အချိန် ရာသီစက်ဝန်းဟာ
ရပ်တန့်မနေပါ။သူ့ပုံမှန်အတိုင်း လည်ပတ်လျှက်ရှိသည်။၂၄ နာရီ
တစ်ရက်၊ရက်၃၀ တစ်လ၊ ၁၂ လ တစ်နှစ် ပုံမှန် အတိုင်း
သွားနေပါသည်။အချိန်တွေကုန်တာ မြန်လိုက်တာ၊ ကုန်ခဲလိုက်တာ
ဆိုတာတွေက လူတစ်ဦးချင်းရဲ့ စိတ်ခံစားချက်ကြောင့် ဖြစ်လာ ရတာပါ။
ကျနော့်လို နေအိမ်အကျယ်ချုပ်
ကျခံနေရသလို ခံစားနေရတဲ့သူအဖို့ အချိန်တွေ ကုန်ခဲလိုက်တာလို့
အမြဲထင် နေမိပါသည်။ အသည်းရောင်အသားဝါ စီပိုးဆေးထိုးနေရတဲ့
တစ်နှစ်ကို မြန်မြန်ကုန်ချင်နေပါသည်။ ဆေးထိုးပြီးရှစ်လ
ကျော်လောက်မှာ တတိယအကြိမ် သွေးစစ်ခဲ့ရပါတယ်။ သွေးအဖြေက
ပိုးကောင်ရေ 100 အောက်မှာဘဲရှိပါတော့တယ် ……… ။ ဒီသွေး
အဖြေတွေကလည်း ကျနော့်ကို ရင်ခုန်စေပါတယ်။
တစ်ချို့ပိုးကောင်ရေ
မလျော့သော ဝေဒနာသည်တွေလည်း ရှိတတ်ပါတယ်။ သွေးအဖြေကို
နောက်ဆုံးအကြိမ် အနေနှင့် တစ်နှစ် မပြည့်ခင်မှာ တစ်ကြိမ်
ထပ်စစ်ပါသည်။ ကုသမှုမခံယူမှီနှင့် ကုသနေစဉ်အတွင်း စီပိုးကောင်ရေ
စစ်ခြင်းလေးကြိမ် လုပ်ခဲ့ရပါသည်။
ဆေးထိုးပြီး နှစ်လအတွင်းမှာ
တစ်ကြိမ်
ဆေးထိုးပြီး ခြောက်လနှင့်ရှစ်လအတွင်းမှာ တစ်ကြိမ်
ဆေးထိုးပြီး တစ်နှစ်ပြည့်ခါနီးမှာ တစ်ကြိမ် ထပ်စစ်ရပါသည်။
ကျနော့်အဖြေက
ကုသမှုမခံယူရသေးခင် ပထမဆုံး ဆေးစစ်ချက်မှာ ပိုးကောင်ရေလေးသန်း၊
ကုသမှုခံယူနေစဉ် ဒုတိယအကြိမ် စစ်သော သွေးအဖြေမှာ 239
ကောင်၊တတိယသွေးအဖြေမှာ ကောင်ရေ 100အောက်၊ စတုတ္ထနောက်ဆုံး
သွေးအဖြေမှာလည်း ကောင်ရေ 100 အောက် …. အချို့
ဓါတ်ခွဲခန်းကြီးတွေမှာ ကောင်ရေ 100 နဲ့ 50 ကြား တိတိကျကျ
ရှာနိုင်ပါသည်။(ယခုအခါ ပိုးကောင်ရေ တစ်ဆယ့် ငါးကောင်အထိ
တိကျစွာ စစ်နေပါပြီ)ကျနော့် နောက်ဆုံး သွေးအဖြေမှာလည်း
ပိုးကောင်ရေ တစ်ရာအောက် ရောက်နေလို့ ဆေးထပ် ထိုးရန် မလိုတော့ပါ
။လူတိုင်း သွေးအဖြေမတူကြပါဘူး ….. ကျနော့် ဘေးကလူနာမှာ
နောက်ဆုံးသွေးစစ်တဲ့အထိ ပိုးကောင်ရေ တစ်သောင်းကျော်
ကျန်နေသေးသည်။သူ့ခမျာ နောက်ထပ် ခြောက်လဆေးထပ်ထိုးနေရသည်ဟု
စိတ်မကောင်းစွာဖြင့် ကြားမိပါသည်။ ရာသီစက်ဝန်းဟာ
ပုံမှန်အတိုင်း လည်ပတ်နေတဲ့အတွက် ၄၈လုံးမြောက် ဆေးထိုးဘို့
နောက်ဆုံးအကြိမ်ကိုလည်း အချိန်တန်တော့ ရောက်ခဲ့ပါသည်။
ဇန်န၀ါရီမှာ စထိုးတဲ့ဆေးဟာ
48 ပတ်ကြာ ဒီဇင်ဘာ ဒုတိယပတ်မှာ အဆုံးသတ် ခဲ့ရပါသည်။ I am free
man လို့ လွတ်လပ်စွာ မဟစ်ကြွေး နိုင်သေးပါဘူး။
အသည်းရောင်အသားဝါစီပိုးရဲ့ ကုထုံးဟာ မပြီးသေးပါဘူး။ Type One
ဖြစ်တဲ့ ကျနော်ဟာ ဆေးကုသမှု တစ်နှစ်ပြည့်တဲ့ အချိန်မှာ
သွေးအဖြေကို ကြည့်ပါတယ်။ ပိုးကောင်ရေ တစ်သောင်း အထက်မှာ
ရှိနေသေးရင် ကုသနေတဲ့ ဆရာရဲ့ ဆုံးဖြတ်ချက်အရ ဆေးကို 3 လ
သို့မဟုတ် 6 လ ဆက် ထိုးရပါမယ်။ ပိုးကောင်ရေ တစ်ရာအောက်
ရောက်ခဲ့ရင်တော့ ဆေးဆက် ထိုးစရာ မလိုတော့ပါ။ ဒါပေမယ့် နောက်ထပ်
ခြောက်လကြာရင် (ကုသမှုပြီးနောက် 6 လကြာ) ပိုးကောင်ရေ
ထပ်စစ်ရပါမယ်။ ဒီအဖြေဟာ အရမ်း အရေးကြီးပါတယ်။
အသည်းရောင်အသားဝါစီပိုးဟာ ပွားမြန်တယ်။ ကုသမှုဖြတ်ပြီး နောက်မှာ
သွေးထဲမှာ စီပိုးကောင်ရေ ကျန်နေခဲ့ရင် ဆတိုး ပွားလာပြီး
ခြောက်လဆိုတဲ့ အချိန်တွင်းမှာ ပိုးကောင်ရေ သန်းချီပြီး
ပြန်ပြန့် လာနိုင်ပါတယ်။
ဆေးထိုးဆေးသောက်ဖြတ်ပြီး ခြောက်လကြာစစ်တဲ့ သွေးအဖြေမှာ
ပိုးကောင်ရေ တစ်ရာအောက် သော်လည်းကောင်း၊ 50 အောက်မှာ သော်
လည်းကောင်း ပြခဲ့ရင် 99 % လောက်တော့ ပျောက်ပြီလို့
ယူဆနိုင်ပါသည်။ အလွန်ရှားပါးတဲ့ အဖြစ်တွေလည်း ရှိပါတယ်။
ဆေးထိုး ကုသမှု အပြီးမှာ ပိုးကောင်ရေ တစ်ရာအောက်မှာ
ရှိခဲ့ပေမယ့် ကုသမှုဖြတ်ပြီးနောက် ခြောက်လသွေးအဖြေမှာ
ပိုးကောင်ရေ တစ်သန်းကျော် ဖြစ်နေတဲ့ လူနာတွေလည်း
ကြားဖူးခဲ့ပါတယ်။ ဒါဆိုရင်တော့ အားပြန်မွေးပြီး
နောက်ထပ်တစ်နှစ် ဆေးထပ် ထိုးရအုံးမယ်။ ကျနော် နောက်ခြောက်လ
အဖြေကိုတော့ နောင်ခါလာနောင်ခါဈေးလို့ဘဲ သဘောထားလိုက်ပါသည်။
အခုလောလောဆယ် ဆေးထိုး ဆေးသောက် နေရတဲ့ ၀ဋ်ကျွတ်သွားပြီလို့
သဘောထားလိုက်ပါသည်။ ပါးစပ်ပျက်တာက ချက်ချင်း မကောင်းသေးပါဘူး
….. စားတာ သောက်တာနဲ့ ပတ်သက်ပြီး ဆက်လက် ဒုက္ခရောက်နေဆဲ ….. ။
စနေနေ့ရောက်တိုင်း
ဆေးခန်းသွား ဆေးထိုးရတာကိုတော့ လွမ်းသလိုလိုဖြစ်မိသား ……
ဘ၀တူတွေကိုလည်း ပြန်သတိရမိပါသည်။ ဆေးထိုး နေစဉ်ကာလ
သင်္ကြန်နောက်ပိုင်း ကျနော့်အမ ဆေးခန်းမှာဘဲ ဆေးထိုးဖြစ်ပါသည်။
ဘ၀တူ သူငယ်ချင်း တစ်ယောက်ဘဲ သူ့ဗိုက်သူ ပြန်လှန်သူ့ဟာ
သူဆေးထိုးနေပါတယ်။ တစ်ခုသော စနေနေ့ ညနေဘက် ဆေးထိုးဘို့
ကျနော့်အမ ဆေးခန်းကို ကျနော် ရောက်ခဲ့ပါတယ်။ ပြင်ပလူနာဌာန
ရှေ့ဖက်မှာ ဆေးထိုးတာပါ။ အဲဒီမှာ ကျနော့်တူမအရွယ်
ဆရာဝန်မတစ်ယောက် ထိုင်နေပါတယ်။ ဒီ ဆရာဝန်မလေးနှင့်
ပထမဆုံးအကြိမ် ဆုံတာပါ။ ခါတိုင်း တွေ့နေကျ ဆရာတွေနဲ့
ဂျူတီချိန်းထားတယ်လို့ ထင်ပါတယ်။
ကျနော်လည်း ဆေးစာအုပ်ထပ်ပြီး
ကျနော့်အလှည့်ကို စောင့်နေလိုက်ပါတယ်။ ကျနော့် အလှည့်ရောက်တော့
ကျနော် ၀င်သွားခဲ့ပါတယ်။ ဆရာဝန်မလေး ကျနော့်ဆေး စာအုပ်ကို
သေသေချာချာ လှန်လှောပြီး ဖတ်နေပါတယ်။ ကျနော့်ကိုလည်း
မြင်ရောချက်ချင်းဘဲ လက်အိတ် တွေ စွပ်၊ နှာခေါင်းအကာတွေ
တပ်လိုက်ပါတယ်။ ကျနော့်ရဲ့ စီပိုးအကြောင်းတွေ မေးပါတော့တယ်။
နောက်တော့ ထမီပြာဆရာမကို ဆေးထိုး ခိုင်းပါတယ်။
ခါတိုင်းဆရာဝန်တွေ ကိုယ်တိုင် ထိုးပေးနေကျပါ။ နောက်ထပ်
နှစ်ကြိမ်လောက် ဒီဆရာဝန်မလေးနဲ့ ထပ်ဆုံခဲ့ပါ သေးတယ်။
ကျနော့်ကို မြင်ရင် လက်အိတ်စွတ်၊ နှာခေါင်းအကာတွေ တပ်ပြီး
ဆရာမနဲ့ဘဲ ဆေးထိုးခိုင်းပါသည်။ သူ့စိတ်ထဲမှာ ကျနော့် ရောဂါကို
ဘယ်လိုထင်နေလဲ မပြောတတ်ပါ။ ဒါပေမယ့် စိုးရိမ်ထိတ်လန့်နေပုံ
ပေါ်နေပါသည်။ ကူးစက်နိုင်သော ရောဂါမို့လို့ စိုးရိမ်
ထိတ်လန့်နေတာကို ကျနော် အပြစ်မပြောပါ။ အသည်းရောင်အသားဝါ
စီပိုးဟာ ဘယ်ပုံစံ ကူးနိုင်တာကို ဆရာဝန်တွေ အသိဆုံးပါ။
ဆရာဝန်ဖြစ်ပြီး ဒီလောက် စိုးရိမ်ထိတ်လန့်စရာမလိုလို့ ကျနော်
ထင်မိပါသည်။ သူတို့လို ဆရာဝန်တွေ ကိုယ်တိုင်ကျနော်တို့ စီပိုး
ရောဂါသည်တွေကို ဒီလို သဘောထားနေရင် ကျနော့် ရုံးခန်းကို
မလာရဲတော့တဲ့ သူငယ်ချင်းတွေကို ကျနော် အပြစ်မမြင်တော့ပါဘူး။
၄၈ကြိမ်မြောက် ဆေးထိုးအပြီး သွေးအဖြေကလည်း ကောင်းနေသောကြောင့်
ကျနော် အများကြီး စိတ်သက်သာ ရခဲ့ပါသည်။ ဒါပေမယ့် ကျနော့်
အတွေးထဲမှာ လွတ်လွတ်လပ်လပ် မဟုတ်ဘဲ နှောင်ကြိုးတစ်ခု
တွယ်ထားသလိုမျိုး ခံစားနေရပါသည်။ ရာခိုင်နှုန်းပြည့်တော့
ကျနော် မပျော်နိုင်သေးပါ။ နောက်လာမယ့် ခြောက်လအဖြေကို
ကျနော့်စိတ်ထဲမှာ အမြဲရောက်နေပါသည်။ မမြင်ရသေးသော အဖြေ အတွက်
အမြဲ စိုးရိမ်နေမိပါသည်။ ကျွန်တော့် မိသားစုဝင် အားလုံးက
ကျနော့်အဖြေကို ကြည့်ပြီး အားလုံးဝမ်းသာနေကြပါသည်။
တစ်ရက် ရေမိုးချိုးပြီး
အ၀တ်အစားဝတ်ရန် ကျနော့် ဘီရိုကို ဖွင့်ကြည့်လိုက်တော့
ပြောင်တလင်းခါနေပြီး ဘာမှမရှိတော့ပါ။ ဘောင်းဘီ ဘီရိုလည်း
အလားတူ ဘာမှမရှိတော့ပါ။ အခန်းထောင့်မှာ ပီနံအိပ်ကြီးတွေနှင့်
ကျနော့် အ၀တ်အစားတွေကို ထည့်ထားပါသည်။ မြန်မာ အယူအဆအရ လူသစ်
စိတ်သစ်ဖြစ်စေရန် အ၀တ်အစားအားလုံးကို ရန်ကုန်မြစ်ထဲ
ပစ်မလို့တဲ့ ကျနော့်အမေနှင့် ကျနော့် အမျိုးသမီးတို့ စီစဉ်
နေကြတာပါ။ မြစ်ထဲကိုတော့ မပစ်လိုက်ပါနဲ့၊အင်္ကျီတွေကို ကျနော့်
အလုပ်သမားတွေကို ဝေပေးလိုက်ပါ။ ကျနော့် ဂျင်းဘောင်းဘီ
တွေကိုတော့ ပြန်ထားပေးပါ။ အမေ့ကို တောင်းတောင်းပန်ပန်နှင့်
ကျနော့် ဂျင်းဘောင်းဘီ အထည် သုံးဆယ်ကျော်ကို
ပြန်ယူထားလိုက်ပါသည်။ ကျနော်ဟာ ဒီနေ့ထိ ဂျင်းဘောင်းဘီကို
မြတ်မြတ်နိုးနိုး ၀တ်နေဆဲပါ။
ကျနော် ဂျင်းဘောင်းဘီနှင့်
ပတ်သတ်ပြီး ဘယ်လောက်ထိ ရူးသွပ်ခဲ့သလဲဆိုတာ ကျနော့် အမေ
အသိဆုံးပါ။ ကျနော် ဂျင်းဘောင်းဘီကို အသက် ဆယ့်နှစ်နှစ်မှာ
စ၀တ်ဖူးတာပါ။ သူငယ်ချင်းတွေနှင့် အတူတူ မဲဆောက်မှာ
လျှောက်လည်ကြရင်း မဲဆောက်ဈေးထဲက ဆိုင်တစ်ဆိုင်မှာ
ဂျင်းဘောင်းဘီ တစ်ယောက်တစ်ထည် စီဝယ်ခဲ့ကြပါသည်။ ပထဆုံးဝတ်တဲ့
ဂျင်းဘောင်းဘီ တံဆိပ်က Robinson ၊ ကျနော့် စိတ်ထဲမှာ
အမြဲအမှတ်ရနေသည်။ အသက် တစ်ဆယ့် နှစ်နှစ်သားမှ အခုအချိန် အသက်
ငါးဆယ်နီးသည်အထိ ဂျင်းဘောင်းဘီကို စွဲစွဲမြဲမြဲ
မြတ်မြတ်နိုးနိုး ၀တ်နေဆဲ။ ငယ်ငယ်က ကျနော့် အခန်းနံရံမှာ
ဂျင်းဘောင်းဘီ ကြော်ငြာပိုစတာတွေ အပြည့်ဘဲ။ စိတ်ထဲမှာ
ဂျင်းဘောင်းဘီ ၀တ်လိုက်ရမှ လွတ်လပ်သလို ခံစားခဲ့ရပါသည်။ ကျနော်
ရန်ကုန်မှာ ကျောင်းတက်ချိန်တွေမှာ PJ တို့ GQ တို့ Texwood
တို့ နာမည်ကြီးနေတယ် …… ဒီအချိန်က PJ ဂျင်းဘောင်းဘီ ဒီဇိုင်းက
ပိုအချိုးကျသောကြောင့် PJ ဂျင်းဘောင်းဘီကို ကျနော်
အနှစ်သက်ဆုံး ဖြစ်ခဲ့ပါတယ်။ အဲဒီတုံးက ကျနော့်ခါးဆိုက်က 28 ၊
PJ တံဆိပ်ထဲက ခါးဆိုဒ် 28 ဆိုရင် စမ်းဝတ်ကြည့်စရာတောင် မလိုပါ။
ငသေး မြ၀တီပြန်ရင် ကျနော့်အတွက် PJ ဂျင်းဘောင်းဘီဆိုဒ် 28
ယူခဲ့ပေးလေ့ ရှိပါသည်။ ကျောင်းပိတ် အိမ်ပြန်ရောက်ရင်လည်း
ကျနော်တို့ အတူတူ သွားဝယ်လေ့ ရှိကြပါသည်။ မန္တလေးဆောင်မှာ
ကျောင်းတက်နေစဉ် ကျနော်တို့ မြို့က သူငယ်ချင်းတွေ
လာလည်ကြပါသည်။ သူငယ်ချင်းတစ်ယောက် ၀တ်ထားတဲ့ PJ
ဂျင်းဘောင်းဘီအသစ် ဒီဇိုင်းကို ကျနော် အရမ်းကြိုက်ခဲ့ပါသည်။
အဲဒါနဲ့ ကျနော် အမေ့ဆီကို စာရေးလိုက်ပါသည်။ အမေ … ကျနော့်အတွက်
PJ ဂျင်းဘောင်းဘီဆိုဒ် 28 နောက်ဆုံးပေါ် ဒီဇိုင်းကို မဲဆောက်က
ကျဲကျဲဆိုင်မှာ ၀ယ်ခဲ့ပေးပါ။ အမေ မြ၀တီရောက်နေတာနဲ့ အတော်ဘဲ
အမေ သွားဝယ်ပေးပါတယ်၊ လူကြီးဆိုတော့ ဆိုင်ရှင် ကျဲကျဲပေးတဲ့
အထုပ် အတိုင်းယူခဲ့သည်။ အိမ်ရောက်တော့ ကျနော့် ညီမတွေ
ဖွင့်ကြည့်ပြီး တအံ့တသြ ပြောကြပါတော့တယ်။ အမေ့ကို ပေးလိုက်တဲ့
ဂျင်းဘောင်းဘီ မှားနေပြီ၊ ဘယ်အလုပ်သမား ဘောင်းဘီ
အဟောင်းအစုတ်ကြီးလဲ မသိဘူးး၊ ဒူးနေရာ၊ ဖင်နေရာတွေမှာ
ပေါက်ပြဲနေတဲ့ အဟောင်းအစုတ်ကြီး ….. နောက်နေ့ ကျနော့်
အမေစိတ်ဆိုးဆိုးနဲ့ ဈေးကြီးကြီး ပေးဝယ်ရတဲ့ ဘောင်းဘီကို
ဘောင်းဘီ အစုတ်ကြီးနဲ့ မှားပေးရ ကောင်းလားဆိုပြီး ဆိုင်ရှင်
ကျဲကျဲနဲ့ ရန်သွားဖြစ်ပါလေရော ……. ဆိုင်ရှင် ကျဲကျဲက
ဘောင်းဘီမမှားကြောင်း၊ ကျနော်မှာ လိုက်တဲ့ နောက်ဆုံး
ဒီဇိုင်းဆိုတာ ဒီဘောင်းဘီဖြစ်တဲ့ အကြောင်း အမေ့ကို
ရှင်းပြပါတယ်။ ကျနော့် ဂျင်းဘောင်းဘီအတွက်နဲ့ သူ
အရှက်ကွဲခဲ့ရတဲ့ အကြောင်းကို အမေအမြဲ ပြောလေ့ရှိပါတယ်။
နောက်ပြီး စုတ်ပြတ်နေတဲ့ ဂျင်းဘောင်းဘီကို ဈေးကြီးပေးဝယ်ရ
ကောင်းလားဆိုပြီး ကျနော့်ကို အမြဲဆူလေ့ရှိပါတယ် ….. အခုတော့
အမေ ကျနော့်ကို မဆူတော့ပါ။ ဘာလို့လည်း ဆိုတော့ ဒီနေ့ အမေ့
မြေးတွေ ၀တ်နေတဲ့ ဂျင်းဘောင်းဘီတွေက ကျနော် ၀တ်ခဲ့တဲ့
ဂျင်းဘောင်းဘီထက် ပိုစုတ်ပြတ်နေပြီး ဒီနေ့ ငွေတန်ဘိုးကို
ကြားမိပြီး အမေ မျက်လုံးပြူးသွားလို့ပါ။ ကျနော် ဆေးထိုးနေစဉ်
တစ်နှစ်အတွင်း ဆေးထိုးပြီးရင် ငါဘယ်နေရာကိုသွားပြီး တစ်လလောက်
သွားနေပြစ်လိုက်မယ်။ ဟိုနေရာမှာ ဆယ်ရက်လောက်
သွားနေလိုက်မယ်လို့ စိတ်ထဲမှာ အမြဲ ကြုံးဝါးထား လေ့ရှိပါသည်။
တစ်ကယ့် တစ်ကယ် ဆေးထိုးပြီးသွားတဲ့ အချိန် ရောက်လာတော့
ဘယ်မှသွားချင်စိတ် မရှိတော့ပြန်ပါဘူး ……. သင်္ကြန်လို ရက်ရှည်
ပိတ်ရက် မဟုတ်တော့ ခရီးသွားရတာ စိတ်မဖြောင့်တာရယ်၊ ခလေးတွေလည်း
သူတို့ကျူရှင်တွေ၊ သင်တန်းတွေနဲ့ မလိုက်ဖြစ်တာရယ်၊ မိသားစု
မစုံညီတာတွေကြောင့် ဘယ်မှ မသွားဖြစ်ခဲ့ပါဘူး …… ကျနော့်
ရင်ထဲမှာ မိသားစု စုံစုံညီညီနဲ့ဘဲ ခရီးသွားချင်ပါသည်။
ဒါကြောင့်မို့ ကျနော့်ကို သူငယ်ချင်းများက Family Man တဲ့ ……..
စိတ်ပြေလက်ပျောက် ခရီးထွက်ချင် ခဲ့ပေမယ့်လည်း အကြောင်း
မညီညွတ်လို့ မသွားဖြစ်တာရယ်၊ ကိုယ်ကိုယ်တိုင်လည်း
မသွားချင်တော့တာရယ်၊ ဒါကြောင့်မို့ ဘယ်မှမသွားဖြစ်သေးပါဘူး။
စိတ်ထဲမှာ
ခရီးထွက်ခြင်းအားဖြင့် စိတ်ထဲမှာ အေးချမ်းမှုရလိမ့်မယ်လို့
ထင်ထားပါတယ်။ ဆေးထိုးစဉ် ကာလက ကျနော့် စိတ်ထဲမှာ ထင်ထားတာတွေ
မှားနေပါပြီ …….. တစ်ကယ်တော့ ကိုယ့်နံဘေးမှာ ကိုယ့်မိသားစု
ရှိနေရင် ဘယ်မှသွားစရာမလိုပါ။ ကိုယ့်ရဲ့ အသိုက်အမြုံဟာ
ကိုယ့်အတွက် အအေးချမ်းဆုံး နေရာပါဘဲ ……….