အပေါ်ထပ်တံခါးကို ဖွင့်ကြည့်လိုက်တော့ နံနက်ခင်း
လေနုအေးအေးလေးတွေ မျက်နှာကို လာပက်ဖြန်းလိုက်သလိုပါဘဲ ….
ဒါပေမယ့် တစ်ညလုံး မအိပ်ခဲ့သောကြောင့် နောက်ကျိရီဝေနေသော
ဦးခေါင်းကို လန်းဆန်းလာအောင် မစွမ်းဆောင်နိုင်ခဲ့ပါ။
အပေါ်ထပ် ပေါ်တီဂိုမှ ဝေဇယန္တာလမ်းကို လှမ်းကြည့်လိုက်တော့
နံနက်စောစော ကျန်းမာရေးအတွက် လမ်းလျှောက်ကြသူများကိုမြင်
နေရပါသည်။ ခြံထဲကို ငုံ့ကြည့်လိုက်တော့ ကျနော့်မွေးစားသား
ကျားပေါက် ခြံတံခါးဝမှာ လဲလျှောင်းရင်း သူ့တာဝန်သူ ထမ်းဆောင်နေ
ပါသည်။ သခင်ကိုမြင်မိတော့ အမြီးတရမ်းရမ်းနှင့်
နှုတ်ဆက်နေပါသည်။ မွေးကတည်းက ကျနော့်လက်ပေါ်မှာ ကြီးခဲ့သော
ကျနော့် ခွေးကျားပေါက် ……. သခင်အပေါ်မှာ သစ္စာရှိမှုတွင်
ခွေးလောက် ဘယ်တိရစ္ဆာန်မှ မမှီပါ ……… အိပ်ရေးမ၀ခဲ့သောကြောင့်
ဦးနှောက် ထဲမှာ ဘာမှ ကြည်ကြည်လင်လင်မရှိ။ အသည်းရောင်အသားဝါ
စီပိုးသတ်ဆေး pegasys ထိုးနေသည်မှာ သုံးလသို့ ရောက်နေပြီ၊
တစ်ပတ် တစ်လုံးနှုံး နှင့် 12 လုံးမြောက်ဆေးထိုးပြီးနေပြီ ……
နောက်ထပ် ကိုးလကြီးများတောင် ကျန်သေးသည်။ ဆေးအလုံး 36 လုံး
ထိုးရန် ကျန်သေးသည်။
ဆေးဘေးထွက် ဆိုးကျိုးအဖြစ် ညဘက်အိပ်မပျော်ခြင်း၊
ခန္ဓာကိုယ်ယားယံတတ်ခြင်း၊ အိပ်နေရင်း အသက်ရှူမ၀သလို
ခံစားရခြင်း၊ အစားအသောက်ပျက်ခြင်း၊ စိတ်တိုခြင်း၊
စိတ်အလိုမကျခြင်းတို့ကို ဖြစ်တတ်ပါသည်။ ဆေး၏ Side Effect ကို
ဆေးထိုးသူ အားလုံးအပေါ် မသက်ရောက်ပါ။ ဆေးထိုးသူများထဲမှ 30 % သာ
ခံစားရလေ့ ရှိပါသည်။ ကျန်သူတွေ ဘာမှမဖြစ်။ ကျနော်က
ကံဆိုးစွာဖြင့် 30% ထဲမှာ ပါနေသည်။ ညဘက် အိပ်မပျော်ခြင်းနှင့်
အစားအသောက်ပျက်ခြင်းသည် ကျနော့်ကို အကြီးအကျယ် ဒုက္ခပေးနေပါသည်။
အိပ်မပျော်ခြင်းကြောင့် ဦးနှောက် ကြည်ကြည်လင်လင် မဖြစ်တော့ဘဲ
စိတ်တိုခြင်း စိတ်အလိုမကျခြင်း တို့ကို ဖြစ်ပေါ်စေပါသည်။
အစားအသောက်ပျက်ခြင်းကြောင့် ခန္ဓာကိုယ်ပေါင်ချိန်
လျှော့ကျစေပါသည်။
ညကလည်း ညဦးပိုင်းမှာ အိပ်ပျော်သွားပြီး အသက်ရှူကျပ်သလို
ဝေဒနာခံစားရသောကြောင့် ကျနော် လန့်နိုးခဲ့ရပါသည်။ ကျနော်
ဒီဝေဒနာကို ခံစားရပြီဆိုလျှင် စိတ်ထဲမှာ အိပ်ရမှာ လန့်နေပါသည်။
အိပ်နေရင်း အသက်ရှူကျပ်သော ဝေဒနာကို ပြန်ခံစားရမှာကို လန့်နေ
ပါသည်။ ကျနော့်ကို ကုပေးသော ဆရာက ညတိုင်း အိပ်ဆေးသောက်ပြီး
အိပ်ဘို့ ညွန်ကြားထားပါသည်။ အိပ်ဆေးသောက်ပြီးမှ အိပ်ရ သော
အခြေအနေမျိုးကို ကျနော် စိတ်ထဲမှာ မနှစ်သက်ပါ။ ယခင်က
အိပ်ဆေးနှင့် မူးယစ်တတ်သော ဆေးများကို အတတ်နိုင်ဆုံး ရှောင်လေ့
ရှိပါသည်။ ထို့ကြောင့် ဒီည အိပ်ဆေးမသောက်ခဲ့ပါ။ ညက
အိပ်ရာလန့်နိုးပြီး ကတည်းက ကျနော် ပြန်အိပ်လို့ မရတော့ပါ။ အိပ်
ပျော်ပြီး ပြန်လန့်နိုးလာမှာကို စိုးရိမ်ထိတ်လန့် နေမိပါသည်။
အိပ်ယာပေါ်မှာ လဲလျှောင်းရင်း သူငယ်ချင်းတွေ အကြောင်း
ပြန်စဉ်းစားရင်း မိုးစင်စင် လင်းခဲ့ပါသည်။
တစ်ကယ်တော့ ကျနော်သည် ငယ်စဉ်ကျောင်းသားဘ၀မှာ ကတည်းက
သူငယ်ချင်းများကို အမျိုးများထက် ပိုခင်ခဲ့သူ တစ်ဦး ဖြစ်ပါ
သည်။ ဒီနောက်ပိုင်းမှာလည်း သူငယ်ချင်းများနဲ့ ၀င်ထွက်သွားလာ
မပျက်ခဲ့ပါ။ ကျနော့်ရုံးခန်းမှာလည်း သူငယ်ချင်းများ၏ ၀င်ထွက်
စားသောက်သောနေရာ ဖြစ်ခဲ့ပါသည်။ ရေခဲသေတ္တာထဲမှာရှိသော
စားစရာများသည် ကျနော်တစ်ယောက် အတွက် မဟုတ်ပါ။ သူငယ်ချင်း
အားလုံး မည်သူမဆို ယူစားနိုင်သည်။ ကျနော့်ကို
ခွင့်တောင်းနေစရာမလို။ အားလုံးလည်း စားကြသောက်ကြလေ့ရှိပါသည်။
အချို့ သူငယ်ချင်းများက နေ့လည်နေ့ခင်း ကျနော့် ဆိုဖာပေါ်မှာ
ခြေဆန့်ပြီး တရေးတမောလာ အိပ်လေ့ရှိပါသည်။ အားလုံးကို ကျနော်
အပြစ် မမြင်ခဲ့ပါ။
ဒီတစ်လော ကျနော့် သူငယ်ချင်းအချို့၏ ကျနော်အပေါ်
အပြုအမူတွေကြောင့် ကျနော် စိတ်ဓါတ်တော်တော် ကျခဲ့ရပါသည်။
ကျနော် သည် ပါးစပ်ချောင်သူ တစ်ဦးလို့ ပြောရပါမည်။ ကျနော်ဆီမှာ
စီပိုးရှိနေပြီ …. ကုသမှု လုပ်နေသည်ကို သူငယ်ချင်း အားလုံးကို
ပြောပြခဲ့ ပါသည်။ ကျနော် စကားကြားမိကြပြီး သူငယ်ချင်း အချို့
ကျနော်ရုံးခန်းကို မလာကြတော့ပါ။
တစ်ခါတရံ ရောက်လာပြီ ဆိုလျှင်လည်း ရေခဲသေတ္တထဲမှ အစားအသောက်ကို
ယူမစားကြတော့ပါ။ ရေသောက်လျှင်ပင် မသောက်ရဲတဲ့ ပုံစံမျိုး
ကျနော် မြင်နေရပါသည်။ ခါတိုင်း တမေ့တမော အိပ်ကြလေ့ရှိသော
ဆိုဖါပေါ်မှာ မထိုင်ရဲကြတော့ပါ။ ထိုင်လျှင်လည်း မထိုင်ရဲသလို
မျိုးဖင်တွန့် နေကြပါသည်။ ထိုင်မိလျှင် ရောဂါကူးစက်ခံရမည့်
အလားထင်နေပုံ ရပါသည်။ ကျန်းမာရေး ဗဟုသုတ နည်းတာလား ကျနော်
မပြောတတ်ပါ။ တစ်ကယ်တော့ အသည်းရောင် အသားဝါစီပိုးသည်
ကူးစက်ရခက်သော ရောဂါမျိုး ဖြစ်ပါသည်။ ပေါက်ပြဲ ဒါဏ်ရာကို
စီပိုးရှိနေသော သွေးနှင့် ထိမှ ကူးစက်လေ့ရှိပါသည်။ အတူနေ၊
အတူစားသောက်ရုံနှင့် မကူးစက်နိုင်ပါ။
အသည်းရောင် အသားဝါဘီပိုးက ကူးစက်ရလွယ်ကူပါသည်။ အတူနေ
အတူစားရုံနှင့် ကူးစက်နိုင်သည်။ ဘီပိုးမှာ ကာကွယ်ဆေး ရှိသည်။
ဒါပေမယ့် မြန်မာပြည်မှ လူများ ဘီပိုးကာကွယ်ဆေးထိုးဘို့
မေ့နေကြသည်။ စီပိုးကကုသလျှင် ပျောက်သည်။ ဒါပေမယ့် ကုန်ကျ စရိတ်
မြင့်သည်။ ကျနော့်ဆီက ရောဂါကူးစက်ခံရမှာ ကြောက်နေကြသော
သူငယ်ချင်းများသည် ကျနော့်ဆီကို မလာကြသော်လည်း သူတို့တွေ
ညတိုင်း နီးနီး ကာရာအိုကေဆိုင် သို့၎င်း၊ အခြားဖျော်ဖြေရေးနေရာ
သို့၎င်း၊ အနှိပ်ခန်းများသို့၎င်း သွားလေ့ရှိပြီး နတ်သမီးများ
နှင့် ပျော်ပါးလေ့ ရှိကြပါသည်။ သူတို့သည်ပျောက်ကင်းအောင်
ကုသနိုင်သည့် ဆေးရှိသော အသည်းရောင် အသားဝါစီပိုးကို ကြောက်နေ
ကြပြီး ကုရာနတ္ထိဆေးမရှိသော HIV နှင့် လက်တလုံးခြား
ကစားနေကြသည်။
လှေအဆင်း မြင်းအတက်ခက်သကဲ့သို့ Condom က ဘယ်လောက် စိတ်ချရပါသလဲ
……… ဒီအတော အတွင်းမှာ စိတ်ဓါတ် ကျစရာ တွေရှိသလို
စိတ်ဓါတ်တက်စေသော အဖြစ်နဲ့လဲ ကြုံခဲ့ရပါသည်။ တစ်လကြာ
လေးကြိမ်မြောက် ဆေးထိုးအပြီး ပိုးကောင်ရေ စစ်လိုက်တာ အကောင်ရေ
လေးသန်းမှ အကောင် နှစ်ရာကျော်သည် အထိ လျှော့ကျခဲ့ပါသည်။
ကုသပေးသော ဆရာကြီးများကလည်း အဖြေကို ကျေနပ် အားရခဲ့ပါသည်။
ပျောက်ကင်းရန် ရာခိုင်းနှုန်း 90% လောက်ရှိနေပြီ …….
သို့သော်ဆေး 48 ကြိမ် ပြည့်သည့်အထိ ထိုးရပါမည်။ ဤ
ဆေးထိုးနေသမျှ ကာလပတ်လုံးဆေး၏ ဆိုးကျိုးများကို ကျနော်
ခံစားနေရပါအုံးမည်။
နံနက်ခင်း ခြံထဲဆင်းလိုက်လျှင် မြက်ခင်းစိမ်းစိမ်းက မျက်စိကို
အေးမြစေပါသည်။ ကျနော့် ခွေးကျားပေါက်က အမြီးတရမ်းရမ်းနှင့်
ကျနော့်ကို လာနှုတ်ဆက်နေပါသည်။ သူကြိုက်တတ်သော
ခွေးပီကေတစ်ခုကို သူ့ပါးစပ်ထဲ ထိုးထည့် လိုက်ပါသည်။ ကျားပေါက
ခြံထောင့် မှာ ပီကေသွားဝါးနေပြီ …… ခြံတံခါးကို
အနည်းငယ်ဟပြီးအိမ်နီးနားချင်းတွေကို နှုတ်ဆက်လိုက်ပါသည်။
အသက်နဲနဲ ရလာကြပြီ ဆိုတော့ နံနက်ပိုင်း အားလုံးလိုလို
လမ်းလျှောက်ကြလေ့ ရှိပါသည်။ အလ္လာပ သလ္လာပ စကားတွေပြောနေစဉ်
ကျနော့် ခွေးကျားပေါက် ကျနော့် အောက်မှ လျှိုပြီး ခြံအပြင်သို့
ပြေးထွက်သွားပါသည်။ ခြံအပြင် မထွက်အောင် အကျင့်လုပ်ပြီး
အပြင်သို့ တစ်ခါမှ မထုတ်ခဲ့ပါ။ ယခုဘာ စိတ်ကူးပေါက်ပြီး
ခြံအပြင်သို့ ပြေးထွက်သွားသလဲ …….. မစဉ်းစားတတ်ပါ။
စိတ်တိုပြီး ကျနော် ဒေါသနဲနဲထွက်နေပြီ ….. ခြံဝင်းအပြင်ဘက်
ဝေဇယန္တာလမ်းမပေါ်မှာ ကျားပေါက် ပြေးလွှားနေသည်။ နံနက်ခင်း
လမ်းလျှောက်ကြ သူများလည်း ခွေးကြီးကို မြင်မိပြီး
ကြောက်လန့်တကြား အော်ဟစ်သူအော်ဟစ် ပြေးသူပြေး ဖြစ်ကုန်ကြပြီ ……
နဂိုကမှ နောက်ကျိနေသော ကျနော့်စိတ်သည် ဒေါသသို့ အလိုလို
ကူးပြောင်းသွားပါပြီ …… ကျနော်က လှမ်းခေါ်လိုက် ….. သူက
နောက်ဆုတ် သွားလိုက် … ကျနော် ပန်လာခဲ့လျှင် သူက သူနောက်က
လိုက်လာပြန်သည်။ ပြန်ခေါ်လျှင် တစ်ဖန် ပြန်ထွက်ပြေးပြန်ပါသည်။
ဒေါသထွက်နေသော စိတ်က ကျားပေါက်ကို တဖြေးဖြေး ရိုက်သတ်ချင်စိတ်
တဖွားဖွား ဖြစ်စေပါသည်။ လမ်းပေါ်က လူတွေကိုတော့ လိုက်မကိုက်ပါ။
ဒါပေမယ့် လူတွေက သူ့ကိုကြောက်လန့်ပြီး ရပ်ကြည့်နေကြသည်။
သူ့အရှေ့က ဘယ်သူမှ ဖြတ်မလျှောက်ရဲကြပါ။ လူတွေ ကလည်း သခင်နဲ့
ခွေးလိုက်တမ်းပြေးတမ်း ကစားတာကို ကြည့်နေကြပါသည်။ ကျနော်
ရှက်လည်းရှက် ဒေါသလည်း ဖြစ်မိပါသည်။ စိတ်တိုတိုနဲ့ သူ့အပြန်ကို
ခြံထဲက ထိုင်စောင့်နေခဲ့ပါသည်။ သိပ်မကြာပါ။ ကျားပေါက် ခြံထဲကို
ပြန်ဝင်လာပါသည်။ သူ့ကို မြင်မိပြီး ကျနော့် ဒေါသ
အမြင့်ဆုံးသို့ ရောက်သွားပါပြီ ….. ကျားပေါက် လည်ပတ်ကြိုးကို
မရုံးနိုင်အောင် ဆုပ်ကိုင်ပြီး ကျနော့် ခါးပတ်နှင့်
ရိုက်မိပါတော့ သည်။
ငယ်ငယ်ကတည်းက မွေးခဲ့သော သခင်၏ အပြစ်ပေးမှုကို ပြားပြားဝပ်
ငြိမ်ခံနေပါသည်။ တစ်ချက်ရိုက်တိုင်း သူ့အမွှေးတွေ ဖွာကနဲ ဖွာကနဲ
ကျွတ်ထွက်ကုန်ပါသည်။ အနီးအနားမှာ ခွေးမွှေးတွေ
ပြန့်လွင့်ကုန်နေပြီ …… တော်ရုံလူမြင်ရုံနဲ့ ကြောက်ရသော
ကျားပေါက် အခု ကြောင်တစ်ကောင်အလား တုတ်တုတ်မျှမလှုပ် ……
ဒေါသကြောင့် သူ့ကို ရိုက်နေပေမယ့်လည်း ခန္ဓာကိုယ်က
ဆေးထိုးထားသော ဒဏ် ကြောင့် တာရှည်မရိုက်နိုင်ပါ။ ကျနော်
မောလာသည်။ သူ့လည်ပတ်ကို လွှတ်ပေးလိုက်တော့ သူ့နေရာကို
ကြောက်လန့်တကြား ပြေးဝင် သွားပါသည်။ ကျနော့်ကို စေ့စေ့
မကြည့်ရဲတော့ပါ။ ကျနော့် ဒေါသအကြည့်ကို ရှောင်လွဲသည့်အနေဖြင့်
ခုံတန်းအောက်မှာ သွားဝပ်နေ သည်။
ဒီနေ့ ကျနော် အလုပ်လုပ်ရတာ စိတ်မပါ။ ခေါင်းကိုက်နေပါသည်။ ထို့ပြင် နံနက်က ကျားပေါက်ကိုဖြစ်မိသော ဒေါသကလည်း ခန္ဓာ
ကိုယ်ကို ပင်ပန်းစေပါသည်။ ဒီနေ့ သူငယ်ချင်းတွေကလည်း တစ်ယောက်မှ ရောက်မလာ
ကြသောကြောင့် ကျနော့်စိတ်ပို၍ ရှုပ်ထွေးစေ ပါသည်။ ကျနော် နေ့ခင်းဘက် စာစောင်တွေကို လှန်လျောကြည့်ရင်း အမှတ်မထင် စာစောင်တစ်ခုမှ စာတစ်ပုဒ်ကို သွားတွေ့မိပါသည်။
ခွေးကို ရိုက်နှက်ဆုံးမသူသည် ခွေးထက် မိုက်သောခွေးသာတည်း …… တဲ့ …….
အရှင် မဟာရဌသာရ ဆုံးမစာ တစ်ပုဒ် ဖြစ်ပါသည်။ ကျနော့်ကို ဘုရားက တရားပြနေပြီလား။ တစ်ကယ်တော့ ကျနော်သည်ပင် ကိုယ်စိတ်
နူးညံ့သူ တစ်ဦး ဖြစ်ခဲ့ပါသည်။ ဒီနေ့ ဘာကြောင့် ဒေါသစိတ်နဲ့ ကျားပေါက်ကို ရိုက်ဖြစ်သလဲ …..
ကျနော် ပြန်စဉ်းစား နေမိပါသည်။ ကျနော့် သားသမီးတွေအပေါ် တစ်ကြိမ်တစ်ခါမှ ရိုက်နှက် ဆုံးမခြင်းမျိုး မလုပ်ခဲ့ပါ။ ကျားပေါက်ကိုလည်း
ကျနော့် သားသမီးလို ချစ်ခဲ့ရပါသည်။
တစ်ကယ်တော့ တရားခံက အသည်းရောင် အသားဝါ စီပိုးသတ်ဆေး Pegasys
ဖြစ်ပါလိမ့်မည်။ သည် ဆေးထိုးခြင်းကြောင့် ကျနော် Side Effect ခံစားခဲ့ရသည်။ ထို Side
Effect ကြောင့် အိပ်မပျော်ဖြစ်ခဲ့ရသည်။ အိပ်ရေးမ၀သောကြောင့် စိတ်နောက် ကျိခဲ့ရသည်။ ထိုမှ ဒေါသသို့ ကူးပြောင်းခဲ့ရသည်။
ချုပ်တည်းထားသော ဒေါသ ကျနော့် ကျားပေါက်ပေါ်မှာ စုပုံကျ ခဲ့ရပါသည်။ ကျနော် မေ့နေတာတစ်ခု ရှိပါ သေးသည်။ ခွေးသဘာဝ တစ်နှစ်မှာ တစ်လ၊ ရာသီချိန်ရောက်နေတာကို ကျနော် သတိမထားမိခဲ့ပါ။ ခွေးမ၏ အနံ့ကို ရှုမိပြီး ကျားပေါက် လမ်းပေါ်ထွက်ပြီး အဖေါ်ရှာနေခြင်းဟာ တစ်ကယ်တော့ အပြစ်မရှိပါ။ အဖေါ်မရှာပေးသော သခင်မှာသာ အပြစ်
ရှိပါသည်။ ကျနော်ဟာ ခွေးထက်မိုက်သော သူတစ်ဦးပါ။
ဒီနေ့ ညလည်း ကျနော်အိပ်မရပါ။ ကျားပေါက်ကို ရိုက်ခဲ့သောအပြစ်က ကျနော့်ကိုယ် ကျနော် ခြောက်လှန့် စေခဲ့ပါသည်။
ရင်ထဲမှာ လည်း တော်တော် စိတ်မကောင်း ဖြစ်နေမိသည်။ အပေါ်ထပ် ပေါ်တီဂိုတံခါးမှ
အောက်ကို ကြည့်လိုက်တော့
ခြံတံခါးပေါက်မှာ ကျနော့် ခွေးကျားပေါက် ၀တ္တရားမပျက် သူ့တာဝန်သူ ထမ်းဆောင်နေပါသည်။
ကျားပေါက် မရောက်ခင် ရမ်ဘိုလို့ ခေါ်ကြသော ဒိုဘာမင် အမဲ တစ်ကောင်ရှိပါသည်။ ခွေးသက်တမ်း သုံးနှစ်လောက်မှာ
ရမ်ဘို ဆုံးသွားပါသည်။ ခွေးမွေးစဉ်တုန်းက နေမကောင်းရင်၊ အစာမစားရင်၊ တစ်ခုခုဖြစ်ရင် အမြဲဆေးခန်းသွားပြ နေရပါသည်။
တစ်ခါတလေ ဒီခွေးတွေလည်း အစာအရမ်းရွေးသည်။ ဟိုဟာမစား၊ ဒီဟာမစား၊ သူတို့ အတွက် အမျိုးမျိုးပြုစုပေး
နေရသည်။ ရမ်ဘို ဆုံးသွားတော့ ဒီခွေးဝတ္တရားတွေ လျော့သွားပြီလို့ တွေးပြီး နောက်ထပ် ခွေးမမွေးတော့ဘူး လို့ ဆုံးဖြတ်လိုက်ပါသည်။ ပထမ ဘာဝတ္တရားမှ မရှိတော့လို့ စိတ်ထဲမှာ တော်တော်လွတ်လပ်နေပါသည်။ ဒါပေမယ့် နဲနဲကြာလာတော့ စိတ်ထဲမှာ
လုပ်ပေးနေကျ ၀တ္တရားတွေကို ပြန်တမ်းတလာပါသည်။
ခွေးမရှိသော ခြံလုံခြုံမှုမရှိသလို ခံစားရပါသည်။ နံနက်ခင်းမှာ
သူတို့နဲ့ ဆော့တာတွေကို ပြန်သတိရလာပါသည်။ ပိုဆိုးတာက ညနေ ဘက်
အိမ်အပြန် ကျနော့်ကို ကြိုမယ့် ခွေးမရှိတာက
ခွေးမွေးချင်စိတ်ကို ပြန်နိုးထစေပါသည်။ ခွေးမရှိသော ဘ၀မှာ
ကျနော် ကြာကြာ မနေနိုင်တော့ပါ။ ခွေးထပ်မွေးရန် ရှာပုံတော်
ဖွင့်ရပြန်ပါသည်။ သူငယ်ချင်းတွေမှာ ရှိသော ခွေးတွေက
ကြီးနေပြီဖြစ်သော ခွေးများ၊ ရင်ခွင် ပိုက် ခွေးများ၊ ထို
ခွေးအမျိုးမျိုးကို ကျနော်စိတ်တိုင်းမကျပါ။
ခွေးရောင်းသော ခြံများဆီသို့ လိုက်ကြည့်ပါသည်။ ခြံတစ်ခုမှာ
ကျားပေါက်ကို တွေ့ခဲ့ရပါသည်။ ကျနော် မွေးလျှင် တစ်လသား နှစ်လ
သား မှစ၍ မွေးလေ့ရှိပါသည်။ ငါးလ ခြောက်လ ခွေးမျိုး ကျနော်
မမွေးတော့ပါ။ အသက်ငယ်လျှင် သင် ပေးရလွယ်သလို သခင်ကိုလည်း
ပိုပြီး ချစ်လေ့ရှိပါသည်။ ဒါက ခွေးသဘာဝပါ။ လျှောက်ကြည့်ရင်း
စိတ်တိုင်းကျ မတွေ့ပါ။ ထိုင်နေသော နေရာရှေ့မှာ ကျားပေါက်
ရှိနေ သည်။ ကျနော်တို့ တိရစ္ဆာန် မွေးမြူသူများသည်
အတတ်နိုင်ဆုံး ကျန်းမာသန်စွမ်းသော ခွေးများကိုသာ
ရှာလေ့ရှိပါသည်။ ဂျိုကျိုးနားရွက်ပဲ့ စကားသည် မကျန်းမာသော
တိရစ္ဆာန်ကို ခေါ်လေ့ရှိပါသည်။ ထိုစဉ်က ကျားပေါက် နှစ်လသား
လောက်သာရှိပါမည်။ နားရွက်တစ်ဖက် ကျ နေသည်။ ကျန်းမာသော
ခွေးဆိုရင် နားရွက်စုံ ထောင်နေရမည်။ ဒီခွေးက မကျန်းမာလို့သာ
နားရွက်တစ်ဖက် ကျနေသည်။ ကျနော်တို့ စကားနဲ့ ပြောရလျှင်
ဂျိုကျိုးနားရွက်ပဲ့ ………….
ကျနော် ဒီလိုခွေးမျိုးကို မွေးမြူဘို့ စိတ်ကူးထဲပင်မထည့်၊
ခွေးတွေကို ကြည့်နေရင်း ကျားပေါက်ကို အကဲခတ် မိပါသည်။ ခြေဆစ်
လက်ဆစ် ကြီးသည်။ အကောင်ကြီးမျိုးထဲက ဖြစ်မည်။ တခုခု အစပ်ထဲက
ဖြစ်မည်။ ပုံစံကမဆိုးပါ။ ဆိုးတာက ဂျိုကျိုးနားရွက်ပဲ့ ဖြစ်နေ
တာ၊ လူတွေလည်း နားရွက်ကျနေတော့ ဘယ်သူမှ မ၀ယ်ချင်ကြပါ။ သူ့ခမျာ
ဟိုလူခေါ်နိုးနိုး၊ ဒီလူခေါ်နိုးနိုး …. ဟိုလူ့နောက် လိုက်ရမလား၊
ဒီလူ့နောက် လိုက်ရမလား ပြောရရင် သခင်ငတ် နေတဲ့ ပုံပေါက်နေသည်။
သူ့ခမျာ သူ့ကို ခေါ်မည့်သခင်ကို စောင့်နေရှာပါသည်။ သူ့ကို
ကြည့်ရင်း ကျနော် သနားစိတ်ဝင်လာ မိပါသည်။ သူ့နားကပ်ပြီး
အစာကျွေးကြည့်တော့ သူအရမ်းမြူး နေရှာပါသည်။ အစာကျွေးပြီး
ထိုင်ထလုပ်ခိုင်း ကြည့်ရာခဏ အတွင်းမှာ သင်လို့ ရသွားပါသည်။
သူ့ခမျာ သူ့ကိုသာ ခေါ်သွားပါ သခင်စိတ်တိုင်းကျ ဖြစ်စေရမည်လို့
ပြောလိုက် သလိုပါဘဲ …………
သခင်ငတ်နေသော ခွေးနဲ့ ခွေးငတ်နေသော သခင်တို့ အဆင်ပြေကြတော့မည်။
ကျနော် ၀ယ်တော့မယ်လို့ သူငယ်ချင်း အားလုံးနှင့် တိုင်ပင်တော့
သူတို့အားလုံး ၀ိုင်းတားကြပါသည်။ မကျန်းမာသော ခွေးကို
မ၀ယ်စေချင်။ ဒါပေမယ့် ကျားပေါက်ကို ကျနော် ခေါ်လာ ခဲ့ပါ သည်။
ခေါ်လာပြီး တစ်လလောက် အကြာမှာ သူငယ်ချင်းတွေ ပြောသလို
ခွေးဘိုးထက် ဆေးဘိုးက ပိုများသွားပါသည်။ အရင် ပိုင်ရှင် ဂရု
မစိုက်လို့လား၊ မကြည့်အားတာလား၊ သူ့မှာအအေးမိပြီး အဆုတ်ရောင်
နေရှာသည်။ ကျနော် တော်တော် ဂရုစိုက်လိုက်ရပါသည်။ ပိုက်ဆံ
တော်တော်ကုန်သွားတော့ ကျားပေါက်လည်း ပြန်လည် ကျန်းမာလာပါသည်။
ဆေးတွေ ဂရုတစိုက်ကျွေး၊ အစားအသောက် ကောင်း ကောင်း စားရတော့
ကျားပေါက်နာမည်နှင့် လိုက်အောင် ကျားလေး နီးနီးထွားကြိုင်း
လာပါသည်။ ကျနော် မပျင်းတော့ပါ။ ညနေ အိမ်ပြန် လျှင် ကျားပေါက်
ကျနော့်ကို ကြိုနေလေ့ရှိသည်။
ညတစ်နာရီထိုးနေပြီ ……. အိမ်တံခါး ဖွင့်သံကြားတော့ ခြံပေါက်ဝမှာ
စောင့်နေသော ကျားပေါက် နားစွင့်ပြီး လှမ်းကြည့်ပါသည်။
ကျနော့်ကို မြင်တော့ အမြီးးကုတ်ပြီး ခြံထောင့်မှာ သွားပြီး
ထိုင်နေရှာသည်။ ကျနော့် လက်ထဲက သူကြိုက်သော ခွေးပီကေကို
တွေ့သော် လည်း သူကျနော့် နားမကပ်ဝံ့ ဖြစ်နေပါသည်။
မနက်က သူ့ကိုရိုက်ထားသော အရှိန်နှင့် ကျနော့်ကို
ထိတ်လန့်နေရှာပါသည်။ ခါတိုင်း ဆိုရင် သူနှစ်သက်သော ခွေးပီကေက
မြင်ရင် ကျနော့်အနား အမြီးတရမ်းရမ်းနှင့် အတင်းအစာ
တောင်းလေ့ရှိပါသည်။ ကျနော် လှမ်းခေါ်သော်လည်း သူမလာပါ။
သူရှိရာသို့ ကျနော် သွားသောအခါ ထွက်မပြေးပါ။ ဒါပေမယ့်
ကျနော့်ကို သူမော့မကြည့်ဘဲ တခြားဘက်သို့ မျက်နှာလှည့်နေပါသည်။
ကျနော့်ကို ကြောက်နေတာလား …. ဒါမှမဟုတ် စိတ်ဆိုးနေတာလား …..
တစ်ခုခု ဖြစ်ပါလိမ့်မည်။ သူကိုယ်ပေါ်မှ အမွှေးများကို သပ်
ပေးရင်း သူ့နား … နားကပ်ပြီး ကျနော့် ရင်ထဲက စကားတွေကို
ပြောနေမိပါသည်။ ကျားပေါက်ရယ် …. မနက်က အဖြစ်ကို ငါ တောင်းပန်
ပါတယ် …… ဒါတွေ အားလုံးဟာ ငါ့အပြစ်တွေပါ …….. နောက်ထပ်
ဒါမျိုးမဖြစ်စေရပါဘူး …… ကျနော့် စကားကိုကြားပြီး သူ့မျက်နှာ
ကျနော်ဘက် လှည့်လာပါသည်။ သူ့ခေါင်းက အမွှေးတွေကို
ပွတ်သပ်ပေးရင်း သူ့မျက်နှာကို ကြည့်လိုက်မိပါသည်။ ကျနော်
အလွန် အံ့သြ သွားပါသည်။ ကျားပေါက် မျက်လုံး အိမ်ထဲမှာ
မျက်ရည်စတွေနဲ့ပါလား ………