၉ရက် ဇန္န၀ါရီ ၂၀၀၉… ဒီနေ့ ကျနော့်သား GCE ဖြေရမည့်နေ့ …. ၉
နာရီ စဖြေမည်။ နံနက် ၆ နာရီကတည်းက တစ်အိမ်လုံး ပြင်ဆင်
နေကြသည်။ စာမေးပွဲဖြေမည့် သားရောမိဘတွေပါ မအားကြပါ။
ဖြေမည့်နေရာကေ၇ွှတိဂုံဘုရားလမ်း တရုတ်ကုန်သည်ကြီးများ အသင်း
မှာဖြေရမည်။ ကျနော့် ကုမ္ပဏီ ရုံးခန်းအနီးမှာ ရှိနေသောကြောင့်
တစ်လက်စတည်း ရုံးသွားတော့မည်။ တစ်ကယ်တော့ သူတို့တွေ ၂၀၀၈ မေလ
မှာကတည်းက ဖြေရမည်။ သို့သော် နာဂစ်နှင့် ဆုံခဲ့သောကြောင့်
စာမေးပွဲ နောက်ဆုတ်သွားရခြင်း ဖြစ်သည်။ စာမေးပွဲ စဖြေမည့် ရက်
ဖြစ်သောကြောင့် မိဘတွေပါ လိုက်ပါခဲ့ကြသည်။ ထို့ကြောင့်
ရွှေတိဂုံဘုရားလမ်း တရုတ်ကုန်သည်ကြီးအသင်း အောက်မှာ လူတွေ
ပြည့်နေပါသည်။ စာမေးပွဲ အောင်ရင် တက်ချင်သည့်
ကျောင်းတက်ခွင့်ရအောင် ပံ့ပိုးပေးဘို့ အသင့် ….. ဆိုတဲ့
ပုံစံမျိုး မိဘတိုင်း၏ မျက်နှာ ပေါ်မှာ ပေါ်လွင်နေပါသည်။
ကျနော်တို့ ကိုယ်တိုင်လည်း ဒီပုံစံအတိုင်းပါဘဲ ……. ဘယ်မှာ
သွားတက်ချင်လဲ …. သားရဲ့ ဆန္ဒဖြည့် ပေးဘို့ အသင့်ပါဘဲ ….. GCE
အောင်ခဲ့ရင် ကျောင်းသားတွေ ကိုယ်တိုင်က အပြင်မှာစာ သွားသင်ဘို့
ရည်မှန်းထား ကြပါတယ်။ GCE လာဖြေတဲ့ ကလေးတွေဟာ ကျနော်တို့ဆီမှာ
ရှိတဲ့တက္ကသိုလ်၊ ကောလိပ်တို့ကို တက်ဘို့မရည်ရွယ်ပါဘူး ……
ကလေးတွေကိုလည်း အပြစ်မပြော ပါဘူး …… ကျနော်တို့ရဲ့ ပညာရေးစနစ်က
သိကြတဲ့အတိုင်းပါဘဲ …………
သားသူငယ်ချင်းများရဲ့ မိဘတွေလည်း သားလေးတွေ စာမေးပွဲဖြေတာ
စောင့်နေရင်း ကျနော့် ရုံးခန်းမှာ လာထိုင်နေကြပါတယ်။ မိဘ တွေက
ဘယ်နိုင်ငံက ဘယ်ကျောင်းကောင်းတယ်၊ ဘာကျောင်းမကောင်းဘူး၊
ကလေးတွေရဲ့ ပညာရေးအတွက် တက်တက်ကြွကြွ စိတ်ဝင်
တစား ပြောဆိုနေကြပါတယ်။ ကျနော်က သူတို့ပြောတာတွေကိုဘဲ နားထောင်
နေပါတယ်။ ကျနော်လည်း လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ကျနော့် သားလတ်
IBC မှာ GCE ဖြေတာစောင့်ပေးနေရင်း ဒီလိုဘဲ မိဘတွေနှင့်
ပညာရေးကိစ္စ ဆွေးနွေးခဲ့ဘူးပါတယ်။ အခုတော့လည်း သားလတ်ဟာ
ဝေးတဲ့တစ်နေရာမှာ စာဖတ်နေပါပြီ …… အခုလည်း သားငယ် GCE
ဖြေနေပါပြီ …. သူလဲ သူ့အစ်ကိုတွေလိုဘဲ စာမေးပွဲ အောင်ရင်
ကျနော့်တို့ ရင်ခွင်ထဲက ထွက်ခွာတော့မှာပါ။ မိဘတိုင်း သားသမီး
ကောင်းစားတာကိုဘဲ မြင်ချင်ကြပါတယ်။ သူတို့တွေ ကောင်းစားဖို့
ကျနော်တို့ မိဘတွေ အနစ်နာခံဘို့ အသင့်ပါဘဲ …….
GCE အောင်စာရင်းတွေ ထွက်ပြီး တစ်ရက်မှာ ကျောင်းသားတွေရော
မိဘတွေပါ စာမေးပွဲအောင်တဲ့ အထိမ်းအမှတ်နှင့် ILBC က ညစာ
ကျွေးပါတယ်။ ကျနော့် ရုံးခန်းမှာ ဆုံခဲ့တဲ့မိဘတွေနှင့် ကျနော်
ပြန်ဆုံဖြစ်ပါတယ်။ သားနှင့် သူငယ်ချင်းတွေ အားလုံး
ပျော်မြူးနေကြတယ်။ သူတို့လေးတွေရဲ့ အပြုံးမျက်နှာတွေဟာ
မိဘတွေရဲ့ ရင်ထဲကို ကူးစက်စေပါတယ်။ ကလေးတွေ ပြုံးပျော်ရသလို
ကျနော်တို့လည်း ပျော်နေ ရပေမယ့် သားကိုကြည့်ပြီး ကျနော့်
ရင်ထဲမှာ နာကျင်လာပါတယ် ……. ကျနော့် သားငယ် တစ်ချိန်ချိန်မှာ
ကျနော့်ရင်ခွင်ထဲက ထွက်သွားတော့မှာပါ …. အချိန်တန်အရွယ်
ရောက်လူလားမြောက်ရင် သူ့လမ်းသူ သွားကြတာပါဘဲ ….
ဒါပေမယ့် ကျနော့်ရင်ထဲမှာ ကြိုသိနေတာကတော့
သူတို့တွေ တခြားမှာ စာသွားသင်မယ်။ ပိုပြီးမြင့်တဲ့ပညာတွေ
ဆည်းပူးကြမယ်။ ပြီးရင် သူတို့တတ်တဲ့ပညာနဲ့ အဲဒီမှာ
အသက်မွေးတော့မယ်။ ကျနော်တို့ရဲ့ ရင်ခွင်ထဲကို ပြန်လာဘို့
မမြင်တော့ပါဘူး …… ဦးနှောက် ယိုစီးမှုတွေ ဘာတွေ
ကျနော်မပြောချင်ပါဘူး …… ကျနော် လက်ခံထားတာက တတ်ထားတဲ့ပညာနှင့်
ကိုယ့်ဆီမှာ အသုံးချလို့ ရရဲ့လား၊ ခံစားရတဲ့ အခွင့်အရေးနှင့်
တန်ရဲ့လား၊ နိုင်ငံတကာ စံနှုန်းတွေနဲ့ရော ကိုက်ရဲ့လား၊ ကျနော့်
စိတ်ထဲမှာ ဘာတစ်ခုမှ အဆင်မချောပါဘူး ….
ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ရင်ခွင်ထဲက ထွက်သွားကြတာ
ကျနော့် နှလုံးသားကို တစ်ဖဲ့ပြီးတစ်ဖဲ့ ချွေချ သွားသလိုပါဘဲ။
အဝေးမှာ စာသွားဖတ်ကြမည်။ ပိုပြီး မြင့်တဲ့ပညာကို
သင်ယူဘို့ပိုပြီး ဝေးတဲ့နေရာကို သွားကြမည်။ တတ်ထားတဲ့ပညာနှင့်
ဟိုမှာဘဲ အသက် မွေးတော့မည်။ ပြီးရင် အဝေးမှာဘဲ အခြေချတော့မယ်
….. ကျနော် ကြိုတွေးမိတာက နောင် ကျနော့် မျိုးဆက်တွေ
ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဖြစ်ဘို့ များနေပါပြီ ……
ကျနော်တို့ဟာ လူကြီးမိဘကို ရိုသေတဲ့
တိုင်းပြည်၊ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ တိုင်းပြည်မှာ မွေးလာခဲ့တဲ့
သူတွေဆိုတော့ အသက်ကြီး လာရင် ကိုယ့်တိုင်းပြည်မှာဘဲ
နေချင်ပါတယ် ….. လူမျိုးမတူ၊ ဘာသာမတူ၊ အကျင့်စရိုက်မတူတဲ့
နေရာကိုတော့ မသွားချင်ပါဘူး ….. သူငယ်ချင်းတွေကြားမှာ
ပျော်မြူးနေတဲ့ သားငယ်ကို ကျနော် ငေးကြည့်နေမိပါတယ်။ ကျနော်
လှမ်းကြည့်နေတာကို မြင်သွားတဲ့ သားငယ် က ကျနော့်ကို
ပြုံးပြပြီး လက်မထောင်ပြပါတယ် ……. သားငယ်ရဲ့ အပြုံးဟာ
ကျနော့်ရဲ့ နောက်ဆုံးကျန်နေတဲ့ နှလုံးသားတစ်ဖဲ့ကို အပြီးသတ်
ချွေချလိုက်သလို ခံစားလိုက် ရပါတော့တယ်။ ရင်နာနာနှင့်
မျက်နှာလွဲလိုက်တော့ သားသူငယ်ချင်း မိဘတွေက စကားပြောနေ ကြရင်း
ကျနော့်ကို ပြုံးပြနေပါတယ်။ တစ်ကယ်တော့ ကျနော်တစ်ယောက်ထဲ
နှလုံးသားအချွေခံလိုက်ရတဲ့ မိဘမဟုတ်ပါဘူး၊ ကျနော့်ဘေး
ပတ်ဝန်းကျင်မှာရှိတဲ့ မိဘအားလုံးဟာလည်း ကျနော်နှင့်ဘ၀တူ ……
နှလုံးသားအချွေခံရတော့မယ့် မိဘတွေပါ ……..