ကျနော် နာမည် ကိုကိုထွေး၊ ပြင်စလူဇာတိ
မဟုတ်ပါ။လယ်ယာကိုင်းကျွန်းနှင့် နီးစပ်သော ဟင်္သာတမှ ဖြစ်ပါသည်။
ကျနော့်အစ်ကို ကိုဌေး၏ ဌေးမေတ္တာ ဆားလုပ်ငန်းမှာ
ဝိုင်းကူညီပြီး လုပ်ပေးနေတာ အခုဆိုရင် ငါးနှစ်လောက်ရှိပါပြီ။
ကျနော်သည် ပင်လယ်နှင့်မနီးစပ်ခဲ့သောကြာင့် ပြင်စလူမှာ
မပျော်ပါ။ပျော်ရာမှာမနေရ …… တော်ရာမှာ နေရစကား
အတိုင်းအစ်ကို့ အလုပ်ထဲမှာဘဲ စိတ်နှစ်ထားခဲ့ပါသည်။
အစ်ကိုအလုပ်ကလည်း တစ်ဖြည်းဖြည်း တိုးတက်လာသောကြောင့်
ကျနော်ကူညီပေးရ ကျိုးနပ်ပါသည်။ကျနော့်အစ်ကို
ကိုဌေးသည် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဓါတုဗေဒနှင့်
ကျောင်းပြီးခဲ့ပါသည်။အစ်ကိုဂစ်တာတီး သီချင်းဆိုတာကို အရမ်း
ဝါသနာပါသလို အသံလည်းကောင်းပါသည်။အစ်ကိုသည် GEOLOGY မှ
တမြို့တည်းသား ကိုဌေးဝင်း၊ကရင်ပြည်နယ်မှ
ကျောင်းလာတက်သော ကိုဂျစ်တို့နှင့်
အရမ်းအဖွဲ့ကျခဲ့ပါသည်။အလုပ်လုပ်နေကြရင်း တခါတရံ ကျောင်းနေစဉ်က
အကြောင်း
များကို ပြန်ပြောပြလေ့ ရှိပါသည်။ကိုဂျစ်တို့နှင့် ဂစ်တာတီးပြီး
သီချင်းဆိုခဲ့ကြသော ပုဂံဆောင်ညတွေကို အစ်ကိုဒီနေ့ထိ
သတိရနေဆဲပါ။ကျနော် ဆယ်တန်းမအောင်ခဲ့သောကြောင့်
တက္ကသိုလ်များနှင့် မနီးစပ်ခဲ့ပါ။ကျနော့် အစ်ကိုတက္ကသိုလ်
ကျောင်းသာဘ၀ကို အရမ်းအားကျမိပါသည်။ကုန်လွန်ခဲ့သော
အချိန်များကိုပြန်၍ နှမျောမိပါသည်။အစားပြန်၍ မရနိုင်
တော့ပါ။အစ်ကိုနှင့်မရီးတို့သည် ပုသိမ်ဒေသကောလိပ်တွင်
အတူကျောင်းတက်ခဲ့ပြီး သံယောဇဉ်ဖြစ်ခဲ့ကြသည်။အစ်ကို
ရန်ကုန်ရောက်သွားသော်လည်း သံယောဇဉ် လျော့မသွားခဲ့ပါ။သူတို့
ကျောင်းပြီး၍ မကြာခင်မှာ ယူလိုက်ကြသည်။မရီးက
ပြင်စလူ ရွာသူစစ်စစ်၊တစ်ဦးတည်းသောသမီး ဖြစ်သောကြောင့်
အစ်ကိုလဲပြင်စလူကို ရောက်ခဲ့ရပါသည်။
အစ်ကိုလဲ ကျနော်လို ပင်လယ်ကို သိပ်မခင်တွယ်ခဲ့ပါ။ဒါပေမယ့်
ယောက္ခမဆားလုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်ရင်း ပင်လယ်
နှင့် နီးစပ်ခွင့်ရခဲ့ပါသည်။ပင်လယ်သည် တစ်ခါတစ်ရံ
တည်ငြိမ်နေသလောက် တစ်ခါတစ်ရံ မုန်ယိုနေသော ဆင်တစ်ကောင်
အလား ဆိုးသွမ်းရိုင်းစိုင်းတတ်ကြောင်း
အစ်ကိုနားလည်ထားပါသည်။နောက်တစ်မျိုး နားလည်ထားတာ
တစ်ခုရှိပါသည်။
ပင်လယ်ကြီးသည် အစ်ကိုတို့ကို နေ့စဉ်ပိုက်ဆံအန်ထုတ်ပေးနေသော
ကျေးဇူးရှင်တစ်ယောက် ….. ယောက္ခမမရှိတော့တဲ့
နောက်ပိုင်း ဆားလုပ်ငန်းကို အစ်ကိုဆက်ပြီး ဦးဆောင်ခဲ့ပါသည်။
ခေတ်မှီပုံစံမျိုးနှင့် လုပ်ဆောင်ခဲ့သောကြောင့် စီးပွားရေး
ပိုတက်ခဲ့ပါသည်။အစ်ကိုစီးပွားရေး တက်ခဲ့သောကြောင့် ကျနော်
လဲ ၀ိုင်းကူညီရန် ပြင်စလူကို ရောက်ခဲ့ရပါသည်။အစ်ကိုမှာ
ကိုယ်ပိုင် ဆားကွင်းအများကြီးရှိနေပါသည်။ယခင်က ထက်ပို၍များ
လာပါသည်။ပင်လယ်ရေကို ဆားကွင်းထဲသွင်းပြီး
နေလှမ်းအခြောက်ခံခြင်းဖြင့် ဆားကြမ်း ရလာပါသည်။
ဆားကြမ်းကို ဆားချောအဖြစ်ချက်ပြီးမှ မြို့သို့ပို့ပြီး
ရောင်းလေ့ရှိကြသည်။
အချို့ငွေကြေးမတတ်နိုင်သော တောင်သူများဆီက ဆားကြမ်းများကိုလည်း
ဝယ်လှောင်လေ့ရှိပါသည်။နှစ်စဉ်နှစ်တိုင်း
ဆားကြမ်းထွက်ချိန်မှာ ဈေးကျပြီး ရာသီကုန်ပြီးနောက်
ဆားဈေးပြန်တက်လေ့ ရှိပါသည်။ထိုကြောင့် ဆားကြမ်းထွက်ချိန်
များ၌ ရသလောက် သိမ်းကျူံးဝယ်ပြီး လှောင်ထားလေ့ရှိကြသည်။
အစ်ကိုမှာ ဆားစက်လဲရှိသောကြောင့် ဆားကြမ်းမှဆားချောထုတ်ပြီး
ရောင်းချခြင်းကပို၍ အကျိုးရှိစေပါသည်။ အစ်ကို
စီးပွားရေးအခြေအနေ အလွန်ကောင်းနေပါသည်။အစ်ကိုမှာ
သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိပါသည်။ သားကြီးနှင့်
အငယ်မလို့ ခေါ်ကြပါသည်။သားကြီးက ဒီနှစ်ဆယ်တန်း ဖြေထားတယ်။အငယ်မက
ခုနှစ်တန်းမှာ ကျောင်းတက်နေတယ်။
အစ်ကိုသည် GEOLOGY မှသူငယ်ချင်းများကို ခင်တွယ်ခဲ့သောကြောင့်
မန္တလေးဆောင်နှင့် ဒဂုံဆောင်ကိုလဲ သံယောဇဉ်
ဖြစ်နေပါသည်။ထိုကြောင့်လဲ သားကြီးစာမေးပွဲအောင်ပါက GEOLOGY
ဘာသာယူဘို့ တိုက်တွန်းမည်ဟု ကျနော့်ကိုပြောပြ
ထားပါသည်။ မရီးကပြင်စလူ ရွာသူစစ်စစ် ဖြစ်ပါသည်။ပင်လယ်နားမှာ
နေခဲ့သောကြောင့်ပင်လယ်အကြောင်းကို ကျနော်
တို့ထက် ပိုသိပါသည်။မုန်တိုင်းများ ဒီရေများအကြောင်းကို
စကားစပ်မိတိုင်း ပြောပြလေ့ရှိပါသည်။မရီး၏ အဘိုးအဘွား
လက်ထက်ကတည်းက ရွာမျက်နှာဖုံး ဖြစ်ခဲ့ကြပါသည်။ ယခုအစ်ကို
လက်ထက်မှာပို၍ စီးပွားဖြစ်ခဲ့သောကြောင့် မရီးမျက်နှာ
အရမ်းပွင့်ပါသည်။ လွန်ခဲ့သော သုံးနှစ်လောက်က
မရီးနှစ်ထပ်တိုက်တစ်လုံး ဆောက်ရန် တိုင်ပင်ခဲ့ကြပါသည်။ မြို့က
ဧည့်သည်များ လာပါက တည်းခိုရန်နှင့် မုန်တိုင်းရန်ကိုလဲ
ကာကွယ်ရန်ဖြစ်ပါသည်။ ဤတိုက်သစ်ဆောက်ဖြစ်ပါက အစ်ကို
တို့ မိသားစုဒီလိုအဖြစ်ဆိုးနှင့် တိုးတော့မည်
မဟုတ်ပါ။လွန်ခဲ့သော ဆယ်နှစ်က ဆောက်ခဲ့သော ကိုညိုအေး၏ တိုက်က
အိမ်နားနီးချင်း လူအယောက်ခုနှစ်ဆယ်လောက်ကို အသက်ဘေးမှ
ကာကွယ်ခဲ့သည်။ဘယ်သူမှလဲ ကြိုမသိနိုင်ပါ။
ကြိုသိခဲ့ရင်လည်း ဒီလောက်ပြင်းထန်လိမ့်မည်ဟု ဘယ်သူမှ
မထင်ထားပါ။
ကိုယ်လုပ်ချင်နေသော အရာ၊လုပ်သင့်သည်ဟု ထင်ထားသောအလုပ် ……..
လုပ်ခွင့်ကြုံနေသော အနေအထား…….
လုပ်နိုင်သော အခြေအနေ .. ရောက်နေပါက ချက်ချင်းမဆိုင်းမတွ
လုပ်ကြပါလော့ ……
မရီးတိုက်ဆောက်ရန် ငွေကြေးအခြေအနေ ပြည့်စုံပါလျှက်
မဆောက်ဖြစ်ခဲ့သော အခြေအနေကို နှိုင်းယှဉ်၍ ပြောပြခြင်း
ဖြစ်ပါသည်။ဘယ်သူ့ကိုမှလဲ အပြစ်မပြောပါ၊ကျနော်တို့
အားလုံးအလုပ်ထဲမှာဘဲ အရင်းအနှီး ထပ်ထည့်ကြသည်။အရင်းအနှီး
ထည့်သလောက် အကျိုးအမြတ် ရနေသောကြောင့်
မရီးလဲတိုက်ဆောက်ဖို့ကို နောက်ဆုတ်ထားလိုက်ပါသည်။ ထို့ပြင်
ဘိုးဘွားလက်ထက်က နေလာခဲ့သော မြေစိုက်ခြေတံရှည်အိမ်ကြီးကလဲ
နေလို့ရသေးသည်။ဒါပေမဲ့ အနှစ်သုံးဆယ်လောက်က
သစ်အဆီအနှစ်တော့ ကုန်ခမ်းနေပါပြီ။မေလနှစ်ရက်နေ့
အဖြစ်အပျက်ကိုတော့ ရင်နာလွန်းသောကြောင့်ပြန် မတွေးချင်
တော့ပါ။ မတွေးချင်ပေမယ့်လည်း အဖြစ်အပျက်များက မျက်စိထဲအလိုလို
ပြန်ပေါ်လာပါသည်။
ဒီနေ့ မုန်တိုင်းလာမည်ကိုတော့ ကျနော်တို့
ကြိုသိထားပါသည်။ဒါပေမဲ့ ရေဒီယိုနှင့်တီဗီမှာ ဒီလောက်ကြီး
ပြင်းထန်မယ်လို့
လည်းမပြောခဲ့ပါ။ဒါကြောင့် သိကြတဲ့အတိုင်း မြန်မာလူမျိုးပီပီ
ပေါ့ပေါ့ဆဆပါဘဲ၊ညနေဖက်မှာ တိုက်ခတ်သောလေ တဖြေးဖြေး
ပြင်းထန် လာပါသည်။သည် ပြင်းထန်သောလေကြောင့်
ဆားကြမ်းဂိုဒေါင်အမိုးများ လွင့်ထွက်ကုန်ပါပြီ။ဆားကြမ်း
ဂိုဒေါင်
ထဲမိုးရေ၀င်မှာ စိုးသောကြောင့် အမိုးအကာများကို
အစ်ကို၊ကျနော်နှင့် အလုပ်သမားများပြန်ပြီး အုပ်ဖို့ကြိုးစား
နေကြပါသည်။
ဆားကြမ်း ဂိုဒေါင်ကလဲ များသောကြောင့် နီးရာဂိုဒေါင်ကိုသာ
လုပ်နိုင်ပါသည်။သို့သော် ပြင်းထန်သော လေများက တစ်ဖန်
ပြန်လွင့်စင် စေခဲ့ပါသည်။ဒီအချိန်မှာ
မှောင်စပြုနေပါပြီ။အစ်ကိုစီးပွားအားလုံး ဆားကြမ်းထဲမှာ
မြှပ်နှံထားသောကြောင့် ကျနော်
တတ်နိုင်သမျှ ကာကွယ်ရပါမည်။ကျနော်နှင့် အလုပ်သမားများ
လူခွဲ၍အမိုးအကာများကို ဖုံးအုပ်နေကြပါသည်။ အစ်ကို
ကိုတော့ မရီးနှင့်ခလေးများကို ပြန်ကြည့်ရန် အိမ်ပြန်ခိုင်း
လိုက်ပါသည်။အစ်ကိုအိမ်က ဆားဂိုဒေါင်နှင့် နဲနဲလှမ်းပါသည်။
နောက်ဘက်က တိုက်သောလေသည် ပြင်းထန်လွန်းပါသည်။ဒီလောက်
ပြင်းထန်သောလေကို ကျနော်တစ်ခါမှ မကြုံဘူးပါ။
ဆားကြမ်းဂိုဒေါင်အပေါ်မှ မလွင့်ကျရန် မနဲထိန်းနေရသည်။နောက်ထပ်
ဝီကနဲ တိုက်လိုက်သော လေကြောင့် ကျနော်တို့အောက်
ဆင်းမှဖြစ်တော့မည်။မဆင်းပါက လေထဲလွင့်ပါ သွားနိုင်သည်။
" အားလုံးပြန်ဆင်းတော့ … ဟေ့ …….. "
ကျနော်အလုပ်သမားတွေကို ပြန်ဆင်း ခိုင်းလိုက်ပါသည်။
" အစ်ကိုလေး ရေတွေတက်လာပြီ … "
အလုပ်သမားအော်သံနှင့်အတူ မရှေးမနှောင်းမှာပင် ဆားဂိုဒေါင်သည်
သိမ့်ကနဲ….သိမ့်ကနဲ…… လှုပ်နေပါသည်။
ကျနော် ဆားဂိုဒေါင်အမိုးပေါ်မှ မြေပေါ်သို့ ခုန်ချလိုက်ပါသည်။
စိတ်ထဲမှာ မြေကြီးလို့ ထင်ထားပေမယ့် ဗွမ်း…ကနဲ ရေထဲကို
ကျသွားပါသည်။မရီးပြောလေ့ရှိသော မုန်တိုင်းနောက်က ဒီရေဆိုတာ
ဒါဘဲဖြစ်မယ်။အားလုံး ကိုဌေးအိမ်ကို သွားကြမယ်ဟေ့ ....
ရေဘယ်အချိန်ကတည်းက တက်နေတာလဲ မသိပါ။ခါးလောက်ရောက်နေပြီ။ဝီခနဲ
တိုက်ခတ်လိုက်သောလေသံ နောက်မှာ
တဟဲဟဲ မြည်သံနှင့်အတူ … ဂျိုး … ဂျိုး .. ဂျွတ် … ဂျွတ် ……
ဗွမ်း … ပွတ်တိုက်နေသော ရေအသံကို ထိတ်လန့်စွာ ကြားနေ
ရပါသည်။ ကျနော်တို့ အားလုံးခါးစောင်းလောက် ရေထဲမှာ ခက်ခဲစွာ
ပြေးရပါတော့မည်။နောက်ဘက်မှ ၀ုန်းကနဲ ဆောင့်တွန်း
လိုက်သော ဒဏ်ကြောင့် ကျနော် ခြေကားယား၊လက်ကားယားနှင့် ရေစီးထဲ
မျောပါသွားပါသည်။
" အစ်ကိုလေးကျနော်ကိုစောင့်ပါဦး …… ကျနော်ခေါင်းကွဲသွားပြီ ...
"
နားထဲမှာ အလုပ်သမား အော်သံကြား လိုက်ပါသည်။ ကျနော် ဘယ်လိုမှ
မတတ်နိုင်။ ကျနော်လဲ ရေထဲမှာ ဂျွမ်းထိုးမှောက်ခုံ ဖြစ်ပြီး
မျောပါနေသည်။ရေရှိန်ပြင်းသောကြောင့် ဘယ်လိုမှ
ထိမ်းမရတော့ပါ။အစ်ကို အိမ်နှင့်ဆားဂိုဒေါင် မိုင်ဝက်လောက်
ဝေးသည်။
နောက် ၂ ခါ ဆောင့်တွန်းလိုက်သော ရေအရှိန်နှင့်
အစ်ကို့အိမ်နားကို ရောက်သွားပါသည်။မှောင်ထဲမှာ ရိုးတိုးရိပ်
တိတ်မြင်နေ
ရသောအမြင်မှာ မယုံနိုင်စရာပါ။ဒီရေလှိုင်း၏ တွန်းအားကို
နှစ်သုံးလေးဆယ်သက်တမ်းရှိသော သစ်နှင့်ဆောက်ထားသော
မရီးတို့အိမ် .. တောင့်မခံနိုင်တော့ပါ။
ဂျွတ် …. ဂျွတ် .. မြည်သံနှင့် အတူယိုင်လဲစပြုနေပြီ …
" အစ်ကို ….. မရီး … အိမ်ကထွက်တော့ အိမ်ပြိုတော့မယ်….. "
ကျနော့်အော်သံကိုသူတို့ကြားမကြားမသိတော့ပါ….
" ကျနော်အမေ့ကိုတွဲထားမယ်…အဖေညီမလေးကိုဂရုစိုက်နော်…. "
သားကြီး အော်ပြောလိုက်သော အသံကို ကျနော် နောက်ဆုံးကြားလိုက်
ရပါသည်။တစ်ဝုန်းဝုန်းနှင့် ဆောင့်တွန်းနေသော ဒီရေ
ထဲမှာ ကျနော် တစ်လူးလူး တစ်လိမ့်လိမ့်နှင့်
မျောနေပါသည်။ရေတစ်ချက်အငြိမ်မှာ ခြေထောက်နှင့် မြေကြီးကို
စမ်းကြည့်တော့
မြေကြီးနှင့် မထိတော့ပါ။ လက်ခုပ်တစ်ဖောင်လောက်အထိ မြေကြီးကို
စမ်း၍မရသေးပါ။ ကျနော် စိုးရိမ်ထိပ်လန့်နေပြီ။
" အစ်ကို …. မရီး …… သားကြီး ……. အငယ်မ … "
အားလုံးကို အော်ခေါ်ကြည့်ပါသည်။ ထူးသံမကြားရပါ။ ဒါပေမယ့် ကယ်ပါ
….. ကူပါ … တစ်စာစာနှင့် အော်သံများကနားထဲ
သံရည်ပူလောင်းချလိုက်သလိုပါဘဲ။
ဒီရေ ဒီလောက်မြင့်လိမ့်မည် ဟုကျနော်တို့ မထင်ထားကြပါ ….
တွေလဲ တစ်ရိပ်ရိပ် တက်နေဆဲ….တ၀ုန်းဝုန်းနှင့်
ဆောင့်တွန်းလိုက်သော ဒီရေအရှိန်ကြောင့် ကျနော်ရေထဲမှာ
ဦးတည်ရာမဲ့
မျောနေသည်။ မှောင်မဲမဲနှင့် ဘယ်နေရာ ကမ်းခြေဆိုတာ
မသိတော့ပါ။အလိုက်သင့် ကိုယ်ဖေါ့ ထားလိုက်ပါသည်။
ကယ်ပါ …. ကူပါ …. အသံတွေကြားနေရဆဲ …..ရေမကူးတတ်သော လူတစ်ယောက်
ရေထဲမှာ ဆယ်မိနစ်လောက်နှင့် အသက်
ပျောက်သွားနိုင်သည်။ တိုက်နေသောလေ … ရွာနေသောမိုး …
တက်လာသောဒီရေအရှိန်နှင့် ရေကူးတတ်သော သူလဲ
ဘယ်လောက်ကြာအောင် ကူးနိုင်မှာလဲ။ကိုယ့်ကိုကိုယ်
ဒါနောက်ဆုံးလို့ သတ်မှတ် ထားလိုက်ပါသည်။
အဖေ .. အမေ … ကိုဌေး ….. ကျနော် အမှားလုပ်မိခဲ့ရင်
ခွင့်လွတ်ပေးကြပါ။ ….
နောက်ဆုံးဘုရားကို အာရုံပြု ထားလိုက်ပါသည်။
အရှင်ဘုရား … ဒီဘ၀မှာဒီမျှသာ ဆိုရင်လည်း
တပည့်တော်လက္ခံပါသည်…….နောက်ဘ၀ရှိခဲ့မယ်ဆိုရင် အစွမ်းအစ
မရှိသောသူ မဖြစ်ပါရစေနှင့် စိတ်ထဲမှာရှိတာတွေကို
အော်နေသည်။အချိန်တွေလဲ ဘယ်လောက်ကြာသွားမှန်း မသိတော့ပါ။
မုန်တိုင်းလဲ မရပ်သေးပါ။နောက်တစ်ချက် လှိုင်းအပုတ်မှာ
သစ်ပင်တစ်ပင်ပေါ်သို့ ကျနော်ရောက်သွားပါသည်။ထို သစ်ပင်ကို
ကျနော် မလွှတ်တော့ပါ။ကျစ်ကျစ်ပါအောင်
ဖက်ထားလိုက်ပါသည်။ဘာပင်လဲလို့ လက်နှင့်စမ်းကြည့်လိုက်
တော့ …. ဘုရား …. ဘုရား …. အုန်းပင် … အုန်းပင်
ဘယ်လောက်မြင့်သလဲ အားလုံးသိကြပါသည်။ကျနော် ထိပ်လန့်
တုန်ုလှုပ်နေပါသည်။ဘုရား ….. ဘုရား … ဒီရေ ..
ဒီလောက်တောင်မြင့်ရသလား …… သေပါပြီ … လူတွေ …
လူတွေ … အုန်းလက်ဂွ ဆုံကြားထဲ ၀င်ထိုင်လိုက်ပါသည်။ရေအရှိန်
လေအရှိန်နှင့် အုန်းပင်မှာလဲ တရမ်းရမ်း ဖြစ်နေပါသည်။
ဘာဘဲဖြစ်ဖြစ် ဒီအုန်းပင်မှာဘဲ တွယ်ကပ်ထားဘို့ ကျနော်
စဉ်းစားထားပါသည်။ကျနော် လက်ပမ်းကျနေပြီ။ … ဆက်ပြီး
ကူးနေရင်လဲ ကျနော် ရေနစ်သေတော့မည်..။ပင်ပန်းသောဒဏ်နှင့်
အုန်းပင်ဂွကြားမှာ ဖက်တွယ်ထားရင်း မှေးကနဲဖြစ်သွား
ပါသည်။
" အမေ .. အမေ .. သားကိုလာခေါ်ပါ …… သားကြောက်တယ် …….
သားကိုလာယူပါ …….. "
စူးစူးဝါးဝါး အော်လိုက်သော ခလေးအသံကြောင့် ကျနော် ဖြတ်ခနဲ
သတိဝင်လာပါသည်။ အမေ … သားကြောက်တယ် ….
လာခေါ်ပါ …. အမေဘယ်သွားနေလဲ ….. သားဒီမှာရှိနေတယ် ….
ခလေးတစ်ယောက် ငိုသံတွေ ကြားထဲက မိဘကို
တမ်းတနေသည်။ဘုရား .. ဘုရား ….. ဒီခလေး ဘယ်ကရောက်လာတာလဲ…..သူ
စိုးရိမ်ထိတ်လန့် နေရှာသည်။
" သား … ဘယ်ရောက်နေလဲ …. "
" ဘယ်သူလဲ ….. "
" ဦးဦးပါသားရယ် … သားမကြောက်နှင့် ဦးဦးရှိတယ် … "
" သားသစ်ပင်ပေါ်မှာ … ဦးအမေ့ကို ခေါ်ပေးပါ … "
" ခေါ်ပေးမှာပေါ့ သားရယ် .. သစ်ပင်ကို ဖက်ထားနော် …
မလွတ်စေနှင့် …. "
" ဟုတ်ကဲ့ … ဟုတ်ကဲ့ …. ဦးအဖေ့ကို ခေါ်ပေးပါ …… "
" ခေါ်ပေးမှာပေါ့ သားရယ်၊ လေတိုက်တာရပ်ရင် ဦးခေါ်ပေးမယ်။
" သားသစ်ပင်ပေါ်က မကျစေနှင့်နှော် … အောက်မှာ ရေတွေရှိတယ်…
"
" ဟီး … ဟီး …. သားရေကြောက်တယ် …… ဦးသားကိုလာခေါ်ပါ …. "
" ခဏလေးတော့ စောင့်ပါသားရယ် … လေတွေရပ်ရင် လာခေါ်မယ် .. "
ကျနော်တို့နှစ်ယောက် အပြန်အလှန် ပြောကြတာပါ … ကျနော် တူ၊တူမတွေ
ဘယ်မှာလဲ .. ဒီခလေးလို ကံကောင်းပါစေ..
ခဏတိတ်ဆိတ် သွားပါသည်။လေတွေလည်း မရပ်သေးပါ။
" ဟီး..ဟီး … အမေ သားကိုလာခေါ်ပါ … သားကြောက်တယ် …
ဦးဦး .. သားကြောက်တယ် .. "
" သားမကြောက်နှင့် ဦးဦးရှိနေတယ် .. မိုးလေရပ်ရင်
သားကိုလာခေါ်မယ် .. "
" ဟီးဟီး .. အဖေ ဘယ်သွားနေလဲ …. သားကြောက်တယ် … "
" မကြောက်ပါနှင့် သားရယ် …. ဦးဦးရှိနေတယ်လေ ..
သားနာမည်ဘယ်လိုခေါ်လဲ … "
" မောင်သက်ရှည် …. "
" သားအသက်ဘယ်လောက်ရှိပြီလဲ .. "
" ရှစ်နှစ် .. "
" ဘုရား … ဘုရား … အငယ်မ ထက်တောင် ငယ်နေသေးသည် .. "
" သားကျောင်းနေလား … "
" နေတယ် ……. "
" ဘယ်နှစ်တန်း ရောက်ပြီလဲ … "
" နှစ်တန်း … အမေဘယ်သွားနေလဲ .. "
လေတိုက်တာတွေ မရပ်သေးပါ .. ဒီခလေးကို ကျနော်
စိုးရိမ်မိပါသည်။လက်မြဲမြဲဖက်ထားဖို့ပြောရင်း
ကြောက်စိတ်ပြေအောင်
စကားတွေ ပြောနေမိသည်။လေပြင်းတစ်ချက် ၀င်တိုက်တော့ အုန်းပင်တွေ
ယိမ်းယိုင်ကုန်ပါသည်။
" အမလေး ….. အမလေး …. ကြောက်တယ် .. ကြောက်တယ် ….
လေအတိုက်မှာခလေးထိတ်လန့်သွားပုံရပါသည်။
" သား ….. သက်ရှည် .. လက်ကိုမြဲမြဲကိုင်ထားနော် ……
ဦးသားကို လာခေါ်မှာပါ … "
" လာခေါ်မယ်ဆိုလည်း မြန်မြန်လာခေါ်ပါ … သားကြောက်တယ်
…. "
အသံခဏ တိတ်သွားပြန်ပါသည်။ဝုန်းကနဲ ရေထဲကို တစ်စုံတစ်ခု
ပြုတ်ကျသံနှင့်အတူ
" အမေရေ … သားကြောက်တယ် … လာခေါ်ပါဦး … "
" သားမကြောက်နှင့် .. မြဲမြဲဖက်ထားနော်သား .. "
အုန်းသီးကို ခြေထောက်နှင့် နင်းမိပြီး အုန်းသီးရေထဲကျသွားသော
အသံကို ခလေးထိတ်လန့်သွားပုံရသည်။
" အမေလဲမလာဘူး .. အဖေလဲမလာဘူး …. "
" ဦးသားကို လာခေါ်ပါ …. သားကြောက်လို့ပါ .. ဟီးဟီး …
"
ငိုရှိုက်ရင်း ပြောနေသော စကားသံများသည် ကျနော့် အသည်းနှလုံးကို
ဓါးနှင့်မွှန်းနေသလိုဘဲ ခံစားနေရပါသည်။လေတွေလဲ
မရပ်သေးပါ … အရင်လောက်တော့ သိပ်မကြမ်းတော့ပါ … အောက်မှာ
ရေတွေရှိနေသေးသည်။ ဘယ်လောက်နက်လဲ
မသိနိုင်ပါ။ ပတ်ဝန်းကျင်တခုလုံး မှောင်နဲ့မဲမဲ၊ ကျနော်
အားပေးစကားပြောသည်မှ လွဲ၍ဘာမျှ မလုပ်ပေးနိုင်ပါ။
" ဟီး .. ဟီး .. ဦးလဲသားကို လာမခေါ်ဘူး ..
သားကြောက်တယ် ….. "
" သားကိုဦးဦးလာခေါ်မှာပါ….ခဏလေးစောင့်ပါသားရယ် ….. "
" ဦး .. ကတိမတည်ဘူး …. ဦးကတိမတည်ဘူး .
.လာခေါ်မယ်ဆိုပြီး မခေါ်ဘူး … ဟီး .. ဟီး … "
ကျနော် ရင်နာသည်။ရင်ထဲမှာ နာကျင်နေသည်။
" ကြောက်တယ် … ကြောက်တယ် .. "
" မကြောက်နဲ့လေသား … မကြောက်နဲ့ … သားဘေးက
အုန်းပင်ပေါ်မှာ ဦးရှိနေတယ်လေ …. "
" ဘယ်မှာလဲ …. ဘာမှမတွေ့ဘူး .. ဦးကသူရဲလား …. အမလေး
… သားကြောက်တယ် .. အမေ .. ကယ်ကြပါ .. "
" ဟေ့ .. ဟေ့ … သား .. မကြောက်နှင့် .. ဦးက
သူရဲမဟုတ်ဘူး … လူပါ … ဦးက ဌေးမေတ္တာ ဆားစက်က ဦးကိုကိုထွေးပါ …
"
" ဌေးမေတ္တာ ဆားစက်ကိုသိလား … "
" သိတယ် … အငယ်မ တို့ဆားစက် …. "
" ဦးတူမနဲ့သိလား …… "
တစ်ကျောင်းထဲမှာ …
" ဦးသားကြောက်တယ် … ကြောက်တယ် .. "
အသံကုန်အော်ဟစ်ပြီး အသံတိတ်သွားပါသည်။ ဒီကောင်လေး ပင်ပန်းလို့
အိပ်သွားပြီလား …
" သားလေးသက်ရှည် လက်မြဲမြဲကိုင်ထားနော် …. "
သူဘာမှ ပြန်မပြောပါ။အိပ်နေပြီ ထင်တယ်။မကြာမကြာ သူ့ကို
လှမ်းခေါ်ပြီး ပြောနေရသည်။ဒီခလေး အိပ်ပျော်ပြီး အောက်ကျ
သွားရင် ဒုက္ခရောက်နိုင်သည်။သူဆီက ဘာသံမှမကြားရပါ။ကျနော်လဲ
မှေးကနဲ ဖြစ်သွားပါသည်။သတိပြန်ဝင်လာတော့ သူ့ကို
လှမ်းခေါ်သည်။ သူပြန်မထူးပါ။ အလင်းရောင်မှုန်ပြပြလေး
မြင်နေရပါပြီ။အုန်းပင်ဂွကြားမှ ခလေးငယ်ကို မသဲမကွဲ မြင်နေရပြီ။
အောက်မှာ ရေမရှိတော့ပါ။ အုန်းပင်ပေါက်
အရွယ်ဆယ့်ငါးပေလောက်မြင့်မည်။ လေတွေလဲလျော့နေပြီ။
အလင်းရောင်နဲနဲထပ်
ရရင် ဤခလေးရှိသော အုန်းပင်ဆီကို သွားမည်။ ဘေးပတ်ဝန်းကျင်ကို
လှည့်ပတ်ကြည့်ရင်း ဘယ်နေရာရောက်နေမှန်း မသိ
တော့ပါ။ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို
နာနေသည်။ရေကူးထားတာရယ်၊ တစ်ညလုံး အုန်းပင်ကြားမှာ နေရတာရယ် …..
ကျနော် အားတင်းပြီး မောင်သက်ရှည် ရှိနေသော အုန်းပင်ပေါ်ကို
တက်နေပါသည်။
" သားသက်ရှည် .. ဦးလာပြီဟေ့ …. "
နှုတ်မှအော်ပြောရင်း အုန်းပင်ပေါ်ကို ရောက်ခဲ့ပါသည်။မနေ့ညက
အုန်းပင်ပေါ်သို့ ကံကောင်းစွာဖြင့် ရောက်ခဲ့သော
သက်ရှည်လေး …. အခုမနက်မှာတော့ အသက်မရှိတော့ပါ။ ကျနော့်စကားကို
သူနားထောင်ပါသည်။ အုန်းကိုင်းကိုစုပြီး
ကျစ်နေအောင် ဖက်ထားပါသည်။ အုန်းကိုင်း၏ ပွတ်ရှသောဒဏ်ကြောင့်
ခလေးပါးပြင်တွေမှာ လက်တွေမှာ သွေးတွေယိုစီး
ကျနေပါသည်။ ကျနော်ရင်နာ ခဲ့ရပါသည်။ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း
ကြေကွဲခဲ့ရပါသည်။သက်ရှည်လေး အသက်ဆုံးပါး
သွားရတာ ကျနော့်ကြောင့်ပါ။ ညကတည်းက သူ့ဆီလာဖြစ်ခဲ့ပါက
သူ့အသက်မဆုံးနိုင်ပါ။ ငယ်ရွယ်သောခလေး …. နုနယ်သော
နှလုံးသား .. မိဘကို တမ်းတရင်း မရောက်လာသော အခြေအနေ…
လေဒဏ်မိုးဒဏ် ကြားထဲက ကြောက်ရွံ့နေသော စိတ်
အားငယ်မှု အားလုံးစုပေါင်းပြီး သူ့အသက်ကို
နှုတ်ယူသွားပါပြီ။ခလေးရယ် .. ဦးအပြစ်တွေပါ … ဦးကြောင့်သား ဒီလို
ဖြစ်ရတာပါ …. ညက တဒင်္ဂသံယောဇဉ် … ပြောခဲ့ကြတဲ့ စကားတွေကို
ပြန်သတိရပြီး အုန်းပင်ထိပ်ဖျားပေါ်မှာ ကျနော်မျက်ရည်
ကျခဲ့ရပါသည်။
" ငါ့အပြစ်လား … မုန်တိုင်းအပြစ်လား .. "
အုန်းလက်ကို ဆွဲဖက်ထားသောလက်ကို ခက်ခဲစွာဆွဲ ဖယ်ခဲ့ရပါသည်။
တစ်ကယ်သေပြီလား စိတ်ထဲမှာ ဝေခွဲမရပါ။ တစ်ကိုယ်လုံး
အေးစက်နေပြီ။ ညကမိုးဒဏ်ကြောင့်လဲ ဖြစ်နိုင်တာပါ။
ရှေးဦးသူနာပြုနည်းနှင့် ရင်ဘတ်ကိုဖိပြီး
နှလုံးကိုနှိုးကြည့်ပါသည်။
အုန်းပင်ဂွကြားမှာ ခက်ခဲစွာဖြင့် လှုပ်ရှားနေရပါသည်။ကျနော်လဲ
ခလေးကို ရင်ခွင်ထဲ ထည့်ထားရင်း ကျနော်အပူငွေ့များနှင့်
ပြန်နိုးလာမလား စောင့်ကြည့်နေမိပါသည်။ အတန်ကြာသွားသည်။
သူနိုးထမလာတော့ပါ။ အောက်မှာလဲ မြင်ကွင်းပို၍ ရှင်းလင်း
လာပါသည်။
" ဟေ့လူ … ခင်ဗျား အခြေအနေကောင်းလား …
ပြန်ဆင်းလို့ရမလား .. ကျနော် ဘာကူညီပေးရမလဲ ….. "
အောက်က လူတစ်ယောက် လှမ်းမေးနေသောကြောင့် ကျနော်
အရမ်းပျော်သွားပါသည်။ ကူမဲ့သူတစ်ယောက် ရောက်လာပြီ။
" ကျနော်ကို ၀ိုင်းကူပါဦး …. အပေါ်က
ခလေးတစ်ယောက်ကို ယူချချင်လို့ ….. "
" ဟာ .. ဒီခလေး ကံကောင်းလိုက်တာ … သူ့အခြေအနေ
ဘယ်လိုလဲ .. လက်ကျိုးခြေကျိုးဖြစ်နေလား …… "
" ဘာမှတော့ မဖြစ်ဘူး …. ဒါပေမယ့်
အသက်မရှိတော့ဘူး ….. "
" ဟာ .. ခင်ဗျားကလဲ သေနေတဲ့မသာကို
ပစ်ချလိုက်ပေါ့ဗျာ … ခင်ဗျားသား မို့လို့လား …. "
" ကျနော့်သား မဟုတ်ပါဘူး ….. တူလဲမဟုတ်ပါဘူး
… "
" အေးလေ …… ဒါဆို ခင်ဗျားဘာကို စဉ်းစားနေလဲ
.. အောက်ကို ကန်ချလိုက်လေ ... "
သူပြောသော စကားနားခါးလွန်းသည်။ နဂိုကတည်းကမှ ကိုယ်အပြစ်လို့
ခံယူထားတာ တခဏသံယောဇဉ် ဖြစ်မိသော သက်ရှည်
လေးကို ကျနော် ဒီလိုမလုပ်နိုင်ပါ။
" ခင်ဗျားပုဆိုးကို ချွတ်ပေးပါ … "
" ဟာ … ဖင်တုံးလုံး ဖြစ်ကုန်မှာပေါ့ဗျ …….
နဂိုကတည်းက ပုဆိုးမပါလို့ … သေနေတဲ့ မသာဆီက ချွတ်ယူပြီး
ဝတ်ထားတာ … "
" ခင်ဗျားကလဲ ကြောင်ရေချိုးတဲ့အလုပ်ကို
လုပ်ချင်တဲ့လူဘဲ၊ အလကားအကျိုးမရှိ သေနေတဲ့မသာကို
ပစ်ချလိုက်ရင်ပြီးရော .. "
" အောက်ရောက်ရင် တွေ့ပါလိမ့်မယ် …..
မသာတွေကို ခင်ဗျား ခလုတ်တိုက်နေလိမ့်မယ် …… "
ဒီလူ စကားတော်တော် ပြောပါသည်။ဒါပေမယ့် အုန်းပင်ပေါ်သို့
ဖင်တုံးလုံးနှင့် တက်လာပြီး ပုဆိုးကမ်းပေးသည်။ တောင်ယာ လုပ်သူ
ဖြစ်မယ် ထင်တယ်။ခန္ဓာကိုယ် တောင့်တင်းသည်။ မတတ်နိုင်ပါ။
သူ့ကိုဘဲ သက်ရှည်လေးကို အောက်ချပေးဘို့ အကူအညီ တောင်းရ
ပါသည်။
ပုဆိုးကြားထဲ ထည့်ပြီင်္းအောက်ကို ကမ်းပေးတော့။ကိုတောင်သူ
သက်ရှည်လေးကို ကျောပိုးပြီး ဆင်းချသွားပါသည်။
အောက်ရောက်တော့ ခလေးကို ချပေးပြီး သူ့ပုဆိုးကို
သူပြန်ဝတ်လိုက်ပါသည်။သက်ရှည်လေးကို ခဏစိုက်ကြည့်ပြီး
သူ့သားသမီး
မိသားစုကို ပြန်ရှာရအုံးမည်ဟု ပြောပြီး ထွက်ခွာသွားပါသည်။ဘ၀မှာ
ခဏလေးဘဲစကားနှင့် ဆုံခွင့်ရခဲ့သော ခလေးငယ်မျက်နှာကို
သေချာ စိုက်ကြည့်မိပါသည်။ ခလေးမျက်နှာ
အပြစ်ကင်းစင်နေပါသည်။လောကထဲသို့ ခြေလှမ်းစရုံဘဲ ရှိသေးသည်။
မုန်တိုင်း ခေါ်
ဆောင်ရာသို့ လိုက်သွားရပြီ။
နှုတ်ဆက်ခဲ့ပါတယ် မောင်သက်ရှည်ရယ် …….. ကောင်းရာမွန်ရာရောက်ပါစေ
…… ဦးလဲ .. တူ၊တူမတွေကို ရှာရအုံးမယ် …
ရင်နာစွာဖြင့် ကျောခိုင်းခဲ့ရပါသည်။ အလောင်းတွေကို
ခလုတ်တိုက်မယ် ….. လို့ပြောခဲ့သော ကိုတောင်သူ
ပိုလွန်းပြီထင်တယ် …..
ကိုယ့် ရွာဘယ်မှာမှန်း မသိသောကြောင့် စိတ်မှန်းနှင့်
လမ်းလျှောက်ခဲ့ပါသည်။ဟိုတစ်ယောက် ဒီတစ်ယောက်တွေ့တွေ့
လာပါသည်။
ညက လတ်လတ်ဆတ်ဆတ် သေခဲ့သူများသည် အသက်ရှိသကဲ့သို့ပင် ….ဒါပေမယ့်
ခန္ဓာကိုယ် အေးစက်နေပြီ … လမ်းတော်တော်
လျှောက်မိတော့ ကိုတောင်သူစကားကို လက္ခံရတော့မည်။တုံးလုံးပက်လက်
……. ဖင်ပေါ်ခေါင်းပေါ် … ခလေး … လူကြီး …
မိန်းမ … အဖိုးအို … အဖွားအို
..အို..မြင်ရက်စရာမကောင်းတော့ပါ…တစ်ယောက်တစ်လေ
ရှင်လိုရှင်ငြားလက်နှင့် စမ်းကြည့်တော့
အေးစက်နေပြီ။ ကြာလာတော့ထိလဲ မထိချင်တော့ပါ။
မြင်လဲမမြင်တော့ပါ။ဒါပေမယ့် မျက်စိရှေ့မှာ အလောင်းတွေက
တစ်လောင်းပြီး
တစ်လောင်း ရောက်ရောက်လာပါသည်။တစ်ကယ်တော့
မုန်တိုင်းတိုက်ရုံနှင့် လူမသေနိုင်ပါ။ မုန်တိုင်းနှင့်
အတူလိုက်လာသော
ဒီရေကြောင့်သာ လူသေကြတာ။ မရီးဆောက်ချင်နေသောတိုက်အိမ်သည်
ဒီရေကို စိတ်ချရပါသည်။အမြင့်တနေရာမှာ ကိုင်တွယ်
နားခိုနိုင်ခဲ့ရင် အသက်မသေနိုင်ပါ။မောင်သက်ရှည်လေး
အရမ်းအသက်ငယ်လွန်းသည်။ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုတို့က
သူ့အသက်ကို နှုတ်ယူသွားသည် အငယ်မအရွယ်ဆိုရင်
သူမသေနိုင်ပါ။ရေကူးဘယ်လောက်ကျွမ်းပါစေ ဒီရေကြားထဲမှာ ကြာရှည်
မခံနိုင်ပါ။ရေထဲဘယ်လောက်ကြာကြာ ကူးနိုင်မှာလဲ …
တစ်စုံတစ်ခုနှင့် ထိခိုက်မိလျှင်တော့ သေဘို့သာရှိသည်။
မရီးနှင့်သားကြီး
ရေကူးကျွမ်းကြပါသည်။အစ်ကိုနှင့် အငယ်မ ရေကူးမကျွမ်းပါ။
ဘာပဲဖြစ်ဖြစ် အားလုံးကံကောင်းကြပါစေ ….
ရှေ့ဘက်နားမှာ လူသံလိုလို ခေါ်သံလိုလို ကြားလိုက်သည်။
ရွာကိုသွားတဲ့လမ်းကို မေးကြည့်ဦးမှ ……
လူတစ်ယောက်ကို မေးကြည့်တော့ သူကတောင်ဘက်ရွာက ….
" ခင်ဗျား လူပျောက် ရှာနေတာလား … "
" ဘယ်ကလာ … ကံကောင်းလို့ မသေတဲ့ .. သံချောင်းတို့အဖေဗျ
….. တစ်ညလုံး ရေကူးပြီး သစ်ပင်နှင့်တွေ့လို့ အသက်ရှင်ခွင့်
ရတာ …. ကျနော်လဲ ဘယ်သွားရမှန်းတောင် မသိဘူး …… "
နဲနဲထပ်လျှောက်သွားတော့ သားပျောက်လို့အော်ခေါ်သံများ …..
လင်ပျောက်လို့ အော်ခေါ်သံများ ……မယားပျောက်လို့ ဗျာများ
နေသူများကို တွေ့လာပါသည်။ အားလုံးအပူသည်တွေ
ပါလား။အပျက်အစီးကြားမှာ ဘယ်လိုလမ်းစရှာရမှန်း မသိတော့ပါ ..
အရာရာအားလုံး ပြောင်းလဲကုန်ပြီ .. အလောင်းတွေက ပြန့်ကျဲနေသည်။
မေးရင်းမြန်းရင်း ရွာအပြင်နားသို့ ရောက်ခဲ့ပါသည်။
မနက်ကတည်းက လမ်းရှာနေတာ နေစောင်းမှရွာကို
ပြန်တွေ့သည်။ကျနော်ဘယ်လောက်ဝေးဝေး ရောက်သွားခဲ့လဲ မသိတော့ပါ။
ရွာထိပ်က စေတီကိုမြင်မှ ကိုယ့်ရွာမှန်း
သေချာသွားပါပြီ၊ ထီးတော်မရှိတဲ့ စေတီ ….. မျက်စိထဲမှာ
တစ်မျိုးဖြစ်နေသည်။
ကိုယ့်ကိုကိုယ်ပြန် သတိထားကြည့်မိသည် … စွပ်ကြယ်နှင့်
ဘောင်းဘီတိုသာ ရှိသည်။ ပုဆိုးဘယ်မှာ ကျွတ်ကျန်ခဲ့မှန်း
မသိတော့ပါ။
အနီးအနား ခြုံပေါ်မှာတင်ကျန်နေသော ပုဆိုးများကို တွေ့မိတော့
လိုရမယ် ရယူခဲ့သည်။မေးမြန်းသမျှ ကျနော်တို့ရွာက ဘာမျှမကျန်
ဟုပြောနေကြသည်။ဒီအတိုင်းဆိုလျှင် ကျနော့်မှာ
ဝတ်စရာကျန်မည်မထင်တော့ပါ။ လမ်းမှာ တွေ့တာလေးတွေ ကောက်ခဲ့သည်။
လူသေမှာ ၀တ်ထားသောအ၀တ်များကို ကျနော်မယူရဲပါ။ ၀တ်လည်း
မ၀တ်ရဲပါ။ စိတ်ထဲမှာ မသတီပါ။ ကိုတောင်သူ ကတော့
အေးဆေးပင် လူသေဆီက ချွတ်ဝတ်ခဲ့သည် ဟုပြောပါသည်။ ဒါပေမယ့်
လုံးဝအ၀တ်အစား မရှိရင်တော့ ဒီလိုဘဲလုပ်ရမှာပါ …..
ဟေ့ … သူငယ် မင်းလက်ထဲက ပုဆိုးတစ်ထည်လောက် မျှပါလား …..မင်းညီမ
အရှက်ဖုံးဘို့ ထမိန်တောင် မကျန်တော့ဘူးကွယ့် …..
အော်…..မိန်းခလေးများ၏ အရှက်က
ပိုအရေးကြီးပါသည်….နောက်တစ်နေရာမှာလဲ ချာတိတ်မလေးက ပုဆိုးကို
တောင်းနေသည် ..
အမေ့မှာ ….. ၀တ်စရာ မရှိလို့ပါ …. ဒီလိုနှင့် မျှဝေပေးလိုက်တာ
ကျနော့်မှာ ပုဆိုးထက်ပိုင်းကွဲ တစ်ခုသာ ကျန်ပါတော့သည်။ ဒီရေက
အ၀တ်အစားတွေပါ ချွတ်ယူသွားပါလား …. မျက်စိရှေ့မှာ မြင်နေရသော
မြင်ကွင်းသည် အလွန် ထူးဆန်းပါသည်။
ကျနော့်တို့ အိမ်ခြံဝင်းထဲရောက်နေပြီ .. မရီး အဖိုးလက်ထက်
ကတည်းကနေခဲ့သော ခြေတံရှည် ပျဉ်ထောင်အိမ်ကြီးလုံးဝ
မရှိတော့ပါ…
အိမ်နောက်ဖက်မှာ ဆားဂိုဒေါင်များလည်း လုံးဝမရှိတော့ပါ ...
တံမြက်ကြမ်းနှင့် လှဲကျင်းထားသလိုဖြစ်နေပြီ။
ဆားဂိုဒေါင်
နေရာများတွင်ဆားကြမ်း အချို့မြေကြီးပေါ်မှာ တင်ကျန်နေပါသည်။
မြင်ကွင်းများကို
မမှတ်မိနိုင်ပါ။ဒါပေမယ့်
ဆားချက်သော ဆားဖိုနားက ရေတွင်းကို မြင်မှ
အစ်ကိုခြံဝင်းမှန်း သိတော့တယ်။ ရေတွင်းဘောင်မှာ
ရေတွင်းတူးသည့်နေ့ကို
ကျနော်တို့ ထွင်းထားပါသည်။အုတ်ရေတွင်းဘောင်ကိုစိတ်ပျက်စွာ ကျောမှီ ထိုင်ချလိုက်ပါသည်။ကျနော့် စိတ်ထဲမှာ အစ်ကို၊
မရီး၊ သားကြီး၊ အငယ်မ တို့က ကျနော့်ကို စောင့်မျှော် နေလိမ့်မည်ဟုမျှော်လင့်ထားခဲ့တာပါ။ အခုတစ်ယောက်မျှ
မရှိကြပါ။
ပြန်မရောက်သေးတာဘဲ ဖြစ်မှာပါ … လို့စိတ်ထဲမှာ မှတ်ယူ ထားလိုက်ပါသည်။ညက တဖြေးဖြေး မှောင်လာပြီ ….. နားထဲမှာ
ခပ်လှမ်းလှမ်းက အော်ငိုသံတွေကို ကြားနေရပါသည်။ကျနော်လဲ ငိုချင်စိတ်တွေ တလိမ့်လိမ့်တက်လာပါသည်။ လမ်းတစ်လျှောက်
မြင်ကွင်းများကို မျက်လုံးထဲ ပြန်မြင်ယောင်လာပါသည်။ တုံးလုံး .. ပက်လက် .. ဖင်ပေါ်.. ခေါင်းပေါ် ..
ကျနော် မြင်လဲ
မမြင်ချင်ပါ။ ကြည့်လဲမကြည့်ချင်ပါ။ အားလုံး အနိဌာရုံများသာ ..
အစ်ကို … မရီး … သားကြီး .. အငယ်မ
ဘယ်ရောက်နေ
ကြလဲ ….မြင်ခဲ့ရသော မြင်ကွင်းများမှ လွဲပါစေ .. ဖယ်ပါစေ … ကျနော် ၀မ်းနည်းကြေကွဲစွာဖြင့် တယောက်တည်း ငိုကြွေး
နေပါသည်။စိတ်ရှိသလောက် ငိုကြွေးပြီးမှ မနက်ဖြန် ဘာလုပ်သင့်သလဲဟု တွေးတောမိပါသည်။ အစ်ကို မရီး သားကြီး အငယ်မ
တို့ကိုရှာရမည်။လူကိုမတွေ့ခဲ့လျှင်လည်း အလောင်းကိုတွေ့အောင် ရှာရမည်။ဒါပေမယ့် လူချင်းတွေ့မည်ဟု
မျော်လင့်ထား
ပါသည်။ကျနော် ဆားဖိုဘေးမှာပုဆိုးကိုပတ်ရင်း အိပ်ပျော်ခဲ့ပါသည်။
မောင်သက်ရှည်လေး ကျနော့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
ရန်တွေ့နေသည်။ အစ်ကိုတို့ မိသားစု ရေနစ်နေသည်။
ကျနော် ဆင်းကယ်မည်။ အလုပ်နောက်က လူအချို့ကျနော့်ကို
သိုင်းချုပ်ထားကြသည်။ နောက်လှည့်ကြည့်လိုက်တော့ မနက်က
တွေ့ခဲ့သော လူအသေအလောင်းများ ဖြစ်နေသည်။
သူတို့သည် ကျနော်ကို ၀ိုင်းချုပ်ပြီး ရေထဲကို
ထိုးနစ်သတ်နေကြသည်။ ကယ်ကြပါလို့ အော်တာအသံမထွက် …
ထိတ်လန့်စွာဖြင့် လန့်နိုး ခဲ့ရပါသည်။ ပတ်ဝန်းကျင်တစ်ခုလုံး
မှောင်မဲနေသည်။ ရင်ထဲက စိုးရိမ်စိတ်ဖြင့် ၀မ်းနည်းကြေကွဲစွာ
ထပ်ငိုနေမိပါသည်။ ပြန်ဆုံခွင့်လေးပေးပါ အရှင်ဘုရား …
နောက်တစ်ဖန် ရင်ထဲမှာ ဒေါသဖြစ်လာပါသည်။ အစ်ကို အမြဲတမ်းလိုလို
နှုတ်မှကျေးဇူးရှင်လို့ သတ်မှတ်ခဲ့သော ပင်လယ်ကြီး .. တစ်သက်လုံး
ရှာဖွေစုဆောင်းခဲ့သော ဓနဥစ္စာများ တစ်ခုမျှ မကျန်တော့ပါ။
ပင်လယ်ပြင်မှ ရခဲ့သောဥစ္စာများကို ပင်လယ်ပြင်က ပြန်ယူသွားပြီ …
ထို့အပြင် အစ်ကိုမိသားစုကိုပါ ခေါ်သွားပြီ ထင်ပါရဲ့ …
မင်းကိုငါမုန်းတယ် … မင်းကိုငါ သတ်ပစ်ချင်တယ် …ဒေါသနှင့်
ဟစ်အော်လိုက်သော အသံသည် ပဲ့တင်ထပ်၍ ထပ်ခါထပ်ခါ
မြည်နေပါသည်။ ငါ့အစ်ကို မင်းအပေါ် ဘာအမှား လုပ်ခဲ့လို့လဲ
…မင်းအရမ်း ရက်စက်လွန်းတယ် …. တညလုံး အိပ်မရတော့ပါ ..
ရောင်နီလေး နဲနဲမြင်တာနှင့် အစ်ကိုကို ရှာဖွေရေး လုပ်ငန်းစ
ပါတော့မည်။တယောက်ထဲ အစ်ကိုတို့ကို ရှာဖွေနေသည်။
တွေ့ချင်ဇောနှင့် ဆာရကောင်းမှန်း မသိတော့ပါ။ နေတွေလဲ
တဖြည်းဖြည်း မြင့်လာသည်။ရင်ထဲမှာ မောပန်းပြီး အာခေါင်ခြောက်
နေသည်။
မလှမ်းမကမ်းမှာ မြင်နေရသော ရေအိုင်လေးသည် ကြည်လင်နေသည်။
ရေဆာဆာနှင့် ငုံ့ပြီးအားရပါးရ သောက်ချ
လိုက်သည်။ ဖွီး … ငန်လိုက်သောရေ … ဆားကွင်းအားလုံး
လယ်ကွင်းပါမကျန် ဒီရေလက်ကျန်များ ဖုံးလွန်းနေသည်။ ရေချိုများ
မဟုတ်ပါ။
ရေအသက် တမနက် အဆိုတစ်ကယ်မှန်ပါက ကျနော်တို့ ဧရာဝတီတိုင်း
လေဘေးသင့်သော ပြည်သူအားလုံး သေစာရင်းထဲ ထည့်ဖို့
သာရှိပါသည်။ ကျနော် ရေမသောက်ရတာ တစ်ရက်ခွဲ ရှိနေပြီ။
သေပြီဆိုသော လူ့ခန္ဓာ ကိုယ်သည်အချိန်နှင့်အမျှ တစ်စတစ်စပျက်
စီးယိုယွင်း လာနေပါသည်။ စိတ်ပျက်စွာဖြင့် ရွာဘက်သို့
ပြန်လှည့်ခဲ့ပါသည်။ အစ်ကိုခြံဝင်းထဲမှာ လူတစ်ယောက် ထိုင်နေသည်။
ဝမ်းသာအားရနှင့် အပြေးအလွှား သွားကြည့်တော့ ဆားစက်က အလုပ်သမား
တစ်ယောက် ပြန်ရောက်နေသည်။ ကျန်လူတွေတော့
မရောက်သေးတာလား … ဒါမှမဟုတ် တစ်ခုခု ဖြစ်နေပြီလား …
သူ့လက်ထဲမှာ ခေါက်ဆွဲခြောက်တစ်ထုပ်၊ ဆန်တစ်ဘူးလောက်၊
ပလပ်စတစ်အိတ်နှင့် ထည့်ခဲ့သောရေကို ကျနော့်ကိုကမ်းပေးပါသည်။
ကျနော်အဖေါ်ရပြီ …. နဲနဲအားတက်သွားသည်။ ကျနော် အစားအသောက်နှင့်
ပတ်သက်ပြီး ဂျီးမများပါ ..မြန်မာပီပီ ငါးပိရည်၊တို့စရာ
နည်းနည်းနှင့် ဆိုရင်စားလို့ဖြစ်ပြီ ….။ ဒါပေမယ့် ဘယ်မှာလဲ …
ငပိအိုး … ဘယ်မှာလဲဆန် .. ဘယ်မှာလဲ ချက်စရာ ပြုတ်စရာ …
တို့စရာ ဘာအပင်မှမှ မကျန်အောင် နာဂစ် ဖျက်စီးပြစ်ခဲ့သည်။
အစ်ကိုတို့ မိသားစုအကြောင်းကို ကြားမိတော့ အလုပ်သမားလေး
တရှုံ့ရှုံ့နှင့်
ငိုနေသည်။ ဒီအတိုင်းနေလို့ မဖြစ်သေးပါ။ နေရေးနှင့် စားရေး
ရှိသေးသည်။ အလုပ်သမားလေးက ခေါက်ဆွဲခြောက် ပေးဝေနေသော
ဘုန်းကြီးကျောင်းကိုသာ သွားဘို့ တိုက်တွန်းနေသောကြောင့်
ကျနော်တို့ အတူတူ ထွက်ခဲ့ကြပါသည်။
စားရမဲ့သောက်ရမဲ့ လူတွေ တော်တော်များပါသည်။ အားလုံးအတွက်
အဆင်ပြေဆုံး ဖြစ်အောင် ကျန်ရစ်ခဲ့သော ဘုန်းတော်ကြီးများက
စီစဉ်ပေးနေပါသည်။ ကယ်ဆယ်ရေးမှ ရေချို ၊ဆန်၊ခေါက်ဆွဲခြောက်
အားလုံး ဘုန်းကြီးကျောင်းမှာ စုဝေးပြီးဝေငှပေးနေသည်။ ထို့ပြင်
ကျောင်းကလဲ ထမင်းထုတ် ဝေပေးနေသည်။ အားလုံး ဒီမှာဘဲ
စုဝေးနေကြသည်။ လူတွေ တော်တော် များပါသည်။ လူတွေကြားထဲ
အစ်ကို့ကို တွေ့လိုတွေ့ငြား ကျနော်တို့ လူခွဲပြီး
ရှာပါတော့သည်။ လူတွေကြားထဲမှာ အစ်ကို့ကို တွေ့လိုက်တော့
ကျနော် အရမ်းဝမ်းသာ
သွားပါသည်။ ထို့ပြင် အငယ်မကိုလဲ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ညီလေး .. ကိုထွေး …. မင်း ဘာမှမဖြစ်ဘူးနော် ...
သားကြီးနှင့် မင်းမရီးကို ရှာလို့ မတွေ့သေးဘူး …. ပြောရင်း
အစ်ကို မျက်ရည် ကျလာပါသည်။ဒီရေနှင့်အတူ မျောပါနေရင်း
သစ်ပင်ကြီး
တစ်ပင်ပေါ်မှလူများက ဆွဲတင်ခဲ့သောကြောင့် အစ်ကိုတို့
အသက်ရှင်ခွင့်ရတာပါ။ ရေကျသော မနက်မှစ၍ သမီးငယ်ကို လက်ဆွဲပြီး
သားကြီးနှင့် ဇနီးမယားကို ရှာပုံတော် ဖွင့်ခဲ့ပါသည်။
လူသေအလောင်းများကိုမြင်ပြီး အငယ်မ ထိတ်လန့်ကြောက်ရွံ့နေပါပြီ။
ဒီခလေးကို ခေါ်သွား၍ မဖြစ်တော့ပါ။ ဘုန်းကြီးကျောင်းမှာ
စိတ်ချရသော မိန်းမများထံ ခေတ္တအပ်နှံပြီး ကျနော်တို့
လူခွဲရှာကြပါသည်။
တစ်နေ့ကုန်သွားသည် …. တစ်ညကုန်သွားသည် .. မတွေ့ခဲ့ပါ …..
အသက်မရှိသော ခန္ဓာများသည်လည်း ပို၍ပို၍ ပျက်စီး ယိုယွင်း
လို့နေပါပြီ ….. လူမြင် မကောင်းတော့ပါ … ဤလူသေအလောင်းများကို
ရှင်းလင်း ပေးချင်သော်လည်း ကျနော်တို့ အားလုံးလည်း
အားပြတ်နေပြီ …… ကိုယ်လက် မသယ်ချင်အောင် အားကုန်နေသောကြောင့်
ဘယ်လိုလုပ်ပြီး လူသေကောင်များကို ရှင်းလင်းဖို့
အားရှိပါ့မလဲ … ဒုက္ခသည်တွေကများများ .. ကယ်ဆယ်ရေး
ပစ္စည်းတွေကနဲနဲ .. ပေးကားပေး၏မရ …. ကျွေးကားကျွေး၏မ၀ ….
ဘယ်လိုလုပ် အားရှိကြမှာလဲ …..
ကျနော် ရင်အနာဆုံး အချိန်သည် ညနေဘုန်းကြီးကျောင်းသို့
ပြန်လာသောအချိန် ဖြစ်သည်။ အကိုနှင့်အမေ ပါလာလေမလား ဆိုသော
မျှော်လင့်ချက်နှင့် အငယ်မ မျှော်နေရှာသည်။ ကျနော်တို့
အားလုံးစုံပြီ ဆိုရင်တော့ အငယ်မ ငိုပါလေတော့သည်။
သူ့ရဲ့မျှော်လင့်ချက်တွေကို
တစ်ယောက်မှ မယူလာခဲ့သောကြောင့် ဖြစ်ပါသည်။ အစ်ကိုနှင့်အငယ်မ
ငိုကြွေးနေတာကို မြင်ရတော့ ကျနော်ရင်ထဲမှာ နက်ရှိုင်းစွာ
နာကျင်နေခဲ့ပါသည်။ မေလခြောက်ရက်နေ့မှာတော့ ဟင်္သာတမှ ကျနော်တို့
ဆွေမျိုးစုရောက်လာပါသည်။ အမေ၊ အဖေ၊ အမများ၊
ဦးလေးတွေ လိုအပ်မည်ထင်သောပစ္စည်းများ ဆန်၊ ငါးခြောက်၊ ဆီ၊ ဆား
အားလုံး ယူလာခဲ့သည်။ ယူခဲ့သော ပီနံမိုးကာကို တဲထိုးပြီး
အစ်ကိုခြံထဲမှာပြန်နေကြပါသည်။ အမေ အမေ့ချွေးမ … ဟင်္သာတကို
ရောက်နေလား … ကျနော့်ကို စိတ်ဆိုးပြီး .. အိမ်ကဆင်း
သွားတယ် … သားကြီးကိုပါ ခေါ်သွားတယ် …. အမေရဲ့ … အမေ …
အမေ့ချွေးမကို ရှာပေးပါအုံး ….
အစ်ကိုစိတ်တွေ ပုံမှန်မဟုတ်တော့ပါ။ အစ်ကိုမိသားစု ပစ္စည်းလေးပါး
ဒါယကာ ခံထားသောဘုန်းကြီးကျောင်းမှ ကိုယ်တော်တွေလဲ
အစ်ကို့ကို နားချနေပါသည်။ စိတ်လျော့ထားဖို့ .. သေခြင်းတရားကို
ဘယ်သူမှ မလွန်ဆန်နိုင်ကြောင်း၊ အစ်ကိုကသေခြင်း တရားကိုလက္ခံ
သည်။ ဒါပေမယ့် မရီးနှင့်ပတ်သက်ပြီး သက်သေ မတွေ့မချင်း
ရအောင်ရှာမည်။ ကျနော်တို့လဲ ၀ိုင်း၍ ရှာကြသည်။ တစ်နေ့ပြီး
တစ်နေ့
ကုန်ခဲ့သည်။ တမနက်ရွာထဲမှ ရွာသားတစ်ချို့ ပြောစကားအရ
ကျနော်တို့အားလုံး ရွာနှင့်ခြောက်မိုင်လောက်ဝေးသော တနေရာဆီကို
လိုက်သွားကြသည်။
ကျနော် မြင်လိုက်သည်နှင့် မရီးမှန်းသိလိုက်သည်။ မေလနှစ်ရက်နေ့က
ဝတ်ထားသော အကျီင်္အရောင် ကျနော်နှင့် အစ်ကိုနှစ်ယောက်
လုံးမှတ်မိကြသည်။ အစ်ကို ၀မ်းနည်းစွာနှင့် ငိုကြွေးနေပါသည်။
မရီးအနားကို တိုးပြီးကြည့်လိုက်တော့ မြင်ရက်စရာ မကောင်းပါ။
ယိယွဲနေသော လူသေအလောင်းများကြားထဲမှာ ခြောက်ရက်လောက်
သွားလာနေရသည်။ သည်အနံ့အသက်၊ သည်ပျက်စီးနေသော
ခန္ဓာသည် ကျနော့်အတွက် မထူးဆန်းတော့ပါ။ မရီး၏ ပျက်စီးနေသော
ခန္ဓာသည်လည်းကျနော်အတွက် မထူးဆန်းတော့ပါ။ ဒါပေမယ့်
မရီး ဦးခေါင်းမှာ ဒဏ်ရာတွေကို တွေ့ရပါသည်။ ငယ်ထိပ်နေရာမှာ
ကြေနေပြီး သွေးများက မျက်နှာပေါ်မှာ ကွက်တိကွက်ကြား …
ပြီးတော့ စိန်နားကပ်ပန်ထားသော နားရွက်နှစ်ဖက်လုံး လုံးဝလုံးဝ
မရှိတော့ပါ။
စိန်လက်စွပ် ရွေလက်စွပ် အမြဲဝတ်ဆင်ထားသော ဘယ်လက်မှ
လက်ခလယ်နှင့် လက်သူကြွယ်များလည်း ပြတ်နေသည်။
ငါးကျပ်သား လုံးချောလက်ကောက် ၀တ်ထားလေ့ရှိသော ညာဖက်လက် ..
တံတောင်ဆစ်လောက်မှစ၍ ပြတ်နေသည်။ မလှမ်းမကမ်း
မှာတော့ ပြတ်နေသောလက် ရှိနေသည်။ တောက် …… ကျနော် လက်သီးကို
ကျစ်ကျစ်ပါအောင် ဆုတ်ပြီး ပြင်းထန်စွာ တောက်ခေါက်
လိုက်မိပါသည်။ မရီး ဘယ်အခြေအနေမှာ ဘယ်လိုဖြစ်ခဲ့တယ်
ဆိုတာကိုတော့ တမလွန်ရောက်နှင့်နေသော မရီး ပြောပြမှသာ ကျနော်
တို့သိနိုင်ပါတော့မည်။
နာဂစ်
အပိုင်း လေး ( သို့ ) မန်ချက်စတာယူနိုက်တက် … သို့ဆက်ဖတ်ပါရန်