မွန်းကျပ်နေသည် …. အသက်ရှူမ၀ပါ … အောက်ဆီဂျင် ပြတ်သွားသလို
ခံစားရသည် …….. ပါးစပ်ကိုဟပြီး …. လေကို အငမ်းမရ လိုက်
ရှူနေမိသည် ……. အိပ်ချင်စိတ်တ၀က်နှင့် လန့်နိုးခဲ့ရပါသည်။
အခန်းတွင်းမှာလည်း အိုက်စပ်ပူလောင်ခြင်းမရှိ ….. Air con လေက
အေးမြမြ ….. လန့်နိုးလာတဲ့အထိ အသက်ရှူမ၀သေးပါ …. အခန်းအတွင်းမှ
ပေါ်တီဂိုပေါ်သို့ ထွက်ပြေးခဲ့ပါသည်။ ပြင်ပမှလတ်ဆတ်
အေးမြသောလေကို အငမ်းမရရှူ နေမိသည် … ဆယ်ရက် အစာငတ်ပြတ်နေသော
ခွေးတစ်ကောင် ဒန်ပေါက်ထမင်းနှင့် တွေ့သလိုပါဘဲ …
ဒီဝေဒနာမျိုးကို ကျနော် ကြုံခဲ့ဘူးပါသည်။ အသည်းရောင်
အသားဝါစီပိုးဆေး Pegasys ဆေးထိုးနေစဉ် နှစ်လလောက်မှာ
ကြုံခဲ့ရပါသည်။ တစ်ည ကြုံခဲ့ရသော အသက်ရှူမ၀သော ဝေဒနာကြောင့်
နောက်ည …. နောက်ည ….. နောက်ည … တွေမှာ အိပ်ရမှာကိုပင် ထိတ်လန့်
နေရပါသည်။ ထိုခံစားရသော စိတ်ဝေဒနာကို တစ်ပတ်လောက်
ကုစားခဲ့ရသည်။ အိပ်ဆေးနှင့်ကူပြီး ညအိပ်ခဲ့ရသည်။ ဒီည ဝေဒနာသည်
လည်း ကျနော့်စိတ်ကို နောက်ဘယ်နှစ်ညထိ ဒုက္ခပေးမလဲ မသိနိုင်ပါ
……. ပေါ်တီဂိုအောက်ကို ငုံ့ကြည့်လိုက်တော့ ရှေ့မှာရှိသော
ဝေဇယန္တာ လမ်းမကြီးသည် မဲနက်ပြောင်လက်နေပြီး မြွေတစ်ကောင်အလား
ငြိမ်သက်စွာလဲ လျှောင်းနေပါသည်။ ညကား တိတ်ဆိတ် ငြိမ်သက်
လျှက်ရှိပါသည်။ ခြံဝန်းတစ်ခုလုံးကို စောင့်ရှောက်နေသော ကျနော့်
မွေးစားသား ကျားပေါက်က ပေါ်တီဂိုပေါ်မှာ ရပ်ကြည့်နေသောကျနော့ကို မော့ကြည့်နေပါသည်။ သခင် ခံစားနေရသော ဝေဒနာကို
သူမသိနိုင်ပါ ….. ညက ၃၂ ကြိမ်မြောက် ဆေးထိုးခဲ့ပါသည်။ ကျနော်
ဆေးထိုးသည်မှာ ၈ လတိတိ ပြည့်မြောက်ခဲ့ပါပြီ …… ဒါပေမယ့်
နောက်ထပ် လေးလ ကျန်နေသေးသည်။ ဆေးထိုးအပြီး အိပ်ဆေး သောက်ပြီး
အိပ်ခဲ့ပါသည်။ ဘယ်လောက် အိပ်ချင်စိတ် ပြင်းပြနေပါစေ ….
ဝေဒနာခံစားနေရတာနှင့် တခြားစီပါဘဲ ….
အိပ်ဆေးက ဝေဒနာကို မသက်သာစေခဲ့ပါ ………. အင်္ဂလန်မှာ
ပရီးမီးယားလိဂ်ရာသီပင် ပြန်စနေပါပြီ ….. ကျနော့် ဆေးထိုးတဲ့
တစ်ရာသီ တစ်ပတ် မပြည့်သေးပါ။ နောက် လေးလ ကျန်ပါသေးသည်။
အချိန်တွေ ကုန်ခဲလိုက်တာ …… အိပ်မပျော်သောညများ …. အစားအသောက်
ပျက်ခဲ့သောနေ့များ ……. တစ်ဖြေးဖြေး ကျဆင်းနေသော
ကိုယ်အလေးချိန်၊ ကျိုးတိုးကျဲတဲ ဖြစ်နေသော ဆံပင်များ ….
အမျိုးမျိုးသော ဆေး၏ Side effect ကြားမှာနေရတဲ့ ဘ၀ကို
စိတ်ထဲမှာလည်း သည်းမခံနိုင်တော့ပါ။ အိပ်မပျော်သောည၊ တိတ်ဆိတ်
သော ညများတွင် တစ်ယောက်ထဲ အတွေးတွေ ချော်နေရင်း ကိုယ်ကိုကိုယ်
အဆုံးစီရင်လိုက်ရင် ကောင်းမလားလို့. စိတ်ထဲမှာ တွေးတော
နေမိပါသည်။ ဒါပေမယ့် ဒီအတွေးကို ချက်ချင်းဘဲ ကျနော့်အတွင်း
စိတ်ကပယ်ချခဲ့ပါသည်။ ကျနော့်ဘ၀မှာ ဒူးထောက်ရိုး ထုံးစံမရှိ …..
နည်းလမ်းမျိုးစုံနှင့် နိုင်အောင်တိုက်ဘို့ဘဲ စဉ်းစားသည်။
ခန္ဓာကိုယ်တွင်းမှ ဖေါက်ပြန်နေသော သဘောတရားကို ကျနော် လက်တွေ့
ခံစား နေရပါသည်။ အခုနေထိုင်ကောင်း နေပါလျက် ခဏကြာတော့
ဇက်ကြောတက်ပြီး နေထိုင်မကောင်းတော့ပါ။ ဘယ်လို ပြောရမှန်း မသိ
တော့ပါ။ အစားအသောက် မကောင်း …. ပါးစပ်ပျက်နေတာ
ထုံးစံဖြစ်နေပါပြီ …… အစားမစားချင်သောကြောင့် ကိုယ်အလေးချိန်လဲ
ပြန် မတက်တော့ပါ။ နေ့ခင်းဘက် ဇက်ကြောတက်သော ဝေဒနာ
တော်တော်ဆိုးပါသည်။ ဒီဝေဒနာကို ခံစားနေရစဉ် ကျနော်
ဘာမှမလုပ်ချင် တော့ပါ ….. ကွန်ပျူတာ သုံးနေခိုက်ဆိုရင်
ချက်ချင်း ရပ်ပစ်ရပါသည်။
ကျနော် ဒီဝေဒနာတွေနှင့် အမြန်ဆုံး ဝေးနေချင်ပါပြီ။
ကျနော့်စိတ်သည် မွန်းကျပ်ပြီး နောက်ကျိနေပါသည်။ အမြဲတမ်းလိုလို
ကြည်ကြည်လင်လင် မရှိခဲ့ပါ။ ခရီးမသွားရတာလဲပါ ... ပါမည်။
ခြေထောက်မှာ ဗွေပေါက်သလိုမျိုး ကျနော် ခရီးသွားလေ့ရှိပါသည်။
အခု ကျနော် ခရီးမသွားရတာ တစ်နှစ်လောက် ရှိနေပြီ …… ကျန်းမာရေး
တရားသူကြီး၏ နေအိမ် အကျယ်ချုပ်နှင့် တစ်နှစ် အကျဉ်းချထား
သောကြောင့် ဖြစ်ပါသည်။ တစ်နှစ်တိတိ အသည်းရောင် အသားဝါ
စီပိုးဆေး Pegasys ဆေးထိုး ရပါမည်။ ဆေးထိုးနေစဉ် အတော
အတွင်းဆေး Effect တွေကြောင့် ကျနော် ခရီးမသွားဖြစ်တော့ပါ။
ဒီဝန်းကျင် ဒီနေရာမှာ ကြာလာတော့ ကျနော် ငြီ်းငွေ့လာပါသည်။
စိတ်ထဲ မှာလည်း ကြည်ကြည်လင်လင် မရှိတော့ဘဲ …. အမြဲ
စိတ်ရှုပ်နေသည်။ စီးပွားရေး လုပ်ဖေါ်ကိုင်ဖက်တွေ ကလည်း ဒီနှစ်
ငြိမ်လှချည်လားတဲ့ …… လာမလည်ဘူးလားလို့ အမြဲမေးနေပါသည်။
ကိုယ်ဝေဒနာအကြောင်း ကိုယ်ဘဲသိပါသည်။ ဆုံဖြစ်တဲ့ အချိန်ကျ
တော့မှ ရှင်းပြပါတော့မည်။ လောလောဆယ် မအားသေးဘူးလို့ဘဲ
ပြောလိုက်ပါသည်။ ဆေးထိုးနေစဉ် ၅ လလောက်မှာ ပိုးကောင်ရေ
စစ်ကြည့်တော့ ကျနော့် ခန္ဓာကိုယ်ထဲမှာ ပိုးကောင်ရေတစ်ရာ အောက်သာ
ကျန်ပါတော့သည်။ စိတ်ထဲမှာ အရမ်းဝမ်းသာ သွားပါသည်။ ကျနော်
ချက်ချင်းဘဲ လန်ဒန်မှာ ရှိနေသော Mr.Martin ဆီကို
စာရေးလိုက်ပါသည်။ သူလဲ ချက်ချင်းစာ ပြန်လာပါသည်။ သွေးအဖြေကို
သူ အရမ်း ကျေနပ်ကြောင်း ဒီအဖြေဟာ ရောဂါပျောက်ရန် ၉၆
ရာခိုင်နှုန်းလောက် သေချာနေပြီ ဖြစ်ကြောင်း စာပြန်လာပါသည်။
ကျနော့်ကို အားပေးနှစ်သိမ့်ပေးမည့် သူမရှိပါ … ကျနော်
ခံစားနေရသော ဝေဒနာကို ရင်ဖွင့်စရာ Mr.Martin တစ်ဦးသာ ရှိပါသည်။
သူ့နှစ်သိမ့် အားပေးမှုများက ကျနော့်ကို စိတ်ဓါတ်ခွန်
အားတက်စေပါသည်။
Thank Martin ……
အသက်ရှူမ၀သော ဝေဒနာခံစားရပြီး နောက်ညများတွင် ကျနော့်
စိတ်ထဲထင်ထားသလိုဘဲ ညဘက် အိပ်ရမှာကို ထိတ်လန့်သော စိတ်က
ကြီးစိုးလွန်းနေပါသည်။ အိပ်ဆေးသောက်ပြီး အိပ်တော့လဲ
နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ပါ …… မကြာခဏ
လန့်နိုးးခဲ့ရပါသည်။ တစ်ရက် မိတ်ဆွေတစ်ဦး၏ နာရေးကြောင့် ကျနော်
ရေဝေးကို ရောက်ခဲ့ပါသည်။ ဒီလမ်း ဒီခရီး ကျနော်တို့လဲ
ရှောင်လွဲ၍မရပါ …အနှေး အမြန် ရောက်မှာပါဘဲ….. လူ့ဘ၀မှာ
မွေးဖွားခြင်း၏ ခရီးအဆုံးသည် သေဆုံးခြင်းသာ ဖြစ်ပါသည်။
ရေဝေးရောက်ပြီဆိုလျှင် ကျနော် ဘယ်တော့မှ ငြိမ်ငြိမ်မနေပါ။
တစ်ခြား အဆောင်မှာ ရှိနေသော အသုဘများကိုလည်း လိုက်ကြည့်ပါသည်။
ငါ့ထက်ငယ်သော သူလဲ ဒီခရီးကို သွားနှင့်သလို … ငါ့ထက်ကြီးတဲ့
သူလဲသွားနေတာပါ …. ငါလဲ တစ်နေ့နေ့ ဒီခရီးကို သွားရမှာပါလား ….
ဆိုပြီး ကိုယ်ကိုကိုယ် တရား ဆင်ခြင်မိပါသည်။ ကျနော့်
သူငယ်ချင်း ကိုမြင့်လွင်(သန့်၊တည်၊ပွား) ကနေ တတ်အောင်နှင့်
သေတတ်အောင် ကျင့်ကြပါစို့လို့ တိုက် တွန်းခဲ့ပါသည်။ ကျနော်တို့
အသက်ရှိစဉ် အခိုက်မှာ ၀ိပဿနာပွားများကြဘို့ တိုက်တွန်းခြင်း
ဖြစ်ပါသည်။ ကျေးဇူးတင်ပါတယ် ကိုမြင့်လွင် … ကျနော်
သူ့စကားကို အပြည့်အ၀ မလိုက်နာနိုင်သေးပါ … ငါ့ကို ခွင့်လွတ်ပါ
သူငယ်ချင်း …… အသုဘအဆောင် အားလုံးကို လိုက် ကြည့်ပြီး ကျနော်
ဖြေးညှင်းစွာ ပြန်လျှောက်ခဲ့ပါသည်။ နောက်ဘက်မှ
တွန်းလှည်းဘီးလိမ့်သံ ကြားသောကြောင့် ကျနော် လမ်းဖယ်ပေး
လိုက်ပါသည်။ အသုဘရှုရန် အသုဘတစ်လောင်းကို ရေခဲတိုက်မှ
တွန်းထုတ်လာပါသည်။ သွားနှင့်ပြီပေါ့ တစ်ယောက်လို့ ကျနော်
စိတ်ထဲမှာ ဆင်ခြင်လိုက်ပါသည်။ တွန်းလှည်းနောက်မှ ကျနော်လဲ
လိုက်ပါခဲ့မိပါသည်။ ရှေ့ကို လှမ်းကြည့်မိတော့ ကျနော်
အရမ်းအံ့သြ သွားရပါသည်။ မြင်ရတာ မသဲကွဲလို့ မျက်လုံးပြန်
ပွတ်ကြည့်မိပါသည်။ ကျနော့်အဖေ၊ ကျနော့်အမေ၊ ကျနော့်မိသားစု၊
ကျနော့်ဆွေမျိုးများ၊ နောက်မှာ ကျနော့်သူငယ်ချင်းများ …..
ဘယ်တုန်းက ရောက်နေကြတာလဲ ….. လို့ ကျနော်မေးတော့ တစ်ယောက်မှ
စကားမပြန်ပါ … သူ တို့ အားလုံး စိတ်မကောင်းသော
မျက်နှာများနှင့် တွန်းလှည်းပေါ်မှ အသုဘကို စိုက်ကြည့်
နေကြပါသည်။ စကားသံတွေ ပြန်မကြား ရသောကြောင့် စိတ်ထဲမှာ
တော်တော်အံ့သြ သွားပါသည်။ ထို့ကြောင့် ကျနော်တွန်းလှည်းကို
အမှီလိုက်သွားပြီး အသုဘ မျက်နှာကို သေချာစွာ
ကြည့်လိုက်မိပါသည်။ အံ့သြစွာဖြင့် ဘလက်ဘုတ်ပေါ်မှာ ရေးထားသော
အသုဘရှင် အမည်ကို ကဗျာကယာ ဖတ်ကြည့် လိုက်သည်။ ကိုဂျစ်
(Geologist ) အသက် ၄၈ နှစ် …. ဟာသွားပြီ …. ဒီတစ်ခါငါ့အလှည့်
…….


အိမ်မက်ဆိုးတွေကြားက နိုးထလာသော ကျနော်၏ ဦးခေါင်းသည်
ကြည်ကြည်လင်လင် မရှိဘဲ စိတ်ရှုပ်နေပါသည်။ အိပ်ရေးမ၀သော ကြောင့်
နောက်ကျမှ အိပ်ရာထ ဖြစ်ပါသည်။ ဒီနေ့ ကျနော်
စိတ်ရှုပ်နေသောကြောင့် ကျနော့် ရုံးခန်းကို မသွားဖြစ်တော့ပေါ့။
တမနက် ခင်းလုံး အိမ်မှာ ထိုင်လိုက်ထလိုက် တီဗီကြည့်လိုက်နှင့်
ရည်ရွယ်ချက်မရှိ လျှောက်လုပ် နေမိပါသည်။ နံနက်စာစားပြီး
ချိန်မှာတော့ စိတ်သက်သာ သွားစေရန် ကားယူပြီး ဦးတည်ရာမရှိဘဲ
တစ်ယောက်တည်း မောင်းထွက် ခဲ့ပါသည်။ သတိထားမိလိုက်တော့ ကျနော့်
ကား ဟာ မင်္ဂလာဒုံကို ကျော်နေပါပြီ ….. မကြာခင် ထောက်ကြံ့
ရောက်တော့မည်။ ထောက်ကြံ့ ရောက်တော့ တိုက်ကြီးဘက်ကို ကျနော်
ဦးတည် လိုက်ပါသည်။ ကျနော် ဦးတည်ရာ ရည်ရွယ်ချက် မရှိသေးပါ ….
လှော်ကား အလွန်ကျနော့်စိတ်ထဲမှာ အရှင်ဆေကိန္ဒ .. ရုပ်ပုံ
ပေါ်လာပါသည်။ ဟုတ်ပြီ အရှင်ဆေကိန္ဒကျောင်းကို သွားမည်။ ဦးတည်ချက်
ရှိလာသောကြောင့် ခန္ဓာကိုယ်သည်လည်း အရင်လို လေးလေးလံလံ
မဟုတ်တော့ဘဲ သွက်သွက်လက်လက်နှင့် အရှင်ဆေကိန္ဒကျောင်းကို
မောင်းနှင်ခဲ့ပါသည်။ ဒီနေ့ စနေ တနင်္ဂနွေ မဟုတ်ဘဲ ကြားရက်
ဖြစ်သောကြောင့် လူနဲပါသည် ……… ဆရာတော်ကြီးက အဆောင်မှာ
ဒကာအချို့နှင့် စကားပြောနေသည်။ ကျနော် ဆရာတော်ကြီးကို
ဦးချကန်တော့ လိုက်ပါသည် …….. အင်း … ဒီနေ့တော့ ငါ့ကျောင်းမှာ …
မိုးတွေ ရွာကုန်တော့မှာဘဲ …… ထူးထူး ခြားခြား ဒကာ တစ်ယောက်
ရောက်လာလို့ …… ဆရာတော်နှင့် ကျနော် မရင်းနှီးသော်လည်း
ဆရာတော် ကျနော့်ကို မှတ်မိနေပါသည်။ ကျနော် ကျောင်းကို
နှစ်ကြိမ်သာ ရောက်ဖူးခဲ့ပါသည်။ ဒီတစ်ကြိမ်က သုံးကြိမ်မြောက်
…တိုက်ကြီး ဘုံကျောင်းမှာ ရှိခိုးပြီး အပြန် ပထမဆုံး အကြိမ်
ရောက်ခဲ့ပါသည်။ တိုက်ကြီးမှအပြန် အမျိုးတွေက
ဆရာတော်ကျောင်းဝင်ရန် ပြောကြ၍၀င် ဖြစ်ခဲ့တာပါ။ ဆရာတော်
အဆောင်ကို ၀င်ပြီး အလှူငွေလှူရန် ဆရာတော်ကို လျှောက်တော့ …
မင်းတို့ငါ့ကျောင်းက ကျွေးတဲ့ထမင်းစား ပြီးပြီလား ...
မစားရသေးပါ .. ရေကော သောက်ပြီးပြီလား …. မသောက်ရသေးပါ .. ဟ ..
ငါ့ကျောင်းက ထမင်းမစား၊ ရေမသောက်တဲ့ ဒကာဆီက အလှူငါလက်မခံဘူး
…တပည့်တော် အလှူကို လက်ခံပေးပါ၊ ထမင်းလည်း စားပါ့မယ်။ ဒါပေမဲ့
တပည့်တော် ဟင်းနဲနဲဂျီး များလို့ပါ .. ငါ့ကျောင်းက ဟင်းတွေ၊
ဟော်တယ်ဟင်းကို မမှီပေမဲ့ မင်းတို့အိမ်က ဟင်းထက်တော့
မလျှော့ပါဘူး .. ငါ့စားဖိုမှူးတွေ တော်ကြပါတယ် … ဒီလိုမျိုးနဲ့
ပထမဆုံး ဆရာတော်နှင့် ဆုံခဲ့တာပါ။ ကျနော့် သားဖိုးလပြည့်
သူငယ်ချင်းတွေကို ရင်ဝတ်ခဲ့စဉ်က ဒုတိယအကြိမ် .. ဆရာတော်ကြီးကို
ကျနော် တောင်းပန်ချင် ပါသည်။ ထိုနှစ်ကြိမ်လုံးတွင် ကျနော်
တရားပွဲမပြီးခင် တစ်ဝက်တစ်ပျက်မှာ ထပြန်ခဲ့သောကြောင့်
ဖြစ်ပါသည်။ ပါလာသော အမျိုးများကြောင့် ၄င်း၊အခြား
ဧည့်သည်များကြောင့် ၄င်းအကြောင်း အမျိုးမျိုးနှင့်
ထပြန်ခဲ့ရပါသည်။
ဒကာမကြီးနှင့် ခလေးတွေ မပါကြဘူးလား …….. မပါကြပါဘူး
အရှင်ဘုရား …. တစ်ပည့်တော် တစ်ယောက်တည်းပါ ….. ဘယ်ကို
သွားရင်းနှင့် ဘယ်လိုလမ်းကြုံပြီး ၀င်လာခဲ့တာကို ရှင်းပါအုံး …
ငါ့ဒကာရဲ့ ……. အမှန်ပြောရရင် ထွက်လာခဲ့စဉ်က ဘာရည်ရွယ်ချက်မှ
မရှိပါဘူး၊ စိတ်ပြေလက်ပျောက် ဦးတည်ရာမရှိဘဲ ကားလျှောက်
မောင်းနေတာပါ ….. လှော်ကား အလွန်ကျမှ အရှင်ဘုရားပုံ စိတ်ထဲမှာ
ပေါ်လာပြီး …. အရှင်ဘုရားကျောင်းကို ရောက်ခဲ့တာပါ ……
ရည်ရွယ်ချက်မရှိ .. မမျော်လင့်ဘဲ ရောက်ခဲ့တာပါ ….. ကြိုက်ပြီ
……. ဒီစကားကို ကြိုက်တယ် ….. မကွယ်မ၀ှက် ပြောလိုက်တဲ့စကားကို
ကြိုက်တယ်ကွာ ….. ညတုန်းကတော့ မနက်ဖြန် ငါ့ကျောင်းကို
လာမယ်ဆိုပြီး မနက်ရောက်တော့ လမ်းကြောင်းလွဲသွားတဲ့ ငါ့ဒကာတွေ
အများကြီး ….. မရည်ရွယ်ဘဲ ရောက်လာတဲ့ ဒကာကိုမှ ငါတရား
ပေးချင်တာ …… ဒီနေ့ကော တစ်ဝက်နှင့် ထပြန်အုံးမလား ………
တရားပြီးတဲ့အထိ နာယူပါ့မယ် ဘုရား ….. တပည့်တော် တစ်ယောက်တည်း
ဘယ်သူ့ကိုမှ ငဲ့စရာ မရှိပါဘူး …… အေး … ကောင်းပြီ …. ကိလေသာ
တဏှာကို ဖြတ်နိုင်မှ မဂ်ဖိုကို မျက်မှောက် ပြုနိုင်မှာ …….
ငါတို့တွေဟာ တစ်ယောက်တည်း လာပြီး တစ်ယောက်တည်း
ပြန်ရမည့်ခရီးကို သွားနေတဲ့ ခရီးသည်ဆိုတာကို မမေ့နှင့် ….. ကဲ
….. ကဲ…. တရားပွဲချိန်နီးနေပြီ ….. သွားကြရအောင် ……
သလာဘံ-မိမိရထားသော အခွင့်အရေး၊ လာဘ်လာဘ၊ စည်းစိမ်ဥစ္စာကို
အတိမညေယျ-အထင်သေးတတ်၏။ ထို့ကြောင့် စိတ်ဆင်းရဲ ခြင်း ဖြစ်တတ်၏။
စိတ်ဆင်းရဲ၍ သမာဓိမရ …… ဒါကြောင့် ဘုရားရှင်က
သလာဘံ-မိမိရထားသော အခွင့်အရေးကို နာတိမညေယျ အထင် မသေးပါနှင့် …
ကိုယ် ရထားတာလေးနှင့် ကျေနပ်ကြပါ …. သန္တုဋ္ဌီ ပရမံ
ဓနံ-ဘုရားရှင်က ရောင့်ရင့်တင်းတိမ်ခြင်းဟာ အမြတ်ဆုံးသော
ချမ်းသာဥစ္စာ တစ်မျိုးတဲ့ ….. ဗုဒ္ဓဘုရား ဟောကြားခဲ့သော
တရားများသည် ကျနော်တို့ နေထိုင်ရာ လောကီအတွင်း ဖြစ်ပျက်နေသော
အကြောင်းအရာ များထဲမှ ဆောင်ရန် ရှောင်ရန်များကို
သတိပေးသွန်သင်ထားသော တရားများသာ ဖြစ်သည်။ ကိုယ့်အကြောင်းနှင့်
ကိုယ် တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်၍ တစ်နည်းမဟုတ်
တစ်နည်း ပတ်သက်နေပါသည်။ တစ်နေ့လုံး ရှုပ်ထွေးနေသော စိတ်သည်
ဆရာတော် တရားနာယူပြီး နောက်မှာတော့  ကြည်လင်လာပါသည်။
တရားပွဲပြီး သွားသော်လည်း ကျနော် ပြန်ချင်စိတ်မရှိသေးပါ။
ဘုရားရိပ်၊တရားရိပ် အေးချမ်းတယ်ဆိုတာ အမှန်ပါလား …… လို့
စိတ်ထဲမှာ ရေရွတ်မိပါသည်။ ဆရာတော် ကျောင်းဝင်းအတွင်း
ဆောက်လက်စ အဆောက်အဦး များကို၎င်း၊ စိုက်ပျိုးထားသော
သစ်ပင်ပန်းပင်များကို ၄င်းတဖြေးဖြေး လိုက်ကြည့်နေမိပါသည်။
စိတ်ထဲမှာ အေးချမ်းနေပါသည်။ လူအချို့ကို ကူညီခဲ့၍ အသည်းရောင်
အသားဝါစီပိုး ကျနော့်ခန္ဓာကိုယ်ထဲကို ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။
ဒုက္ခရောက်နေသောသူများကို ကျနော်ဥပက္ခောပြုခဲ့လျှင် ဤရောဂါ
ကျနော်ဆီကို မရောက်နိုင်ပါ …… တစ်ချိန်က ဤရောဂါအတွက် ကျနော်
စိတ်သောက အကြီးအကျယ် ရောက်ခဲ့ရပါသည်။ အကြီးအကျယ်
ပေါက်ကွဲခဲ့ရပါသည်။ နောင်ဆိုလျှင် မျက်စိရှေ့ဒုက္ခရောက် နေသော
သူများကို တွေ့ခဲ့လျှင်ပင် ဥပက္ခောပြုဖို့အထိ ဆုံးဖြတ်ခဲ့ပါသည်။
စိတ်မိုက်စိတ်ရိုင်းများ ၀င်ခဲ့ပါသည်။ ဒီနေ့ ဆရာတော်ကြီး
တရားကို နာယူပြီးအကျိုးအကြောင်းများ ဆင်ခြင်ပြီး
ကိုယ့်စိတ်ကိုကိုယ် ဖြေလိုက်ပါသည်။ ကျနော်၏ အတိတ်ကံကြောင့်
ကျနော်ခံရခြင်း သာဖြစ်သည်ဟု စိတ်ကို ဖြေလိုက်ပါသည်။
နေစောင်းပြီဖြစ်သောကြောင့် ထမင်းစားဆောင်၏ အရိပ်သည်
အပေါ်ဘက်ကန်ပေါ်သို့ ရိပ်မိုး လာပါပြီ။ နေ့ခင်းဘက်
ပူပြင်းသောနေရာမှာ လေပြေအေးအေးလေးက နေရာဝင်စပြုနေပါပြီ။
ရေကန်ဘေးမှ အရိပ်သည် လူကိုအေးမြ စေပါသည်။ ကျနော်
ရေကန်ဘေးမြက်ခင်းပေါ် ထိုင်ချလိုက်ပြီး ကန်ရေပြင်ကို
စိုက်ကြည့်နေမိပါသည်။ ကန်ရေပြင် တည်ငြိမ်နေပါသည်။ လက်ထဲမှ
ခဲသေးသေးဖြင့် ကန်ထဲကို ပစ်ချလိုက်ပါသည်။ ခဲလုံးကြောင့်
ရေပြင်တစ်ခုလုံး လှုပ်ရှားသွားပါသည်။ အတန်ကြာတော့ ပြန်ငြိမ်
သက်သွားပါသည်။ နောက်တစ်ခေါက် ထပ်ပစ်ချလိုက်ပါသည်။ ရေပြင်
လှုပ်ခါသွားရပြန်ပါသည်။ နောက်တစ်ဖန် ငြိမ်သက်သွား ပြန်ပါသည်။
လက်ထဲမှာ ရှိနေသော ခဲလုံးလေးများကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ
ပစ်ချနေမိလဲ မသိတော့ပါ။ အကြိမ်ကြိမ် အခါခါ ပစ်ချ နေမိပါသည်။
ထိုရေပြင် လှုပ်ရှားနေမှုကို စိုက်ကြည့်နေစဉ် ကျနော့် စိတ်သည်
အရာအားလုံးကို မေ့လျော့နေခဲ့ပါသည်။ ဆေးအရှိန်နှင့် ပတ်သက်ပြီး
ခံစားနေရတာကိုလဲ သတိမရတော့ပါ။ ရင်ထဲမှာ အရမ်းအေးချမ်း
လွန်းနေပါသည်။
ဒကာကြီး …. တရားရိပ်ဟာ .. ဒကာကြီးရဲ့
စိတ်ကို အေးချမ်းစေပါသလား ….. ဆရာတော် ဘယ်အချိန်က
ရောက်နေမှန်းမသိပါ …..
ဆရာတော်၏ အသံကြားမှ ကျနော့်စိတ်ကို ပြန်ဆွဲယူမိပါသည်။
အေးချမ်းပါတယ် … အရှင်ဘုရား …..
ဘုန်းကြီး .. ဒကာကြီးရဲ့ နောက်မှာ ရောက်နေတာကြာပြီ …..
ဒကာကြီးရဲ့ လှုပ်ရှားမှုကို ကြည့်နေတာ ….. ဘုန်းကြီး လေ့လာကြည့်ရသလောက် …. ဒကာကြီး အပူသောကတစ်ခုကြောင့် ဦးဇင်းရဲ့ ကျောင်းကို ရောက်လာတယ်လို့ ဘုန်းကြီးယုံကြည်တယ် ……
ငါတို့ လောကီမှာ ကျင်လည်နေသမျှ ….. အပူတွေက … တစ်ခုပြီးရင် တစ်ခု ၀င်လာနေအုံးမှာဘဲ …….
ငါတို့ ဒီအပူကို ဘယ်နည်းနှင့် ငြိမ်းသတ်နိုင်မလဲ ဘယ်နည်းနဲ့ သက်သာ စေမလဲ နည်းလမ်းရှာရမယ် …
နည်းလမ်းကိုသိလား ….
မသိပါ အရှင်ဘုရား …..
ငါ့ဒကာကလဲ နည်းလမ်းက မင်းအရှေ့မှာဘဲလေ …. ကန်ရေပြင်ရဲ့ လှုပ်ခတ်သွားလိုက် ငြိမ်သက်သွားလိုက် ဒါတွေကို မင်းစိုက်ကြည့်နေခိုက်မှာ အေးချမ်းနေတယ်လို့ .. ငါမြင်တယ် …. ဟုတ် ရဲ့လား ……
မှန်ပါတယ် အရှင်ဘုရား ….
ဒါဆို နည်းလမ်းကို မင်းတွေ့နေပြီလေ ….. တရားသဘောနှင့် ပြောရရင် …. ရေပြင်ကို မင်းကြည့် နေတာဟာ ….
ခန္ဓာကို ပြင်ပမှာ ဖြစ်ပျက်နေတာကို ရှုမှတ်တာနှင့် အတူတူဘဲ ……
နောက်တစ်ဆင့် အနေနှင့် မိမိ ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပျက်နေတာကို ရှုမှတ်ဖို့ဘဲ …..
ဒါကို ၀ိပဿနာ လို့ခေါ်တယ် … ဘုန်းကြီး ပြပေးမယ် …. ၀ိပဿနာ ရှုမှတ်ခြင်းဖြင့် ဒကာကြီး ခံစားနေရသော အပူတွေ လျော့ပါးစေလိမ့်မယ်လို့ ဘုန်းကြီးပြောရဲတယ် …. လုပ်ပါလို့ အတင်းအကျပ် မပြောချင်ပေမယ့်လဲ …လုပ်ကြည့် ပါလို့ တိုက်တွန်းချင်ပါတယ် …. ကဲ … ဒကာ အချိန်တောင်တော်တော် လင့်နေပြီ …. ဒကာမကြီး မျှော်နေရော့မယ် ….
တင်ပ့ါ … တပည့်တော်ကို ပြန်ခွင့်ပြုပါဘုရား …..
အရှင်ဘုရားနှင့် ကျနော် ထမင်းစားဆောင်ဖက်သို့ အတူတူ လျှောက်လာ
ခဲ့ကြပါ သည်။ ဒကာကြီး အဆင်ပြေမယ်ဆိုရင် ငါ့ဒကာမကြီး
လေးယောက်ကို ခေါ်သွားပေးပါလား …… အဆင်ပြေတဲ့ နေရာမှာ ဆင်းပါစေ
…ဖြစ် လား ……. ဖြစ်ပါတယ် အရှင်ဘုရား …….. နိဗ္ဗန်ကူးတို့
လုပ်ပါရစေ … အိမ်အရောက် ပို့ပေးပါ့မယ် … အရှင်ဘုရား ….
အမေတို့အရွယ် ဘုန်းကြီး ဒကာမကြီးလေးယောက်ကို ကျနော့်ကားပေါ်သို့
တက်စေပါသည်။ အရှင်ဘုရား တပည့်တော်ကို ပြန်ခွင့်ပြုပါ …… ဟေ့ ..
နေအုံး … နေအုံး …. တစ်ခုမှာပါရစေ … ကားထဲမှာ ရဲလေးတို့
စိုင်းစိုင်းတို့ ဟစ်ဟော့တွေ မလုပ်လိုက်ပါနှင့် …. ငါ့
ဒကာမကြီးတွေ မှတ်ထားတဲ့ တရားတွေ လွင့်ကုန်ပါ့မယ် ….. ငါ
တရားခွေပေးလိုက်မယ် …. တရားခွေလေး ဖွင့်ပေးလိုက်ပါ …..
ပြောရင်း တရားခွေသုံးခွေကို ကမ်းပေးပါသည်။ လက်နှစ်ဘက်နှင့်
လှမ်းယူရင်း အရှင်ဆေကိန္ဒ ကျောင်းမှနှုတ်ဆက် ထွက်ခွာခဲ့ပါသည်။
ကျနော့် ဘေးမှာတစ်ယောက်၊ အနောက်ခုံမှာ သုံးယောက်ထိုင်လျှက် …..
ကားလေးကငြိမ့်ငြိမ့် …… အဲကွန်းကအေးအေး …. တရားသံက
ကြည်ကြည်လင်လင် …အရှင်ဆေကိန္ဒတရားကို နာယူရင်း
ခေါင်းလေးတစ်ငြိမ့်ငြိမ့်နှင့် အန်တီလေးယောက် ကားစီးရတာ
သဘောကျနေသည် …
သဗ္ဗေ
သင်္ခါရာ အနိစ္စာ
သဗ္ဗေ သင်္ခါရာ ဒုက္ခာ
သဗ္ဗေ ဓမ္မာ အနတ္တာ
အနိစ္စာ သဗ္ဗ သင်္ခါရာ
ဥပ္ပါဒ ၀ယ ဓမ္မိနော
ဖြစ်ပြီးသော်လည်း မတည်မြဲမှုကြောင့် အမြဲတမ်း ဖြစ်၍ ပျက်၍၊
ပျက်၍ ဖြစ်၍ နေကြလေ ကုန်၏ ……
အနိစ္စာဝတ သင်္ခါရာ …..
ဥပ္ပါဒ ၀ယဓမ္မိနော …..
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈ န္တိ
တေသံ ၀ူပသမော သုခေါ ……
ဥပ္ပဇ္ဇိတွာ-ဖြစ်ပေါ်လာကြပြီး နိရုဇ္ဈ န္တိ-ချုပ်
ပျောက်ပျက်သွားလေကုန်၏။ တေသံ-ထို ဖြစ်ပေါ်ပြီးနောက်
ချုပ်ပျောက်တတ်တဲ့ ဓမ္မသဘော တရားတို့၏ ၀ူပသမော-မရှိတဲ့
ငြိမ်းအေးမှုက သုခေါ-ချမ်းသာအစစ်နိဗ္ဗာန် …….
ဖြစ်ပြီးရင် ပျက်သည်မှတစ်ပါး အခြားမရှိ
မွေးတာလဲ သေသည်မှတစ်ပါး အခြားမရှိ
ရတာလဲ ကုန်သည်မှတစ်ပါး အခြားမရှိ
ဆုံရကြုံရတာလဲ ကွေကွင်းရသည်မှတစ်ပါး အခြားမရှိ …
ရုပ်နာမ်ချုပ်ငြိမ်းမှုသည် နိဗ္ဗာန်၊
ဒုက္ခဆင်းရဲအမှန် ရုပ်နာမ်ချုပ်ငြိမ်းရာသည် နိဗ္ဗာန်မှတစ်ပါး
အခြားမရှိ …. လို့ နားလည်ပြီး အသိတရားတွေ မပျောက်ပျက်တဲ့ သတိ
အမြဲရှိပြီး လောကအတွင်းမှာလဲ သာယာအေးချမ်းအောင် နေတတ်ကြပါစေ။
မှတစ်ပါးအခြားမရှိတဲ့ … ဆရာတော်ကြီး၏ တရားက တကယ့်ကို အနှစ်သာရ
ရှိလိုက်တာ …. သတိရလို့ အန်တီတွေကို ကြည့်လိုက်တော့ စောစောက
ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် တရားနာနေတဲ့ သူတွေ၊ အခုတော့
ခေါင်းကိုစောင်းလျှက၊် တစ်ယောက် ပခုံးပေါ် တစ်ယောက်မှီလျှက် ……
အိပ်ခြင်းမှ တစ်ပါးအခြားမရှိပြီ တရားကို ဆက်လက် နာကြားလျှက်
ရှိပါသည်။ အလယ်က အန်တီက မျက်လုံးမှိတ်လျှက် ပြုံးပြုံးလေး
တရားနာလျှက် ရှိနေပါသည်။