်ဝင်း တို့လည်း ရောက်လာကြပါတယ်။ ဆရာများ၏ တပည့်များအပေါ်တွင် ထားသောမေတ္တာကား ဘာနှင့်မျှနှိုင်းယှဉ်၍ မရကောင်းပါ။ တပည့်များအပေါ် မိဘမျက်ကွယ်တွင် မိဘ ထက်ပို၍တောင် ဂရုစိုက်သေးသည်။
“ မွန်ကြီး နဲ့ ဗျော့ကြီး မလာကြသေးဘူးလား”
“ ကုလားလေးတို့ အဖွဲ့ ပြန်ရောက်ပြီးလား “
“ ကြာဆံ ဘယ်သွားနေလဲ “ မတွေ့သောသူကို တန်းကနဲ မေးတတ်သည်။
ဒီနေည အားလုံးဝိုင်းဖွဲ့ထိုင်ကြရင်း စကားပြောကြတာ ဘုန်းကြီးကျောင်း တုန်းမောင်းခေါက်သံကြားမှ၊ဆရာတာအတင်းအိပ်ခိုင်းမှ အားလုံးပြန်အိပ်လိုက်ကြသည်။
ရှမ်းပြည်က အအေးဒဏ်ကား အရိုးထဲရောက်အောင်အေးနေတုန်း။
အိမ်မက်ထဲက အအေးဒဏ်သည် လန့်နိုးသွားသည့် အချိန်ထိ ရင်ထဲမှာ အသည်းထဲမှာ ခိုက်ခိုက်တုန် အောင်အေးနေတုန်းပါပဲလား …..
ညကလဲ မှောင်မဲပြီး တိတ်ဆိတ်နေသည်။ဆေးရဲ့ Side Effect လို့ထင်ပါတယ်။
ကျွန်တော် အခုမှ စလုံးရေးစ ၊ ခြေတစ်လှမ်းဘဲ ခရောင်းတောထဲ စလှမ်းရသေးတယ်၊ နောက်ထပ်ခြေလှမ်း 47 လှမ်း ကျန်နေသေးတယ် …..
ဘယ်လို Effect မျိုးတွေထပ်ကြုံရဦးမလဲ။
မနှစ် ဆရာကန်တော့ပွဲကိုသတိရပြီး အိမ်မက် မက်တာဖြစ်မှာပါ။
“ကိုဂျစ်မင်း တူတစ်ယောက်တော့ S’ pore မှာ အလုပ် လုပ်နေပြီကွ” ဆရာ ဦးမေတ္တာ က သူ့သားလေးအကြောင်း ကျွန်တော့်ကိုပြောပြရှာသည်။အဲဒီနေ့က ဆရာကို ထမင်းခူးပေးရင်းနှင့် အဆောင်မှာ ဆရာ့သားကို ၀ိုင်းစတာတွေ ပြောဖြစ်နေသေးတယ်။
စိတ်ထဲမှာ ခဏလေးထင်ပေမဲ့ 27 နှစ်များတောင်ကြာခဲ့ပြီကော ၊ ပုလင်းဖင်ပိတ်ကို မျက်မှန်လုပ်ထားသော မွန်ကြီး ၊ ကျောင်းပြီးလို့ မကြာခင်မှာပင် ဆုံးသွားသည်။
စိတ်မကောင်းစရာကြားမိပြီးသူငယ်ချင်းတွေအားလုံး ကြေကွဲခဲ့ရသည်။
ဗျော့ကြီး ၊ လူဗလံလေးမို့ အားလုံးက ၀ိုင်းအနိုင်ကျင့်ကြလေ့ရှိသည်။ပျဉ်ညောင်ညတုန်းက ဖင်ကလိပ်ခေါင်း အခြေနေမကောင်းသဖြင့် သူများလိုဆောင့်ကြောင့် မထိုင်နိုင် စောင်ခြုံရင်းကွေးကွေးလေး မီးဖိုဘေးမှာကွေးနေသည်။အနာကလည်း နာသည်ထင်၊ ပါးစပ်ကလဲတဟင်းဟင်း နှင့် ငြီးငြူနေသည်။
ကြာဆံကတော့ ဟင်္သာတ မှာ ခေါက်ဆွဲဆိုင်ထိုင်နေသည်။
ကုလားလေးက လမ်း 30 ထမင်းဆိုင် ကောင်တာမှာ ငွေသိမ်းနေသည်။
Group Leader ကိုမြင့်လွင် ယုံကြည်ရာကို စိုက်လိုက် မတ်လိုက် လုပ်တတ်သူ၊ သူငယ်ချင်းအားလုံးအပေါ် အနစ်နာခံသူ ၊ အကောင်းဆုံးဖြစ်အောင်လမ်းညွှန် ပေးခဲ့သူ သူနှင့်ခင်ခွင့်ရခဲ့တာ အများကြီးအကျိုးရှိခဲ့တယ်။ဘာသာ၊ သာသနာပြန့်ပွားရေးအတွက် သန့်၊ တည် ၊ ပွားမှာ ခေါင်းဆောင်ရင်း မိသားစုဘ၀အားလုံးကိုစွန့်လွတ်ခဲ့သူ……..၊
သူလိုလူမျိုး နောက်ထပ်မတွေ့နိုင်တော့ပါ။
ကျောင်းသားဘ၀ မှာ သူငယ်ချင်းကောင်းတွေလည်း ရခဲ့ပါတယ် ။
မျောက်လွဲကျော်လို လူမျိုး နှင့် မပေါင်းဖြစ်ခဲ့တာက ကိုယ့်ကိုကိုယ်ထိမ်းသိမ်းနိုင်တယ် လို့ဘဲထင်ပါသည်။ မျက်စိသူငယ် နားသူငယ် နဲ့ ဒဂုံဆောင်ရောက်စကတည်းက မျောက်လွဲကျော်ကို စတွေ့ သည်။ စိတ်ထင် ဒီကောင် ငါထက် စီနီယာကျမယ်လို့ ထင်တယ်။ သူပေါင်းတဲ့ သူအားလုံးသည် စီနီယာသမားတွေချည်းပဲ၊။
သူငယ်ချင်းတွေက လက်တို့ပြီး ပြောတယ် “ဒီမျောက် နဲ့ သွားမပေါင်းနဲ့တဲ့ ဘာတွေလာပြောနေလဲမသိ ၊ ကိုယ်နဲ့ မှ အတန်းမတူတာ တစ်ခြားဆီဘဲလို့ထင် မိပါတယ်။
ကျောင်းစတက်တော့ မှ ဒီကောင်လေးက ကျွန်တော်တို့ နှင့် တစ်ခန်းတည်း ကျနေသည်။ ဒီကောင်လေးကို မျောက်လို့သာ ခေါ်နေကြတာ ၊ မျောက်နဲ့ လုံးဝမတူ အသားဖြူဖြူ ကိုးရီးယားမင်းသားနဲ့ တူနေသည်။ သူ့ကို မျောက်လို့ခေါ်လဲ ၊ သူ ဘာမှမဖြစ်သလိုဘဲ၊ အခေါ်ခံသည်။
တစ်ခန်းတည်းနေတာကြာတော့လဲ စကားပြောဖြစ်ခဲ့ပါသည်။
ဒီကောင်လေး အတွင်းသဘောကောင်းသည်။ လူတိုင်းကိုလည်း ကူညီသည်။ အားလည်းနာတတ်သည်။
အားနာတတ်သောစိတ်ကြောင့် သူ့ဘ၀မှာ ဆေးစွဲခဲ့ရတာ သူ့အကြာင်းပြောပြရင်း သိခဲ့ရသည်။
ဆေးထနေတဲ့ အချိန်မျိုးတွေမှာ ဂဏာမငြိမ်ဖြစ်ရာကနေ မျောက်လို့အမည်တွင်ခဲ့ တာပါ။
တစ်ဦးတည်းသောသား မိဘများက ပိုက်ဆံရှိသည်။
သူငယ်ချင်း အသည်းကွဲလို့ အဖေါ်လိုက်ပေးရာက သူဆေးစွဲသွားသည်။ ( သူကိုယ်တိုင်လဲ စိတ်ပါလို့ဖြစ်မှာပါ။)
ရန်ကုန်မှာ ဘူမိဗေဒ တက်မယ်ဆိုတော့ ကျောင်းမဖွင့်ခင် တစ်လလောက်ကြို ရောက်ပြီး ဆေးဘယ်မှာ ၀ယ်လို့ရလဲ စုံစမ်းရင်း နဲ့ ၀ါသနာတူ စီနီယာသမား နဲ့ ပေါင်းမိပြီး ကျွန်တော်တို့ သူ့ကို စီနီယာသမားလို့ထင်နေတာ ………
“ လူ့စိတ်သည် မကောင်းမှုတွင် ပျော်မွေ့တတ်ပါသည်။”
မျောက် နှင့် ပေါင်းမိပြီးနဂိုကမှမကင်းခဲ့သောကျွန်တော်လည်း သူလုပ်တာတွေ လုပ်ဖြစ်ခဲ့ ပါသည်။ ထိုအချိန်က ပေါများနေသောကြောင့် ရှုသောအဆင့်သာရှိပါသည်။ ( ဒုတ်အဆင့် မရှိသေး )
မိဝေး ဖဝေး လွတ်လွတ်လပ်လပ် နေချင်သလိုဖြစ်တဲံ့ အဆောင်သားဘ၀ မှာ ကိုယ့်ကိုယ်ထိမ်းနိုင်မှ ဖြစ်မယ်လို့ အသိ၊သတိဝင်လာပြီး မျောက်နဲ့ လမ်းခွဲဘို့ ဆုံးဖြစ်လိုက်သည်။ မျောက်ဘ၀ နှင့် ကျွန်တော်ဘ၀ အများကြီး ကွာခြားသည်။ ကျွန်တော့် မှာမောင်နှမ အားလုံး ရှစ်ယောက် ၊ မိဘ အနေအထားကလည်း အလယ်အလတ် အဆင့်……..
နောက်ပိုင်း မျောက်လည်း ဒုတ်အဆင့်သို့ ရောက်သွားပြီလို့ကြားတာဘဲ ။ ဖိုင်နယ် နှစ်ဝက်လောက် မှာ ကျောင်းဆက်မတက်တော့ပါ။
ဒီနေ့ည တစ်ညလုံးချမ်းချမ်းတုန်တုန်နဲ့ ချမ်းလည်း ချမ်းတယ် ၊ လွမ်းလည်း လွမ်းတယ်၊ အသည်းလဲနာနာ နဲ့ အိပ်မပျော်ခဲ့ပါ။ မိုးလင်းတဲ့အထိ ကျွန်တော့် အတွေးတွေ မပြီးသေးပါ။
ဖြတ်လျှောက်ရမည့် ခရောင်းတောကိုလဲ စိတ်မသက်မသာ နဲ့ ကြည့်နေမိပါသည်။
“အဖ ဦးဟန်၏သား မောင်မောင်ဂျစ်အား နေအိမ်အကျယ်ချုပ် နှင့် တစ်နှစ်နေစေရန် အမိန့်ချမှတ်လိုက်သည်။”
ကျွန်တော် ငိုင်သွားသည်။ တစ်နှစ်အတွင်း ခရီးသွား၍မရတော့ပါ ၊ နှစ်တိုင်းသင်္ကြန်ဆိုရင် ကျွန်တော့်မိသားစုအားလုံး ခရီးထွက်လေ့ ရှိပါသည်။
“ရွှေစက်တော်၊ တောင်ကြီး၊ မေမြို့ များကိုမဟုတ်ပါ။” မြန်မာပြည်အပြင်ဖက်သို့ ခရီးထွက်ပါသည်။
မသုံးနိုင်ခဲ့စဉ်က ဘယ်မှမသွားဖြစ်ခဲ့သလို ၊သုံးနိုင်သောအချိန် ရောက်သောအခါ နိုင်ငံစုံကိုမိသားစု အားလုံးခေါ်ပြီးလျှောက်လည်ခဲ့ပါသည်။
အမတို့မိသားစုတောင်ငူမှ ရန်ကုန်ပြောင်းလာတော့ ကျွှန်တော်တို့ နှစ်ဖွဲ့ ပေါင်းမိပြီး သင်္ကြန်ဆိုရင် ခရီးသွားပါတော့သည်။
ကျွန်တော်သားများသည် နိုင်ငံစုံရောက်ဖူးပါသည်။ တစ်ခြားမိသားစု နှင့် ယှဉ်လျှင် သူတို့နည်းနည်း သာလိမ့်မည်ဟုထင်ပါသည်။
ကျွန်တော် ငယ်စဉ်က ခရီးမထွက်ဖြစ်ခဲ့ပါ။ အနီးအနားမှာနေသော အမျိုးများဆီကိုသာ ရောက်ဖူးခဲ့ပါသည်။ မိဘများကို အပြစ်တင်တာမဟုတ်ပါ။ ကျွန်တော့် မိဘများသည် မိဘ၀တ္တရားကျေပါသည်။
စာတွေတတ်အောင်သင်ပေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်း လုပ်ရန်ရင်းနှီးငွေ ထုတ်ပေးခဲ့ပါသည်။ အိမ်ထောင်တွေ ချပေးခဲ့ပါသည်။
မောင်နှမ ရှစ်ယောက်အတွက် ကျွန်တော်မိဘများသည် အများကြီးရုန်းကန်ခဲ့ ရပါသည်။
ကလေးတိုင်း သင်္ကြန်ကို အရူးအမူးဖြစ်ခဲ့ပါသည်။ ကျွန်တော် အပါအ၀င်ပါ၊ ဒါပေမယ့် ဘူမိဗေဒတက်တော့ သင်္ကြန်နှင့် နည်းနည်းအလှမ်းဝေးသွားပါသည်။ သူများရေကစားနေချိန်မျိုးတွင် ကျွန်တော်တို့သည် စစ်ကျောပိုးအိတ်ကိုလွယ် ၊ ဟမ်းကောကိုခါးမှာ ချိတ်၊ Jungle Boot ကိုစီးထား၊ ညာလက်မှာ ကျောက်နမူနာထုဖို့တူ၊ ဘယ်ဖက်မှာ Compass ကိုကိုင်းရင်း ရှမ်းပြည်တောင်ပိုင်းက တောထဲမှာ ကွင်းဆင်းနေကြပါသည်။
တောင်ကြီးကားလမ်းဘေးမှာ ဆင်းခွင့်ကြုံခဲ့ရရင်တော့ သူငယ်ချင်းအားလုံးပျော်ကြပါသည်။
(ကျောင်းပိတ်ပြန်ကြသော) ရှမ်းပြည်မှာ နေသော ကျောင်းသူများစီးလာသော ဘတ်စ်ကားများ နှင့် တွေ့လျှင် ကားကိုတားပြီး ရေလောင်းကြပါသည်။ သူတို့တွေလည်း (တက္ကသိုလ်ကျောင်းသား အချင်းချင်းမို့ထင်လို့လား) ကားပေါ်မှ ဆင်းပြီးရေလောင်းခံပါသည်။မိတ်ဆက်ကြ သည်။
တောင်ကြီး၊ ကလော ၊ ပင်းတယ စသောမြို့မှ ကျောင်းသူများကြတော့ ရောက်ရင်ဝင်လည် ဖို့ လိပ်စာတွေပေးခဲ့ပါသည်။
ဆရာတွေကလည်း ကျွန်တော်တို့ ဘ၀ကို သနား၍လားမသိ ခွင့်လွတ်ထားပါသည်။
ကျွန်တော် စီးပွားလောကထဲဝင်လာပြီး ( ခန့်မှန်း အသက် 30 ကျော်လောက်ကထဲက) ရန်ကုန်သင်္ကြန်ကို တစ်ဖြေးဖြေး စိတ်ကုန်လာပါသည်။
ကားတွေအပြိုင်အဆိုင်မောင်းကြ၊ တစ်စီး နှင့် တစ်စီး မဏ္ဍပ်ထဲ လုဝင်ကြ၊ လူအုပ်များသောကားများ က လူနည်းသောကားများကို အနိုင်ကျင့်ကြ၊ ရန်ဖြစ်ကြ ၊ ကားအက်ဆီးဒစ်တွေဖြစ်ကြ နဲ့ ပျော်စရာ အရာတွေတစ်ဖြေးဖြေး ပျောက်ကွယ် နေပြီလို့ ကိုယ့်စိတ်ထဲမှာ ထင်လာသည်။ဒါပေမယ့် ကျွန်တော့် နဲ့ အသက်တူ သူငယ်ချင်းများကတော့ ဒီနေ့ထိ သင်္ကြန်မှာ ကဲနေကြတုန်းပဲ။
“မင်းတို့လိုငွေမဖြုန်း နိုင်သေးလို့၊” မြန်မာပြည်ထဲံမှာပဲ ပျော်စရာရှာရင်းနဲ့ စိတ်အပန်းဖြေနေတာလို့ ပြောတယ်။ သင်္ကြန်ကို ခုတုန်းလုပ်ထားတာတော့သေချာသည်။
ကလေးတွေကို လည်း သင်္ကြန်ကိုလျှောက်မလည်စေချင်ဘူး။ကိုယ့်ကလေးတွေက အရမ်း Simple ဖြစ်တော့ရန်ဖြစ်မှာတို့၊ အက်ဆီးဒစ် ဖြစ်မှာတို့ကို အရမ်းစိုးရိမ်တယ်။
ဒါနဲ့ပဲ သူတို့တွေကို အပြင်ခေါ်ထုတ်ပြီး နှစ်တိုင်းလျှောက်လည်ဖြစ်ခဲ့တယ်။ ကလေးတွေလဲ သင်္ကြန် Feel သိပ်မရှိကြတော့၊ ကိုယ်လုပ်ရပ်ကတစ်ကိုယ်ကောင်းဆန်နေပြီလား မသိ၊ ဒါပေမယ့် ကလေးတွေ နည်းနည်း အရွယ်ရောက်လာတော့ သူတိှု့ဆီကို သင်္ကြန်ပိုးလည်း နဲနဲဝင်လာပါတယ်။
မနှစ်က တရုတ်ပြည် ရှမိန်မှာနေတဲ့ အမျိုးတွေဆီကို သွားလည်ကြတယ်၊ ထုံးစံအတိုင်း သင်္ကြန်တွင်းပေါ့။ရက်ရှည်ရှည် နေမယ်လို့စိတ်ကူးထားပေမဲ့လည်း ရန်ကုန်သင်္ကြန် 2. ရက် တော့ ဆော့ချင်တယ်လို့ တောင်းဆိုလာတော့လဲ စောပြီးပြန်ခဲ့ကြတယ်။
သားငယ်ဖိုးလပြည့် ..သင်္ကြန်ပိုးကူးစက်ခံရပြီ ထင်တယ်… မနက်အစောကြီးထဲက ထွက်သွားတာ မိုးချူပ်မှဘဲ ပြန်ရောက်တယ်။
နောက်ဆုံးရက်မှာ ည 11 နာရီ မှ အိမ်ပြန်ရောက်တယ်။ မရတော့ဘူး ဒီကောင်သင်္ကြန်ပိုးဝင်သွားပြီး နောက်နှစ်ခရီးထွက်ဖို့ခေါ်ရင် လိုက်ချင် မှလိုက်တော့မှာ။
အမှန်အတိုင်းပြောရရင် လာမဲ့သင်္ကြန်မှာ ဟောင်ကောင်သွားလည်ဖို့ စိတ်ကူးထားသည်။ ကျွန်တော့် အသည်းမှာ စီပိုးရှိမှန်းမသိခင်ကပေါ့။
ဟောင်ကောင် မှာ မနှစ်က Disney Land စဖွင့်သည်။ ကလေးတွေကိုပို့ ပေးချင်သည်။ သူများမရောက်ဘူးသေးတဲ့ နေရာတွေကို ကိုယ့်သားတွေအရင်ရောက်စေချင်နေသည်။
ဒါကတော့ အမြဲတမ်းကလေးတွေ အပေါ်မှာထားတဲ့ ကျွန်တော့်မေတ္တာပါ။ ဒီဇင်ဘာလမှာ ကျွန်တော့်အသည်းမှာ စီပိုးရှိနေတာစပြီး သိတယ်။
ဒီနှစ် New Year မှာ မပျော်နိုင်တော့ပါ။ နယူးရီးယားညမှာအမျိုးတွေအားလုံး ကာရာအိုကေ ဆိုရင်း New Year ကိုကြိုဆိုနေတယ်။
ကျွန်တော်ကတော့ သီချင်းဆိုချင်စိတ်လဲ မရှိတော့ပါ။ ကျွန်တော့် စိတ်ထဲမှာ စီပိုးအကြောင်းကိုပဲ အမြဲတွေးမိနေတယ်။
သွားလည်း ဒီစိတ်၊ လာလည်းဒီစိတ်၊ အိပ်လည်း ဒီစိတ် ၊ ဘာလုပ်လုပ် ဘာ ကိုင်ကိုင် စိတ်ထဲမှာ စီပိုးအကြောင်းကိုပဲ တွေးနေမိတယ်။ လူတွေကတော့ မေ့မေ့ ပျောက်ပျောက် နေလိုက်ဖို့တိုက်တွန်း ကြပါတယ်။ အသည်းကို လဲံကိုက်တယ်၊ ဦးနှောက်ထိလည်း တက်ပြီးကိုက်နေတဲ့ စီပိုးကို ကျွန်တော် ဘယ်လိုလုပ်ပြီး မေ့လို့ရမလဲ။ ပုံမှန်ဆေးထိုးသွားရင် သင်္ကြန်အချိန်ဆို 3 လ ပြည့်နေပြီ။ ဆေးရဲ့ Side Effect က 3 လ လောက်မှာပိုပြတယ်လို့ပြောကြတာဘဲ၊ သူငယ်ချင်းအမျိုးသမီးဆေးထိုးပြီး နှာခေါင်းသွေးလျှံတာ ညတိုင်းလိုလိုပါဘဲ။ ဒီအကြောင်းကြားမိတော့ကျတောာ်အရမ်းစိုးရိမ်မိပါတယ်။
ကျွန်တော် ငယ်ငယ်က အမြဲတို်င်းလိုလို နှာခေါင်းသွေးလျှံလေ့ရှိတယ်။ ကျွန်တော့် ရဲ့ ခန္စာကိုယ်ကရော ဆေးဒဏ်ဘယ်လောက်ထိခံ နိုင်မှာလဲ။
သင်္ကြန်ခရီးစဉ်ကိုဖျက်လိုက်ပါတယ်။ ပျော်ဘို့ခရီးထွက်နေချိန်မှာ ကိုယ့်ဝေဒနာတွေက အားလုံးအတွက် အနှောင့်အယှက်ဖြစ်မှာလဲ စိုးရိမ်တယ်။
ကျွန်တော့်ဆီမှာ ဦးခင်မောင်ဝင်း၊ ဦးကျော်ဇေယျ၊ ဦးသံစစ်၊ ဦးဝင်းနိုင် တို့ရေးထားတဲံ့ စီပိုးအကြောင်းစာအုပ် အများကြီးရှိတယ်။ဖတ်တာများတော့အလွတ်ရနေပြီ။
ကြာလာတော့ ဒီစာအုပ်တွေကို ကျွန်တော်မုန်းလာပြီ၊ကြည့်လည်းမကြည့် ချင်တော့ဘူး။
“ဆေးပညာတရားသူကြီး ရဲ့ အမိန့်အတိုင်း နေအိမ်အကျယ်ချူပ် နဲ့ တစ်နှစ်နေတာဘဲ ကောင်းမယ်ထင်တယ်လို့စိတ်ထဲမှာ”………။
အပတ်စဉ်စနေနေ့ညတိုင်းအာရှတော်ဝင်ဆေးခန်းမှာဆေးထိုးလေ့ရှိပါသည်။ သောက်ရမည့်ဆေးတွေထဲမှာအိပ်ဆေးပါသည်။ဆရာကအိပ်ပျော်အောင်အိပ်ခိုင်းသည်။
အိပ်ဆေးသောက်ပြီး အိပ်လိုက်လို့ဘာမှ မခံစားရတော့ပါ။ ဒါပေမယ့် နိုးလာတဲ့အချိန်တိုင်းမှာ ဘတ္ထရီအား မပြည့်သလိုဘဲ ခံစားနေရသည်။
စကားပြောရင် ပို၍ဆိုးသည်။အဖျားပျောက်ခါစ၊ နံလံထခါစအသံ မျိုးဖြစ်နေသည်။ အသံက အားမရှိ။
အိပ်ဆေးဘယ်လောက်သောက်သောက်၊တခါတရံအိပ်မပျော်ပါ၊ အိပ်မပျော်ရင်ခေါင်းထဲကိုစီပိုးအကြောင်းဘဲရောက်ရောက်လာပါသည်။
ဒီအကြောင်းဝင်လာပြီဆိုရင်အိပ်မရတော့ပါ။တွေးရင်းတောရင်းမိုးစင်စင်လင်းခဲ့ရပါသည်။
သားကြီး ညက သူ့အဒေါ် အိမ်မှာ သွားအိပ်လို့ ဖိုးလပြည့်ကို ကျောင်းလိုက်ပို့ပေးရတယ်။
“ အဖေ သားတို့နဲ့ လာမဆော့တော့ဘူးလား”….. ကျွန်တော်တို့သားအဖတွေ အချိန်ရရင် ကျွန်တော့်ဂိုဒေါင်မှာ ဘတ်စကက်ဘော ကစားလေ့ရှိပါသည်။
“ဆေးထိုးနေ လို့ မကစား နိုင်တာလား…..
မဟုတ်ဘူး ဖိုးလပြည့်ရဲ့ အဖေတို့ ကစားရင်းနဲ့ မတော်တဆထိခိုက်မိမှာစိုးလို့ အဖေမကစားဖြစ်တာပါ။
အဖေ..ဘယ်လောက်ကြာကြာဆေးထိုးရမှာလဲ”
တစ်နှစ်ပေါ့…သားအငယ်ဖိုးလပြည့် 16 နှစ်ထဲဝင်နေပြီ။ တစ်နှစ်ဆိုတာ ခဏလေးနဲ့ ပြည့်သွားမှာပါ။
ကျောင်းအထိဘာမှ မမေးတော့ပါ။ ဒီကလေး ဘာတွေတွေးနေလဲတော့ မသိဘူး။
အိမ်အပြန်ကားမောင်းနေရင်း နဲ့ မျက်ရည်တွေ စီးကျလာပါသည်။
တစ်ပတ်တစ်လုံး နဲ့ တစ်နှစ်တိတိ ဆေးထိုးရမယ်။။ ကျွန်တော်စီပိုးကType One ဖြစ်တဲ့အတွက် ပျောက်မပျောက်တော့ ပြောဘို့ခက်တယ်။
ပျောက်တဲ့ ရာခိုင်နှုန်းက ၈၀% ဘဲရှိတယ်။ ငွေကုန်ကြေးကျ များမယ်…..“လူနာရှင် ကို လေးစားပါတယ်…လူနာရဲ့ အဆုံးအဖြတ်အတိုင်း ကုသပေးပါမယ်….”
ဆရာကြီးပြောတဲ့စကားတွေ……….တချို့မပျောက်တဲ့လူနာတွေလည်းရှိပါတယ်…ငွေကုန်ပြီးရောဂါမပျောက်မှာကိုစိုးရိမ်နေမိပါတယ်…
ငွေဘယ်လောက်ကုန်ကုန်ရင်ထဲမှာရောဂါဘဲပျောက်ချင်ပါတယ်…
အကယ်၍ မပျောက်ခဲ့ရင်တော့ အသည်းထဲက ဒဏ်ရာကို ရင်မှာ ပိုက်ပြီး နောက်ထပ်ထွက်လာမဲ့ ဆေးအသစ်ကို စောင့်နေပေတော့ ……..
ဆေးမှီမမှီ ဆိုတာလည်း ကိုယ့်ကံပဲပေါ့……။
(21.12. 2008) 1980 ဘွဲ့ရ ဘူမိဗေဒကျောင်းသားများ 10 ကြိမ်မြောက် ဆရာကန်တော့ပွဲ တက္ကသိုလ်ဓမ္မာရုံ ….
(ကျွန်တော် ထင်ပါသည် ကျွန်တော်တို့နှစ်သည် အကြိမ်အများဆုံး ဆရာကန်တော့ပွဲ လုပ်ဖြစ်ခဲ့သည်။)
တစ်ကယ်တော့ ဒီဆရာကန်တော့ ပွဲံလုပ်ဖြစ်ခဲ့ရခြင်း မှာ ကျွန်တော် တို့ သူငယ်ချင်း ကိုမြင့်လွင်၏ ကျေးဇူးအများကြီး ပါ ပါသည်။
အခုတော့ 3 နှစ်လောက်ရှိပြီ ၊ သူ မတက်ဖြစ်တော့ ပါ။သူလည်း သူ့ဘာသာ ၊ သူ့ သာသနာရေးမှာ ကန်တော့ခံ ပုဂ္ဂိုလ်တစ်ပါး ဖြစ်နေပါပြီ ။
ပေါက်စီ ။ ပံသု အခြားသော သူငယ်ချင်းအားလုံးကို ကိုမြင့်လွင်က စည်းရုံးနိုင်ခဲ့သည်။ ထို့ကြောင့်လဲ ကျွန်တော် တို့ရဲ့ ကန်တော့ပွဲမှာ 10 နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ပထမ ကြိမ်၊ ဒုတိယ ကြိမ်၊ တတိယ ကြိမ် တွေမှာ စုပေါင်းတာဝန်ခွဲဝေယူပြီး စုပေါင်းလုပ်ကြသောကြောင့် ဒီနေ့ ဒီနှစ်တွေမှာ ကျွန်တော်တို့ရဲ့ ဆရာကန်တော့ပွဲ မှာလည်း အသားကျနေပြီ ဖြစ်သည်။
ဒီဇင်ဘာ ရောက်ခါနီးသည် သူ့တာဝန် နှင့် သူ အားလုံးလှုပ်ရှားကြပါသည်။ အချန်ရောက်လျှင် အားလုံးအဆင်သင့် ……..
ဒီနှစ် မှာ ဆရာတွေလဲ များပါသည်။ ကျောင်းသားများလည်း တိုးလာပါသည်။မနှစ်က MASU နှင့် တိုက်နေ သောကြောင့် ဆရာတစ်ဝက်လောက်က Mandalay ကိုရောက်သွားပါသည်။ဒီနှစ် 16.12.2008 စီစဉ်ထားသော်လည်း Mandalay နှင့် တိုက်နေသောကြောင့် 21.12.2008 နေ့ သို့ နောက်ဆုတ်ပေးခဲ့ပါသည်။ ဆရာများလည်း ၀မ်းသာကြပါသည်။ တပည့်များကို တွေ့ချင်နေရှာ သည်။

ဖူးရာ မှ ငုံ
ငုံရာ မှ ပွင့်
ပွင့်ရာ မှ နွမ်း  ..ဒါ.. လောကဓမ္မတာ ပါ ။   ။

ဆရာများအားလုံးသည် ညနေစောင်းအချိန်သို့ ရောက်နေပြီလို့ သူတို့ ကိုယ်တိုင်လည်း ပြောပါသည်။ကျွန်တော်တို့ ကိုယ်တိုင်လဲ နေ့မွန်းတည့်ချိန်သို့ ရောက်နေပြီ ဖြစ်သည်။ပါမောက္ခ ဒေါက်တာမောင်သိန်း မှ ကျောင်းသားများ အတွက်စကား လက်ဆောင်စာတမ်းဝေဌပါ သည်။ များစွာ မှတ်သားထိုက်သော စကားများပေ ..။ဆရာသိန်း ထမင်းစားပြီးသောအခါ ကျောင်းသား နှင့် စကားပြောပါ သေးသည်။“မင်းတို့ အရွယ်ဟာ နေမွန်းတည့်ချိန် နဲ့ တူတယ် ၊ ဆရာတို့ က နေစောင်း နေပြီကွ ။”

မင်းတို့ အနေနဲ့ လုပ်စရာတွေအများကြီးလုပ်ဖို့ ကျန်သေးတဲံ့ အတွက် …..ကျန်းမာရေး ကို ဂရုစိုက်ဘို့ လိုတယ်…
ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်ဖြစ်ကြရဲ့လား..
လုပ်ဖြစ်ပါတယ် လို့ တစ်ဝက်လောက် ပြောကြတယ် ။
ခြောက်လတစ်ခါ ဒါမှမဟုတ် တစ်နှစ်တစ်ခါ ဆေးစစ်တာတွေ လုပ်ကြရဲ့လား …။
တစ်ယောက် နှစ်ယောက်တော့ လုပ်ဖြစ်တယ် လို့ပြောတယ် …။ ကျန်သူတွေ အားလုံး အသံတိတ်နေသည်။
ဆရာသိန်းကတော့ တစ်နှစ် တစ်ခါလောက် ကျန်းမာရေးစစ်ကြပါ လို့မှာနေသည်၊၊
ဘာမှမလုပ်ဖြစ်ရင်တောင်လမ်းလျှောက်ကြပါလို့ဆရာမှာချင်တယ်၊ကျွန်တော်သည် စီ အဖြေရထားသည် မှာ ရက်ပိုင်းသာရှိသေးတယ်….ဒီနှစ် ကျွန်တော် မပျော်နိုင်ပါ ။စစ်၍ တွေ့သော အဖြေကြောင့် ကျွန်တော် စိတ်ညစ်နေပါသည်။
ဆရာ့ဘေးမှာထိုင်ပြီးဆရာ့ပြောစကားများကျနော့်နားထဲမ၀င်ပါ..ကျနော့်အတွေးများထဲမှာစီပိုးအကြောင်းတွေသာတစ်ဝဲလယ်လယ်…
အတန်ကြာတော့ မှ……နောက်ဖက်နားက အသံတစ်သံထွက်လာပါသည်။
ကျွန်တော်တို့ ရဲ့ အဆုတ် တွေ ၊ အသည်း တွေက ဒဏ်ရာ တွေကို လှမ်းမကြည့် လှန်မကြည့် ပါရစေ နဲ့ တော့စစ်ကြည့်ပြီးတော့ မှ ကိုယ်ထဲမှာ ရောဂါမျိုးစုံ တွေ့ခဲ့ ရင် ဘယ်လိုလုပ်မလဲ……….
ခုခေတ်ရောဂါတွေစုံသလိုကုသတဲ့စရိတ်တွေလည်းများလွန်းတယ်…မိသားစုအရေးတွေကလည်းရှိသေးတယ်…
အဲဒီတော့ မသိရ၊ မမြင်ရတာ ပိုမကောင်းဘူးလား ဆရာ။
စစ်ပြီးမှ တွေ့ခဲ့ရင် ပိုပြီးစိတ်ညစ်ပြီး စိတ်ထိခိုက်ပြီး စောစောသေနိုင်တယ် …ကျောင်းသားတစ်ယောက်ရဲ့ပြောစကား..
ဒေါက်တာမောင်သိန်းလည်း တပည့်၏ စကားကို ကြားလိုက်ရ၍ ငိုင်သွားပါသည်။
ကျွန်တော်ကတော့ ဘာမှဝင်မပြောပါ။ကျွန်တော်လဲ ရင်နာနာ၊အသည်းနာနာ နှင့် ဆရာကန်တော့ ပွဲံတက်ခဲ့သူပါ ။
ကျွေးသော ဒန်ပေါက်ထမင်း နှင့် လိမ္မော်ရည်ကိုတောင် မစားမသောက်နိုင်ခဲ့ပါ….ရင်ခံနေလို့ ………….။
ကျွန်တော် အခြေအနေအရ ကုသဖို့ ဆုံးဖြတ်ထားပါသည်။အဆုံးစွန် ထိလဲ တွေးထားပါသည်။
ကု၍ မပျောက်ခဲ့လျှင်လည်း နောက်ထပ်ဆေးအသစ်ပေါ်သည်အထိ စောင့်နေဦးမည် ။။  
 
အသည်းရောင်အသားဝါစီပိုးဆိုသည်မှာ…..သို့ဆက်ဖတ်ပါရန်…….
 
 

 
 
                
 
 
                

ADVERTISEMENT

Partner Links


http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများကို ကြည့်ရန်....

Advertisement Enquiry

                


                        HP : 09 5031741
                        


e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

© Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit