ဒဂုံစင်တာပေါ်ထပ်မှာရှိနေသောပံသုဘူမိဗေဒရုံးခန်းသို့ပေါက်စီနှင့်ကျွန်တော်ရှေ့ဆင့်နောက်ဆင့် ရောက်ချိန်မှာသူငယ်ချင်းအားလုံးစုံသလောက်ဖြစ်နေပြီ။ဘူမိဗေဒဆရာကန်တော့ပွဲအတွက်အကြိုတိုင်ပင်ညှိုနှိုင်းကြရန်ဖြစ်သည်။ အချိန်တော့လိုပါသေးတယ် ။
ပံသု တစ်ခုခုကြွားချင်တာရှိလို့နေမှာပါ။ဒီကောင် ပြီးခဲ့တဲ့လက တရုတ်ပြည်ကို သွားခဲ့တယ်။ ကျောက်ပြား ကုမ္ပဏီ နဲ့
အရောင်းအ၀ယ်စာချုပ်ချုပ်ဖြစ်တယ်လို့ပြောသံကြားနေတယ်။ ဆရာကန်တော့ပွဲ ကိစ္စပြောကြ ဆိုကြပြီးတော့…
ပံသုက Tea set တစ်စုံထုတ်ခဲ့တယ်။ လက်ထဲမှာ လည်း တရုတ်ပြည်ကလက်ဆောင် ရခဲ့သော
အကောင်းစား လက်ဖက်ခြောက် 4 ၊ 5 မျိုး ပါယူခဲ့တယ်။
Chinese tea တိုက်ချင်လို့ပါတဲ့၊ကျွန်တော်တို့ အားလုံးသူလုပ်သမျှကို ထိုင်ကြည့်နေကြတယ်။
လေလုံအောင်ထုပ်ထားသော ဟူလုံချာ လက်ဖက်ခြောက်ထုပ်ကို ဖောက်လိုက်တယ်။
လက်ဖက်ရည်ခရားထဲ ပြည့်ပြည့် သိပ်သိပ်လေးထည့်လိုက်တယ်။ ရေနွေးဆူဆူလောင်းထည့်လိုက်တယ်။
ခဏနေတော့ ဒီဦးရေ ရေနွေးကြမ်းကို သွန်ပြစ်လိုက်တယ်။ဘာကြောင့်လည်းကျွန်တော်မသိပါ။တရုတ်ပြည်မှာလည်း
ဒီလိုဘဲလုပ်တာဘဲ။ ပြီးတော့ မှ ရေနွေးတစ်ခါထပ်ထည့် ပြီး ခဏနှပ်ထားလိုက်တယ်။ ဒီကောင်
တရုတ်ပြည်သွားတုန်းက သင်ခဲ့တာဖြစ်မယ်။ရှမိန်မှာနေနေသော အမျိုးတွေဆီသွားလည်တော့ ဒီပုံစံအတိုင်း လုပ်တာတွေ
တွေ့ခဲ့ရတယ်။ ရေနွေးကြမ်းကိုရေနွေးခွက်သေးသေးလေးထဲသို့ ဌဲ့ထည့်ပြီး တစ်ယောက်ဆီသို့လှမ်းပေးသည်။
တရုတ်ပြည်မှာတုန်းက Chinese tea ကို ဒီအတိုင်းမပေးသောက်ပါ။ သောက်တာကအစ စည်းကမ်းရှိရသည်။
ဌဲ့ပြီးသားရေနွေးကြမ်းခွက်ကို ယူပြီး နှာခေါင်းနဲ့တေ့ပြီးမွှေးကြည့်ပါ။
အား…..အရမ်းမိုက်တယ် ။ လက်ဖက်ခြောက်အနံ့မွှေးမွှေးလေးသည် နှာခေါင်း မှတစ်ဆင့်
သွေးကြောထဲရောက်သွားတယ်၊ တစ်ကိုယ်လုံးလန်းဆန်းလာတယ်။ အနံ့ရှုယုံအဆင့်ဘဲရှိသေးတယ်။
မသောက်ရသေး၊ ရေနွေကြမ်းကို ပထမ တစ်ငုံကို ပါးစပ်ထဲမှာ ငုံထားလိုက်ပါ။ မမျိုချလိုက်ပါနဲ့ ဦး။
လက်ဖက်ခြောက်အရသာသည် လျှာဖျားမှတစ်ဆင့် ဦးနှောက်ထဲရောက်သွားသည် ၊
ဦးနှောက်ကြည်လင်တက်ကြွလာသည်။တစ်ကယ်တော့ တရုတ်ပြည် မှာ ခေတ်အဆက်ဆက်ကတည်းက
မရိုးနိုင်သေးသော Chinese tea ယဉ်ကျေးမှုပါ။နည်းပညာ တွေတိုးတက်လာတာနဲ့ အညီ သူတို့ လက်ဖက်ခြောက်သည်
အစိမ်း ရောင်မပျက်ဘဲနဲ့ အနံ့ကမွှေးပျံ့နေသည်။လက်ဖက်ခြောက် တံဆိပ်တွေလည်း အမျိုးစုံလှသည်။
အရသာလည်း မတူကြပါ။ကိုယ့်တိုင်းပြည်မှာ လည်း လက်ဖက်ခြောက်ထွက်သည်။ ဒါပေမယ့် နည်းပညာလိုနေသေးတယ်။
သောက်လိုက်ရင်လက်ဖက်ခြောက်အရသာထက် မီးခိုးနံ့ကပိုရနေတယ်။ဒုတိယ တစ်ခွက်လှမ်းယူလိုက်တယ်။ နှာခေါင်း နဲ့ ရှုလိုက်ပြီ
သောက်ရန် ပါးစပ်သို့လှမ်းလိုက်ပါသည်။နှုတ်ခမ်းနားအရောက်တစ်စုံတစ်ယောက်က ပုတ်ချလိုက်သလို ၀ုန်းကနဲ
မြည်ဟီးသံကြီးနှင့် အတူ လူတွေကော ၊ ရုံးခန်းပစ္စည်းပစ္စယတွေအားလုံး အလဲလဲ အပြိုပြို ၊
လက်ဖက်ခြောက်နှပ်ထားသော ရေနွေးခရားလေးလည်း ကြမ်းပြင်ပေါ် အရောက် ကွဲကြေပျက်စီးသွားတယ်။
ကျွန်တော် ကံမကောင်းပါ။ လဲအကျမှာရေနွေးခရား အကွဲပေါ်သို့ လက်က ထောက်ရက်သားသွားကျတယ်။
လက်ဖ၀ါးထဲကို ကွဲနေသော ဖန်ကွဲများ စိုက်ဝင်ကုန်တယ်။ သွေးများ လည်း ပန်းထွက်နေပြီ်။
ဆူဆူညံညံအသံတွေနားထဲမှာကျယ်ကျယ်လောင်လောင် ၊ငရဲပွက်သံဆိုတာ ဒါမျိုးဖြစ်မှာပါ။ အော်ဟစ်သံများ ။
ငိုသံများ ၊ ငြီးတွားသံများက ကမ္ဘာပျက်သလိုပင်။
ဗုံးကွဲတယ်ဟေ့......
ကယ်တော်မူကြပါ။ လာကြပါဦး ။ သေကုန်ကြပြီ ၊ လာဆွဲပါဦး ၊ ကယ်ကြပါ။
အောက်မှာအော်ဟစ်နေသောအသံများသည်အပေါ်ထပ်ပံသုရုံးခန်းထဲထိကြားနေရတယ်။
အောက်မှာရပ်ထားသော ကားနားဆီသို့ ဘယ်လိုရောက်လာခဲ့မှန်း ကိုယ်တိုင် စဉ်းစားလို့မရတော့ပါ။
ကျွန်တော့်ကားသည် ဒဂုံစင်တာ ၀င်ပေါက်နဲ့ မလှမ်းမကမ်း မှာ ရပ်ထားခဲ့တယ်။
ဖုံတွေမီးခိုးတွေလုံးကနဲအပြင်သို့ထွက်လာနေသည်။ပတ်ဝန်းကျင်တစ်ခုလုံးဘာမှသဲကွဲစွာမမြင်ရပါ။
ကြောက်လန့်တကြား ထွက်လာကြသော သူတွေမှာ လည်း် သွေးချင်းချင်းရဲနေတော့သည်။
အပေါက်ဝနားမှာ သွေးသံရဲရဲနဲ့ လဲနေသူတွေကိုလည်း တွေ့နေရတယ်။
ကျွန်တော့်ကားဘေး မှာကျွန်တော့်သား အရွယ်ကလေး နှစ်ယောက် တစ်ကိုယ်လုံးသွေး သံရဲရဲံ နဲ့
မျက်လုံး အကြောင်သား နဲ့ ငေးနေသည်။ကျွန်တော် အတွင်း စိတ်က ဒီအတိုင်း ရပ်ကြည့် မနေနိုင်တော့ပါ။
ကျွန်တော်ကားပေါ်သို့ အတင်းတွန်းသွင်းလိုက်ပါသည်။ ပြီးတော့ လူကြီးတစ်ယောက်ဦးခေါင်းကိုအုပ်ထားသော
လက်ကြားထဲမှသွေးတွေယိုစီးကျနေသည်။ " အဘကိုကူပါအုန်းငါ့တူရယ်" မျက်စိရှေ့မှာ မြင်သမျှ လူနာ အားလုံးကိုခေါ်တင်သည်။
ပြီးတော့ တစ်ကိုယ်လုံးသွေးတွေပေပွနေသောသားအမိနှစ်ယောက်လည်းထပ်တက်လာသည်။
ကျွန်တော့်လက်ကဒဏ်ရာမှ လည်း သွေးတွေ တစ်စက်စက် ကျနေတယ်။
ကျွန်တော့် တစ်ကိုယ်လုံးမှာ လည်း ဘယ်သူ့ သွေးတွေလည်း မသိတော့ နီရဲနေတယ်။
ကားပေါ်မှာ ဒဏ်ရာရတဲ့ သူတွေအားလုံးခုနှစ်ယောက်၊ ငြီးငြူသံတွေ ၊ ငိုသံတွေ ၊ ကားထဲမှာ ဆူညံနေတယ်။
ကျွန်တော် လက်ဖ၀ါး မှ သွေး တွေလည်းမရပ်သေး။မီးကြီးကို ဖွင့်သည်၊ အချက်ပြစုံမီးကို ဖွင့်ပြီး
အရေးပေါ် ဌာနရန်ကုန် ဆေးရုံကြီးသို့ ရောက်လာခဲ့သည်။ကျွန်တော့် ကားတစ်စီးလုံးလဲ သွေးတွေအိုင်ထွန်းနေသည်။
ကျွန်တော့် နဲ့ ပါလာကြတဲ့သူတွေရဲ့ ဖုန်းနံပါတ်တွေတောင်းပြီး ဖုန်းဆက်အကြောင်းကြားပေးလိုက်တယ်။
ပုဇွန်တောင်ကုန်သွယ်မှု ဗဟိုမှာ ရှိတဲ့ Thai Trade Fair မှာ လည်း ဗုံးကွဲ လို့ လူနာတွေ တစ်ဖွဲဖွဲ ရောက်လာနေတယ်။
ကျွန်တော်လက်က ဒဏ်ရာကိုတော့ ကျွန်တော့် ညီရှိနေတဲ့ အောင်ရတနာ ဆေးခန်းမှာ ၅ ချက်ချူပ်ပြီး ဆေးထည့်လိုက်ပါတယ်။
အရေးပေါ်မှာ တော့ အားလုံးအလုပ်ရှုပ်နေကြပြီ။ကျွန်တော့်ပင်ကိုယ်စိက်က သူတစ်ပါးကို ကူညီတတ်ခြင်းပင်။ဒဏ်ရာရနေသော သူတွေကို
ကျွန်တော် လစ်လျူရှုမထားနိုင်ပါ။ဒီနေ့ ကျွန်တော် ကူညီပေးခဲ့တာတွေ ပြန်စဉ်းစားမိတိုင်း စိတ်ထဲမှာ အရမ်း ကြည်နှုးနေမိတယ်။
အပေါင်းအသင်းမိတ်ဆွေ ၊ ဆွေမျိုးများ နှင့် တွေ့တိုင်း ဒဂုံစင်တာ မှာ ကူညီခဲ့ရသော အဖြစ်အပျက်များကို အားရပါးရ စိတ်ပါလက်ပါ
အမြဲပြောပြနေခဲ့တယ်။ဒီနှစ် ဘူမိဗေဒ ဆရာ ကန်တော့ပွဲ မှာ သူငယ်ချင်းများကို ဒဂုံစင်တာက အဖြစ်ပျက်များ အကြောင်းကိုပြောခဲ့တယ်။
ဒုက္ခရောက်နေသူများကို လျစ်လျူမရှုထားကြဘို့ အတတ်နိုင်ဆုံးအကူအညီ ပေးကြဘို့ သူငယ်ချင်းအားလုံးကို တိုက်တွန်းဖြစ်ခဲ့တယ်။
အဲဒီအချိန်တုန်းကကျွန်တော်စိတ်တွေအရမ်းတက်ကြွနေခဲ့တယ်။ကူညီခွင့်ကြုံလို့ကူညီပေးခဲ့ရတာကိုလည်းအရမ်းဂုဏ်ယူနေမိတယ်။
ဒါပေမဲ့ဒီလိုကူညီခဲ့လို့နောက်နှစ်မှာကျွန်တော်ဘ၀လုံးဝဆန့်ကျင်ဖက်ပြောင်းလဲသွားရတော့မယ်ဆိုတာကျွန်တော်ကြိုမသိခဲ့ပါဘူး။
ဒီလိုဖြစ်လာလိမ့်မယ်လို့လည်းမထင်ခဲ့မိပါဘူး။ကျွန်တော်ကိုယ်ထဲဘယ်သူ့သွေးကတဆင့်အသည်းရောင်အသားဝါစီပိုးရောက်လာခဲ့သလဲ
ဆိုတာမစဉ်းစားချင်တော့ပါဘူး။နောက်နှစ်မှာတော့ကျွန်တော့်အခြေအနေလုံးဝလုံးဝပြောင်းပြန်ဖြစ်ခဲ့ရပါတယ်။အသည်းရောင်အသားဝါစီ
ပိုးသတ်ဆေးထိုးပြီးနောက်မှာညဖက်အိပ်မပျော်တာများလာပါတယ်။စိတ်ဓါတ်ကျတာလည်းအရမ်းဘဲ။
အ၀တ်နက်ခြုံထားသောလူတစ်ယောက်လက်ထဲမှာစီပိုးအပြည့်ပါနေသောသွေးပုံးကြီးကိုဆွဲပြီးကျွန်တော့်ဆီကိုအတင်းပြေးလာနေပါတယ်။
ကိုယ့်ဆီကိုတည့်တည့်လာနေမှန်းသိပေမဲ့လည်းခြေထောက်တွေလှုပ်မရပါ။တစ်စုံတစ်ယောက်ဆွဲထားသလိုမျိုး ၊
အနားရောက်တော့သွေးတွေနဲ့တစ်ကိုယ်လုံးကိုသင်္ကြန်ရေပက်သလိုမျိုးဗွမ်းကနဲလောင်းချလိုက်ပါတယ်။
တစ်ကိုယ်လုံးသွေးတွေပေကုန်ပြီ။ ပိုဆိုးတာကသွေးထဲပါလာတဲ့စီပိုးတွေကလည်းတရွရွနဲ့မျက်လုံးတွေ၊နှာခေါင်းတွေ၊ပါးစပ်တွေထဲ
ဝင်ကုန်ပါတော့တယ်။ညဖက်အိပ်နေရင်းသွေးတစ္ဆေရဲ့ခြောက်လှန့်မှုကြောင့်နိုးလာခဲ့ရင်တစ်ညလုံးအိပ်မရတော့ပါ။
တစ်ကိုယ်လုံးမှာလည်းချွေးစေးတွေနဲ့၊ လည်ချောင်းအာခေါင်တွေလည်းခြောက်ကပ်ကပ်၊
ငါလူတွေကိုကူညီပေးခဲ့မိတာမှားပြီလားလို့တွေးမိတာလည်းအကြိမ်ကြိမ်၊
ညစဉ်ညတိုင်းခြောက်လှန့်နေတဲ့သွေးတစ္ဆေကြောင့်အိပ်ပျက်ရတဲ့ညတွေလည်းများလာပါတယ်။
ကြာလာတော့အိပ်ရမှာကိုတဖြေးဖြေးကြောက်လာပါတော့တယ်။ ။